ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချနေသည့် အစားအသောက်ထုတ်ကုန်များတွင် အမှတ်တံဆိပ်
သတ်မှတ်ချက် ပြည့်စုံစွာဖော်ပြရန် ပျက်ကွက်သည့် လုပ်ငန်းရှင်များကို မတ်လ ကုန်မှစတင်၍
အရေးယူသွားမည်ဟု အစားအသောက်နှင့် ဆေးဝါးကွယ်ကဲရေးဦးစီးဌာန (အက်ဖ်ဒီအေ)က
ဖေဖော်ဝါရီလဆန်းပိုင်းတွင် ထုတ်ပြန်ကြေညာခဲ့သော်လည်း ဧပြီ ၁ ရက်တွင် လုပ်ငန်းရှင်များနှင့်
တွေ့ဆုံပြီးနောက် အမှတ်တံဆိပ် သတ်မှတ်ချက် အပြည့်အစုံ ထည့်သွင်းနိုင်ရေး အချိန်သုံးလ
ထပ်မံစောင့်ဆိုင်းသွားမည်ဖြစ်သည်။
"ပြည်တွင်းက လုပ်ငန်းရှင်တွေအနေနဲ့ ဘာတွေအခက်အခဲရှိလဲဆိုတာ ဆွေးနွေးတယ်။ သူတို့
အခက်အခဲတွေကို သိရတဲ့အတွက် အများသဘောတူ နောက်ထပ် သုံးလ ထပ်စောင့်ပေးမယ်။
သုံးလပြည့်ရင်တော့ တိတိကျကျ လိုက်နာရမယ်။ အများစုက လိုက်လုပ်ချင်ကြပါတယ်။ သူတို့အတွက်
အချိန်ကာလတစ်ခု လိုနေတာပါ"ဟု အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန
ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သန်းထွဋ် က လုပ်ငန်းရှင်များနှင့်တွေ့ဆုံပွဲအပြီးတွင် ပြောကြားသည်။
လုပ်ငန်းရှင်များသည် အစားအသောက် ထုတ်ကုန်များ ထုပ်ပိုးရောင်းချရာတွင် အက်ဖ်ဒီအေ၏
ထောက်ခံချက်လျှောက်ထားရန် လိုအပ်ပြီး ထုတ်ကုန်များတွင် လုပ်ငန်းတည်နေရာ၊ ဆက်သွယ်ရန်
ဖုန်းနံပါတ်၊ ထုတ်လုပ်သည့်ရက်စွဲ၊ သက်တမ်း ကုန်ဆုံးသည့် ရက်စွဲ၊ အပတ်စဉ်အမှတ်၊ အက်ဖ်ဒီအေ၏
အစားအသောက်ထုတ်လုပ်ခြင်း ထောက်ခံချက် အမှတ်၊ လိုင်စင်အမှတ်များ ထည့်သွင်း ဖော်ပြရမည်
ဖြစ်သည်။
သတ်မှတ်ချက်နှင့် မကိုက်ညီသည့် ထုတ်ကုန်များကို စစ်ဆေးတွေ့ရှိပါက အမျိုးသားအစားအသောက်
ဥပဒေ၊ စားသုံးသူကာကွယ်ရေးဥပဒေ၊ ပြည်သူ့ကျန်းမာရေးဥပဒေများအရ အရေးယူနိုင်သည်ဟု
ဆိုသည်။
အက်ဖ်ဒီအေသည် ဈေးကွက်အတွင်း ရောင်းချနေသည့် အစားသောက်များ ဘေးအန္တရာယ်
ကင်းရှင်းရေးအတွက် ဈေးကွက်အတွင်း စစ်ဆေးခြင်းလုပ်ငန်းကို ပိုမိုတိုးမြှင့်လုပ်ဆောင်သွားမည်
ဖြစ်ကြောင်း ဒေါက်တာသန်းထွဋ်က ပြောသည်။
"ထောက်ခံချက် ကင်းလွတ်ခွင့်ပေးထားတဲ့ အန္တရာယ်ဖြစ်နိုင်ခြေနည်းတဲ့ အစားအသောက်
ထုတ်ကုန်တွေကိုလည်း ဈေးကွက်တင်အပြီး စစ်ဆေးခြင်း (Postmarket Surveillance) နဲ့
ပြန်ထိန်းသွားမယ်။ ဈေးကွက် အတွင်းစစ်ဆေးတာတွေကိုလည်း တိုးလုပ်နေပါတယ်"ဟု
၎င်းက ပြောသည်။
အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနသည် အစားအသောက်၊ ဆေးနှင့် ဆေးပစ္စည်း၊
အလှကုန်ပစ္စည်းများကို ဈေးကွက်မတင်မီနှင့် ဈေးကွက်တင်အပြီး စစ်ဆေးမှုများကို ဆောင်ရွက်နေပြီး
ဈေးကွက်အတွင်း အစီအစဉ်ရေးဆွဲ စစ်ဆေးခြင်း၊ ရရှိသည့် သတင်းအပေါ် မူတည်၍ ရှောင်တခင်
စစ်ဆေးခြင်းနှင့် မိုဘိုင်း လှည့်လည်စစ်ဆေးခြင်းများကို ဆောင်ရွက်နေသည်ဟု
ဒေါက်တာသန်းထွဋ်က ပြောသည်။
လုပ်ငန်းရှင်များသည် အက်ဖ်ဒီအေသို့ ထောက်ခံချက်လျှောက်ထားရာတွင် စက်ရုံအတွက်
ထောက်ခံချက်နှင့် အမည်(အမှတ်တံဆိပ်)အတွက် ထောက်ခံချက်လျှောက်ထား ရမည်ဖြစ်ပြီး
သတ်မှတ်ချက်နှင့် မပြည့်စုံသည့် လျှောက်ထားမှုများကြောင့် ပြန်လည်ပြင်ဆင်ရသည်များရှိကြောင်း
အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန(ရန်ကုန်)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
"တင်ပြလာတာတွေက သတ်မှတ်ချက်အတိုင်း မပြည့်စုံတဲ့အတွက် ပြန်ပြင်နေရတာမျိုးတွေရှိတယ်"ဟု
အဆိုပါ တာဝန်ရှိသူက ပြောသည်။
နေပြည်တော်နှင့် ရန်ကုန်တွင် မတ် ၃၁ ရက်က ဆောင်ရွက်ခဲ့သည့် ဈေးကွက်နမူနာ ကောက်ယူ
စစ်ဆေးမှုအရ အချို့သော အသင့်စား စားသောက်ကုန်များတွင် အမှတ်တံဆိပ် သတ်မှတ်ချက်များနှင့်
အညီ ဖော်ပြလာသော်လည်း မဖော်ပြသည့် အမှတ်တံဆိပ်များ ကျန်ရှိနေသေးကြောင်း
အက်ဖ်ဒီအေက သတင်းထုတ်ပြန်ထားသည်။
"ဈေးကွက်မှာ စစ်ကြည့်တဲ့အခါ အရင်က ထက်စာရင် တိုးတက်လာတယ်။ ဒါပေမဲ့
လိုနေသေးတယ်"ဟု ဒေါက်တာသန်းထွဋ်က ပြောသည်။
"သုံးလ အချိန်ပေးတာကတော့ မဆိုးဘူးလို့ ပြောရမှာပဲ။ ထောက်ခံချက်လျှောက်ထားဆဲဆိုရင်လည်း
စတစ်ကာကပ်တဲ့ ပုံစံမျိုးလုပ်ပေးမယ်လို့ ပြောထားတော့ မပြီးပြတ်သေးတဲ့ သူတွေကတော့
ယာယီအနေနဲ့ လုပ်ထားရမှာပေါ့။ သတ်မှတ်တဲ့အချိန်မှာ ဖြစ်အောင်လုပ်ဖို့တော့ လိုပါတယ်။
အစကတည်းက Labeling Law က ရှိပြီးသားပါ"ဟု ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည့်
ဆီစက်လုပ်ငန်းရှင် တစ်ဦးက ပြောသည်။















