အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အစိုးရ လက်ထက် ပထမဦးဆုံးအကြိမ်ပြုလုပ်ခဲ့သည့်
ကြားဖြတ်ရွေးကောက်ပွဲသည် အောင်မြင်စွာ ပြီးဆုံးသွားပြီဖြစ်ပြီး ပြည်ထောင်စုရွေးကောက်ပွဲ
ကော်မရှင်ကလည်း ရွေးကောက်ပွဲရလဒ်များကို ကြေညာခဲ့ပြီး ဖြစ်သည်။ လစ်လပ်မဲဆန္ဒနယ် ၁၉
နေရာအတွက် မြို့နယ် ၂၂ ခုတွင် ကြားဖြတ်ရွေးကောက်ပွဲကျင်းပခဲ့ရာ ရှမ်းပြည်နယ်တောင်ပိုင်းရှိ
ကျေးသီးနှင့် မိုင်းရှူးမြို့နယ် များတွင် ပြုလုပ်ခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲ၌ ထူးခြားသည့်
အကြောင်းအရာရှိခဲ့သည်။
အာဏာရပါတီ အရေးနိမ့်ခဲ့
၂ဝ၁ဝ ပြည့်နှစ် ရွေးကောက်ပွဲတွင် ရှမ်းပြည်နယ်လွှတ်တော်၌ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်
ဖွံ့ဖြိုးတိုးတက်ရေးပါတီက ကြီးစိုးခဲ့သည့်အပြင် ၂ဝ၁၅ ခုနှစ်ရွေးကောက်ပွဲတွင်လည်း
ပြည်ခိုင်ဖြိုးပါတီက လွှတ်တော်ဥက္ကဋ္ဌတာဝန် ရယူနိုင်သည်အထိ နေရာအများစု အနိုင်ရရှိခဲ့သည်။
လက်ရှိ အာဏာရပါတီမှာမူ ရှမ်းပြည်နယ်လွှတ်တော်၌ လွှတ်တော်ကိုယ်စားလှယ် တတိယ
အများဆုံးနေရာ၌သာ ရပ်တည်နိုင်ပြီးပြီးခဲ့သည့် စနေနေ့က ပြုလုပ်ခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲ
တွင်လည်း ရှမ်းပြည်နယ်၌ အာဏာရပါတီ၏ မဲရလဒ်အခြေအနေမှာ တိုးတက်လာခြင်း မရှိခဲ့ပေ။
ရှမ်းပြည်တောင်ပိုင်းရှိ ကျေးသီးနှင့် မိုင်း ရှူးမြို့နယ်တွင် အာဏာရပါတီ၏ အခြေအနေမှာ
ရှမ်းတိုင်းရင်းသားပါတီကြီးတစ်ခုဖြစ်သည့် ကျားခေါင်း (ခ) ရှမ်းတိုင်းရင်းသားများဒီမိုကရေစီ
အဖွဲ့ချုပ်ကို မကျော်နိုင်ရုံသာမက ပြည်ခိုင်ဖြိုးပါတီ၏ မဲရလဒ်အများစုကိုပင် လိုက်မမီခဲ့ပေ။
မိုင်းရှူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ မဲစာရင်းတွင် ကျားခေါင်းပါတီမှ
လွှတ်တော်ကိုယ်စားလှယ်လောင်းက မဲစုစုပေါင်း ၁ဝ,၂၁၆ မဲဖြင့် အနိုင်ရရှိခဲ့ပြီး ပြည်ခိုင်ဖြိုး
ပါတီက ၉,၈၂ဝ မဲဖြင့် ဒုတိယမဲအများဆုံး ရရှိခဲ့သည်။ အာဏာရ အင်န်အယ်လ်ဒီပါတီ၏
ကိုယ်စားလှယ်လောင်းကမူ မဲရလဒ် ၃,၁၉ဝ မဲဖြင့် တတိယအများဆုံးအဖြစ်သာ ကျေနပ်ခဲ့ရသည်။
ရှမ်းပြည်နယ်တွင် အာဏာရပါတီ၏ အခြေအနေသည် ပြည်ခိုင်ဖြိုးပါတီကို မယှဉ်ပြိုင်နိုင်သေးသည်
မှာလည်း ထူးခြားချက်တစ်ခု ဖြစ်နေသည်။
အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီသည် တိုင်းရင်းသားနယ်မြေရှိ ကြားဖြတ်ရွေးကောက်
ပွဲတွင် ရှုံးနိမ့်ခဲ့ရသည့် အဓိကအကြောင်းရင်းမှာ ဘာသာစကား အခက်အခဲဖြစ်သည်ဟု
ယင်းပါတီ၏ ကိုယ်စားလှယ်လောင်းများက အကြောင်းပြချက်ပေးသည်။ မိုင်းရှူးမြို့နယ်တွင်
အင်န်အယ်လ်ဒီမှ ဝင်ပြိုင်ခဲ့သူသုံးဦးတွင်နှစ်ဦးမှာ ရှမ်းဘာသာစကားကို ပြောဆိုနိုင်ခြင်း မရှိပေ။
အင်န်အယ်လ်ဒီ၏ မိုင်းရှူးမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ပြီး
ရှုံးနိမ့်ခဲ့သည့် ဝါရင့်နိုင်ငံရေးသမားဦးကျော်ခင်က ရွေးကောက်ပွဲစည်းရုံးရေးဆင်းရာတွင်
ဘာသာစကား အခက်အခဲ ကြောင့် ပါတီမှ ရှမ်းစကားကျွမ်းကျင်စွာပြောဆိုနိုင်သူတစ်ဦးကို
စကားပြန်အဖြစ်ခေါ်သွားရသည်ဟု ပြောသည်။
''ကျွန်တော်ကိုယ်တိုင်လည်း ရှမ်းစကားမပြောတတ်ဘူး။ အဲဒါကြောင့် ရွေးကောက်ပွဲအတွက်
စည်းရုံးရေးလုပ်တဲ့အခါမှာ လူထုဟောပြောပွဲမျိုးတောင် မလုပ်ခဲ့ဘူး။ ကျားခေါင်းပါတီက
ရှမ်းတိုင်းရင်းသားတွေ ဖြစ်တဲ့အတွက် အဲဒါက အားသာချက်ဖြစ်သွားတယ်''ဟု ၄င်းက
ပြောသည်။
ကျေးသီးနှင့် မိုင်းရှူးမြို့နယ်များသည် ခုနစ်နှစ်ကြာ ရွေးကောက်ပွဲနှင့် ဝေးကွာခဲ့သည့်
နယ်မြေများဖြစ်သည်။ လမ်းပန်းဆက်သွယ်ရေးအပါအဝင် အခြားသောကဏ္ဍများတွင် ဖွံ့ဖြိုး
တိုးတက်မှု အားနည်းလျက် ရှိသည်။ ဒေသခံများတွင် ဗမာစကား ပြောဆိုတတ်သူရှားပါးလှပြီး၊
အများစုက ရှမ်းဘာသာစကားတစ်ခုတည်းကိုသာ တတ်ကျွမ်းကြသူများဖြစ်နေသည်။
ရှမ်းပြည်နယ်အင်န်အယ်လ်ဒီ၏ ဗဟိုအလုပ်မှုဆောင်ကော်မတီဝင် တစ်ဦးလည်းဖြစ်သည့်
ဦးကျော်ခင်က အင်န်အယ်လ်ဒီပါတီသည် ကြားဖြတ်ရွေးကောက်ပွဲ၌ရှုံးနိမ့်ခဲ့သော်လည်း
အာဏာရပါတီ ဖြစ်နေသည့် အချက်သည် ကျားခေါင်းပါတီထက် အားသာစေသည့်
အချက်တစ်ခုဖြစ်စေသည့်အတွက်အနိုင်မရရှိခဲ့ခြင်းအပေါ် မည်သို့မျှ မခံစားရဟုဆိုသည်။
''လွှတ်တော်ကိုယ်စားလှယ် နေရာကို မရခဲ့ပေမဲ့ ဒေသဖွံ့ဖြိုးရေးလုပ်ဖို့က အစိုးရနဲ့
ညှိနှိုင်းပြီးသားပါ။ အင်န်အယ်လ်ဒီပါတီဟာ ၂ဝ၂ဝ ကျရင် ပြည်ခိုင်ဖြိုးထက်သာလွန်ပြီး
ဒုတိယနေရာကို ရောက်လာနိုင်မယ်လို့ ယုံကြည်ပါတယ်''ဟု ဦးကျော်ခင်က
ပြောသည်။
ယောက္ခမနှင့်သမက်ကြားက ရွေးကောက်ပွဲယှဉ်ပြိုင်မှု
ကြားဖြတ်ရွေးကောက်ပွဲတွင် မိုင်းရှူးမြို့နယ် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်အမှတ်(၁)၌
တစ်အိမ်တည်းတွင်အတူနေသည့် ယောက္ခမနှင့်သမက်တို့ ယှဉ်ပြိုင်မှုကို လူအများ
စိတ်ဝင်စားခဲ့သည်။ သို့သော် အင်န်အယ်လ်ဒီဘက်မှ ဦးကျော်ခင်နှင့် ကျားခေါင်းပါတီ
ဘက်မှ ဦးစိုင်းလင်းမြတ်တို့၏ ယှဉ်ပြိုင်မှုသည် ပြင်းပြင်းထန်ထန် မရှိခဲ့ပေ။
ယောက္ခမနှင့်သမက် ဖြစ်နေသော်လည်းပါတီနှစ်ခု ထိပ်တိုက်တွေ့ဆုံမည့် အခြေအနေ
မျိုးကို မည်သူကမှ မပြုလုပ်ခဲ့ကြသည့်အပြင်နှစ်ဦးကြားဆက်ဆံရေးသည်လည်း သားအဖ
သဖွယ်ဖြစ်သည်ဟု ကျားခေါင်း ပါတီမှ အနိုင်ရကိုယ်စားလှယ် ဦးစိုင်းလင်းမြတ်က
ဆိုသည်။
ဦးကျော်ခင်သည် ဦးစိုင်းလင်းမြတ်ထက် နိုင်ငံရေးဝါရင့်သူတစ်ဦးဖြစ်ပြီး ၁၉၉ဝ ပြည့်
ရွေးကောက်ပွဲအနိုင်ရ ကိုယ်စားလှယ်တစ်ဦးလည်းဖြစ်သည်။ ဦးစိုင်းလင်းမြတ်သည်
၂ဝ၁၂ ခုနှစ်မတိုင်မီက အင်န်အယ်လ်ဒီ ပါတီဝင်တစ်ဦးဖြစ်ခဲ့ပြီး ကျားခေါင်းပါတီမှတ်ပုံတင်ပြီး
နောက်တွင် အင်န်အယ်လ်ဒီမှနုတ်ထွက်ကာ ၂ဝ၁၅ အထွေထွေရွေးကောက်ပွဲတွင်
ကျားခေါင်းပါတီ၏ လွှတ်တော်ကိုယ်စားလှယ်အဖြစ် တောင်ကြီးမြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့
သူဖြစ်သည်။
ကြားဖြတ်ရွေးကောက်ပွဲ မဲစာရင်းအရ ဦးကျော်ခင်သည် မဲစုစုပေါင်း ၂,၈၁၇ သာ
ရရှိခဲ့ပြီး ဦးစိုင်းလင်းမြတ်သည် မဲစုစုပေါင်း ၄,၇၆၄မဲရရှိခဲ့ရာ မဲထက်ဝက်ကျော်ဖြင့်
ယောက္ခမဖြစ်သူကို သမက်က အနိုင်ရ ရှိခဲ့ခြင်းဖြစ်သည်။
''ကျွန်တော်လည်း ကျွန်တော်ယုံကြည်ရာကို လုပ်သလို သူလည်း သူယုံကြည်ရာကိုသူလုပ်တဲ့
အတွက် ကျွန်တော်တို့နှစ်ဦးကြားမှာ ဘာပြဿနာမှ မရှိခဲ့ပါဘူး''ဟု ဦးစိုင်းလင်းမြတ်က ပြောသည်။
ဦးစိုင်းလင်းမြတ်သည် နိုင်ငံရေးအတွေ့အကြံုအရ ၄င်းထက်နည်းပါးနေသော်လည်း ရှမ်း
တိုင်းရင်းသားဖြစ်သည့်အတွက်ကြားဖြတ်ရွေးကောက်ပွဲ၌ အနိုင်ရရခဲ့ခြင်းဖြစ်သည်ဟု
ယောက္ခမဖြစ်သူ ဦးကျော်ခင်က ဧပြီ ၂ ရက်တွင်မြန်မာတိုင်း(မ်)နှင့် တွေ့ဆုံစဉ် ပြောသည်။

တိုင်းရင်းသားလက်နက်ကိုင်နယ်မြေတွင် ကျင်းပခဲ့သည့် ရွေးကောက်ပွဲ
၂ဝ၁ဝ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကို ကျေးသီးနှင့် မိုင်းရှူးမြို့နယ်နှစ်ခုစလုံး၌
အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့သော်လည်း သမ္မတဦးသိန်းစိန်အစိုးရ တက်လာပြီးနောက်ပိုင်း
တပ်မတော်နှင့် ရှမ်းပြည် တိုးတက်ရေးပါတီ/ရှမ်းပြည် တပ်မတော်တောင်ပိုင်းအကြား
တိုက်ပွဲများဖြစ်ပွားခဲ့ခြင်းကြောင့် ၂ဝ၁၅ ခုနှစ် ရွေးကောက်ပွဲကျင်းပခါနီးတွင် ပြည်ထောင်စု
ရွေးကောက်ပွဲကော်မရှင်က လုံခြံုရေး အခြေအနေကြောင့် အဆိုပါမြို့နယ်များတွင်
ရွေးကောက်ပွဲ မပြုလုပ်တော့ကြောင်း ကြေညာခဲ့သည်။
၂ဝ၁၇ ခုနှစ်ကြားဖြတ်ရွေးကောက်ပွဲတွင်မူ မည်သည့်ပြဿနာတစ်စုံတစ်ရာမှ မဖြစ်ပွားခဲ့ဘဲ
ရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့သည်။ ကျေးသီးမြို့နယ်တွင် ရှမ်းပြည်
တိုးတက်ရေးပါတီ၏ ဌာနချုပ်လည်း အခြေစိုက်နေသည့်အပြင် ကျေးသီးနှင့်
မိုင်းရှူးမြို့နယ်အတွင်းရှိ ကျေးရွာအများစုသည် ၄င်းတို့၏ထိန်းချုပ်မှုအောက်တွင်
တည်ရှိနေသည့်အတွက်ရွေးကောက်ပွဲ မအောင်မမြင်ဖြစ်မည်ကို နိုင်ငံရေးပါတီများ
အပြင် ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူများက စိုးရိမ်ခဲ့ကြသည်။
ရှမ်းပြည်တိုးတက်ရေးပါတီကလည်း ရွေးကောက်ပွဲ စည်းရုံးရေးကာလမတိုင်မီ
ကြားဖြတ်ရွေးကောက်ပွဲနှင့်ပတ်သက်ပြီး ကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့ပြီး
ရွေးကောက်ပွဲစည်းရုံးရေးကာလတွင် တရားဝင် မှတ်ပုံတင်ထားသည့် နိုင်ငံရေးပါတီ
များကို လွတ်လပ်စွာစည်းရုံးခွင့်ပေးမည်ဟု ကြေညာချက်ထုတ်ပြန်၍ အသိပေးခဲ့သည်။
ရွေးကောက်ပွဲစည်းရုံးရေးကာလတွင်ပင် အာဏာရပါတီဘက်က ကိုယ်စားလှယ်
လောင်းများက မိုင်းရှူးမြို့နယ်ရှိ ကျေးရွာအုပ်စုသုံးခုတွင် လုံခြံုရေးအခြေအနေကြောင့်
ကြားဖြတ်ရွေးကောက်ပွဲကို မပြုလုပ်ရန် လွိုင်လင်ခရိုင်ရွေးကောက်ပွဲကော်မရှင်ကို
တင်ပြခဲ့ကြပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကရွေးကောက်ပွဲကို ဆက်လက်
