မြန်မာအလုပ်သမား ၆၅ ဦး လျော်ကြေး ကျပ်သိန်း ၁,၀၀၀ ကျော်ရရှိ

မြန်မာအလုပ်သမား ၆၅ ဦး လျော်ကြေး ကျပ်သိန်း ၁,၀၀၀ ကျော်ရရှိ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ စမွန်ပါရကန်စီရင်စုရှိ ပီစီဂျီတိရစ္ဆာန် အစားအစာ ထုတ်လုပ်သည့် စက်ရုံက
မြန်မာအလုပ်သမား ၆၅ ဦးမှာ မတရားအလုပ်ထုတ်ခံရမှုကြောင့် ဥပဒေအရ တောင်းဆိုခဲ့ရာ
နစ်နာမှုလျော်ကြေးအဖြစ် ထိုင်းဘတ် ၂,၇၅၁,၀၀၀ (မြန်မာငွေ ကျပ်သိန်း ၁,၀၀၀ ကျော်) ရရှိခဲ့သည်ဟု
အမှုကို ကူညီဆောင်ရွက်ပေးခဲ့သည့် ထိုင်းနိုင်ငံအခြေစိုက် အေအေစီအဖွဲ့က ကိုရဲမင်းက
ဧပြီ ၃ ရက်တွင် ပြောသည်။

"အမှန်တကယ် နစ်နာတဲ့အတွက် နစ်နာကြေးရကို ရရမှာဆိုပြီး ယုံကြည်ချက်နဲ့ လုပ်ခဲ့တဲ့သူ
၆၅ ဦးစလုံး လျော်ကြေးရခဲ့ပါတယ်" ဟု ကိုရဲမင်းက ပြောသည်။

အလုပ်သမား ၆၅ ဦးမှာ အကြောင်းမဲ့အလုပ် ထုတ်ခံခဲ့ရသဖြင့် အလုပ်ရှင်ကို တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး
လေးလကြာ အမှုရင်ဆိုင်ခဲ့ပြီးနောက် မတ် ၃၁ ရက်တွင် နစ်နာကြေး ရရှိခဲ့ခြင်း ဖြစ်သည်။

ကနဦးတွင် စက်ရုံက အလုပ်ထုတ်ခံရသူ မြန်မာအလုပ်သမားပေါင်း ၁၀၈ ဦးထိရှိခဲ့ပြီး၊ စက်ရုံပိုင်ရှင်ကို
တရားစွဲဆိုပြီး နောက်ပိုင်းတွင် အလုပ်သမား ၄၃ ဦးမှာ တရားစွဲဆိုသည့်အဖွဲ့က ခွဲထွက်သွားခဲ့ခြင်း
ဖြစ်သည်ဟု ၎င်းက ပြောသည်။

ထိုင်းနိုင်ငံ၏ တည်ဆဲဥပဒေများအရ မြန်မာအလုပ်သမားများကို ကြိုတင်အကြောင်း ကြားမှုမရှိဘဲ
အလုပ်ထုတ်ခြင်းအတွက် ဘတ်ငွေ ၃,၀၀၀၊ လုပ်သက်လေးလမှ တစ်နှစ်အတွင်း လျော်ကြေးငွေ
တစ်လစာ ဘတ် ၉,၀၀၀၊ တစ်နှစ်မှ သုံးနှစ်လုပ်သက်ရှိသူများကို လျော်ကြေးငွေ သုံးလစာ
ဘတ် ၂၇,၀၀၀ ပေးလျော်ရန် ဆာဝါဒီကန် ထိုင်းအလုပ်သမား ကာကွယ်စောင့်ရှောက်မှုဌာနက
အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်ဟု ကိုရဲမင်းက ပြောသည်။

လုပ်သက် သုံးနှစ်မှ ခြောက်နှစ်အတွင်းရှိသူများကို ခြောက်လစာ လျော်ကြေးငွေ ဘတ် ၅၄,၀၀၀၊
ခြောက်နှစ်မှကိုးနှစ်အတွင်း လုပ်သက်ရှိသူများကို ရှစ်လစာ ဘတ်ငွေ ရ၂,၀၀၀ နှင့် ကိုးနှစ်နှင့်အထက်
လုပ်သက်ရှိသူများကို လျော်ကြေး ဘတ် ၉၀,၀၀၀ နှုန်းဖြင့် လျော်ကြေးပေးအပ်ခဲ့ခြင်း ဖြစ်သည်။

"ထိုင်းမှာက အမှုတစ်ခုရင်ဆိုင်ရမယ် ဆိုရင် အလုပ်သမားက စိတ်ရှည်ရပါမယ်။ စောင့်နိုင်ရမယ်။
အလုပ်ရှင်ကို တကယ် ရင်ဆိုင်လိုစိတ် ရှိရမယ်။ နောက် ကိုယ်အကူ အညီတောင်းတဲ့ အဖွဲ့အစည်းကို
ယုံကြည်မှု တည်ဆောက်ထားရမယ်။ အဲဒီလိုမှမဟုတ်ဘဲ ရပါ့မလား၊ ကြာပြီးအလကားပဲဖြစ်မှာပါတို့၊
အလုပ်ရှင်က ရန်ရှာမှာပဲဆိုပြီး စိုးရိမ်တဲ့ စိတ်တွေနဲ့ဆိုရင်တော့ မရနိုင်တော့ဘူး" ဟု ကိုရဲမင်းက
ပြောသည်။