ပေုလုပ်မည်ဖြစ်ပြီးယင်းကျေးရွာအုပ်စု သုံးခုမှ မဲရုံငါးရုံကို မိုင်းရှူးမြို့ပေါ်သို့ ရွှေ့ပြောင်း
ပေးမည်ဟု ကြေညာခဲ့သည်။
ကျားခေါင်းပါတီမှ မိုင်းရှူးမြို့နယ်မဲဆန္ဒနယ်အမှတ် ၂ ၏ အနိုင်ရပြည်နယ်လွှတ်တော်
ကိုယ်စားလှယ် ဒေါ်နန်းကောင်ခမ်းက ကြားဖြတ်ရွေးကောက်ပွဲကို အောင်မြင်စွာ
ကျင်းပပေးနိုင်ခဲ့ခြင်းမှာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ အရည်အသွေးကို
ပြသနေခြင်းဖြစ်ပြီး ပြဿနာတစ်ခုမျှ မဖြစ်ပွားခဲ့ခြင်းကြောင့် စိတ်ကျေနပ်စရာကောင်းသည့်
ကြားဖြတ်ရွေးကောက်ပွဲ ဖြစ်သည်ဟု ဆိုသည်။
''မိမိကိုယ်မိမိ ယုံကြည်မှုရှိရင် ရွေးကောက်ပွဲကို ရွှေ့ဆိုင်းပေးဖို့ဆိုတာမျိုးကို တင်နေစရာ
မလိုပါဘူး။ အန်တီတို့လည်း စည်းရုံးရေးမှာ ကန့်သတ်ခံရတာတွေ ရှိပါတယ်။
သူတို့ဘက်က မလာနဲ့၊ ဝင်ခွင့်မပေး ဘူးဆိုတာမျိုးဆိုရင် အန်တီတို့လည်း သွားမနေတော့
ပါဘူး''ဟု ၄င်းက ပြောသည်။
ရွေးကောက်ပွဲလူထုပညာပေးအားနည်းခဲ့သည့် မိုင်းရှူးမြို့နယ်
ကြားဖြတ်ရွေးကောက်ပွဲ၌ မဲပေးခဲ့ကြသော မိုင်းရှူးမြို့နယ်မှ ဆန္ဒမဲလက်မှတ်များတွင်ပယ်
မဲအရေအတွက် အလွန်ပင်များပြားခဲ့သည်ဟု ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်
တာဝန်ရှိသူများက ပြောသည်။
ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်အဖြစ်ရွေးချယ်ခံထားရသူ ကျားခေါင်းပါတီမှ
ဦးစိုင်းလင်းမြတ်က မိုင်းရှူးမြို့နယ်မှ ပြည်သူများသည် ရှမ်းတိုင်းရင်းသားအများစု ဖြစ်သည့်
အတွက် ဆန္ဒမဲပေးရာတွင် အခက်အခဲများဖြစ်ခဲ့ရပြီး အချို့မှာမူ မဲလက်မှတ်ကို တံဆိပ်တုံး
မနှိပ်ဘဲ စာရွက်အတိုင်းခေါက်ကာ ယင်းအတိုင်းပင် မဲပုံးအတွင်းသို့ ထည့်ခဲ့ကြသည်ဟု
ပြောသည်။
''တချို့ဆိုရင် တံဆိပ်ကိုဘယ်နား ထုရမယ်မသိကြဘူး။ မဲလက်မှတ်ကို ဒီအတိုင်းကြီးခေါက်ပြီး
ခုံတွေမှာပဲ ထုခဲ့ကြတာတွေများတယ်။ တိုင်းရင်းသားတွေဖြစ်တဲ့အတွက် နားလည်အောင်
တော်တော် ရှင်းပြခဲ့ကြရတယ်။ ဒါပေမဲ့ ပညာပေးအားနည်းလို့ အခုလိုပယ်မဲတွေများခဲ့တာ
ဖြစ်ပါတယ်''ဟု ၄င်းက ပြောသည်။
