လက်ရှိ အလုပ်ထုတ်နစ်နာကြေး ရရှိခဲ့သည့် မြန်မာအလုပ်သမား ၆၅ ဦးတွင် နှစ်နိုင်ငံနားလည်မှု
စာချုပ်စနစ်ဖြင့် လုပ်ကိုင်နေသည့် အလုပ်သမား ရှစ်ဦးပါ၀င်ပြီး ကျန် အလုပ်သမားများမှာ
ယာယီနိုင်ငံကူး လက်မှတ်ဖြင့် တရားဝင် အလုပ်လုပ်ကိုင်နေကြသူများဖြစ်သည်။

ပီစီဂျီ တိရစ္ဆာန်အစာ ထုတ်လုပ်သည့် စက်ရုံတွင် ကမ္ဘောဒီယားနိုင်ငံက အလုပ်သမား ၂၀၀ ကို
ခေါ်ယူပြီးနောက် အများဆုံး ၁၂ နှစ် ထိလုပ်သက်ရှိသည့် မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၀၈ ဦးကို
၂၀၁၆ ခုနှစ်၊ နို၀င်ဘာနောက်ဆုံးအပတ်တွင် အလုပ်က ထုတ်ပယ်ပစ်ခဲ့ခြင်း ဖြစ်သည်။

"စက်ရုံက မင်းတို့ဒီလကုန်ရင် ဒီမှာ အလုပ် လုပ်စရာ မလိုတော့ဘူး၊ အလုပ်မပေးတော့ဘူး။
ရှေ့လကျရင် အလုပ်လာစရာ မလိုတော့ဘူး ဆိုပြီး ပြောခဲ့တယ်။ နောက် မင်းတို့ မကျေနပ်ရင်
ကြိုက်တဲ့ဌာနကို သွားတိုင်ဆိုပြီး ပြောခဲ့တာ" ဟု စက်ရုံတွင် နှစ်နှစ်ကြာလုပ်ကိုင်ခဲ့သည့်
ကိုစိုးလှိုင်မင်းက ပြောသည်။

ထိုင်းနိုင်ငံအခြေစိုက် မြန်မာသံရုံးက အလုပ်ထုတ်ခဲ့သည့် ထိုင်းနိုင်ငံ ပီစီဂျီအုပ်စု တိရစ္ဆာန်အစာ
ထုတ်လုပ်ရေး စက်ရုံပိုင်ရှင်ကို အလုပ်သမားများဘက်က တရားစွဲရန် ကူညီလုပ်ဆောင်ပေးခဲ့ခြင်း
ဖြစ်ပြီး အေအေစီ အဖွဲ့ကလည်း တရားစွဲဆိုမှု လုပ်ငန်းစဉ် များတွင် ကူညီဆောင်ရွက်ပေးခဲ့ခြင်း
ဖြစ်သည်။

မြန်မာအလုပ်သမားများ နစ်နာမှု လျော်ကြေးရရှိခဲ့မှုနှင့် ပတ်သက်ပြီး သိရှိနိုင်ရန် မြန်မာသံရုံး
တာဝန်ရှိသူများကို ဧပြီ ၃ ရက်တွင် ဆက်သွယ်ခဲ့သော်လည်း ပြန်လည်ဖြေကြားမှု မရှိခဲ့ပေ။

အလုပ်သမား အခွင့်အရေးများကို တောင်းဆိုတိုင်တန်းခဲ့သည့် ကြက်မွေးမြူရေးခြံတွင်
လုပ်ကိုင်နေသည့် မြန်မာရွှေ့ပြောင်း အလုပ်သမား ၁၄ ဦးသည်လည်း အလုပ်သမားအခွင့်အရေးများကို
တောင်းဆို တိုင်တန်းခဲ့သည့်အတွက် ကြက်ခြံလုပ်ငန်းရှင် ကို လျော်ကြေးဘတ်ငွေ ၁ ဒဿမ ရ သန်း
ပေးဆောင်ရန် ထိုင်းတရားရုံးက အမိန့်ချမှတ်ခဲ့သည်ဟု ထိုင်းနိုင်ငံအခြေစိုက် ရွှေ့ပြောင်းအလုပ်သမား
အခွင့်အရေးဆိုင်ရာကွန်ရက် (အမ်ဒဗ္ဗလျူအာရ်အမ်)အဖွဲ့က သတင်းထုတ်ပြန်ထားသည်။

အဆိုပါ မြန်မာအလုပ်သမား ၁၄ ဦးကြောင့် ထိုင်းနိုင်ငံအတွင်းရှိ ကြက်မွေးမြူရေးခြံပိုင်ရှင်များကို
စစ်ဆေးပြီး ဥပဒေချိုးဖောက်သည့် လုပ်ငန်းရှင်များကို အရေးယူမှုများ ပြုလုပ်ခဲ့သဖြင့် ကြက်သားနှင့်
ပတ်သက်သည့် လုပ်ငန်းများရှိ သိန်းချီသော အလုပ်သမားများမှာ အလုပ်သမားအခွင့်အရေးများ
တိုးတက်ရရှိခဲ့ကြသည်ဟုလည်း ယင်းထုတ်ပြန်ချက်က ဆိုသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး