မဲပေးသူ ၁,ဝဝဝ နီးပါးရှိသည့် သမင်ခြံတွင် ပြည်ခိုင်ဖြိုးပါတီက သုံးကြိမ်စလုံး
အနိုင်ရခဲ့
''သူတို့က ကမ္ဘာကျော်တွေလေ၊ နာမည်ကြီး။ ဒါကို ကောင်းတယ် ထင်နေတာ။ ဘယ်တော့မှ
ပြောင်းလဲချင်မလဲ မသိဘူး'' ဟု အမျိုးသမီးတစ်ဦးက စိတ်ပျက်ပျက်နဲ့ ညည်တွားလိုက်ခြင်း
ဖြစ်သည်။ ထိုအမျိုးသမီးမှာ မဲရုံပိတ်ပြီး မိနစ်ပိုင်းအလိုတွင် ရောက်လာသည့် မိန်းကလေးငယ်
တစ်ဦးကို မဲပေးနိုင်ရေး ကူညီကြိုးစားပေးခဲ့သူဖြစ်သည်။
ရန်ကုန်မြို့ရှိ စတိုးဆိုင်တစ်ခုတွင် အလုပ်ဝင်နေသူ မိန်းကလေးတစ်ဦး အလုပ်ရှင်ထံခွင့်
တောင်းကာ မဲပေးရန် အပြေးအလွှားလာခဲ့သော်လည်း ၄ နာရီထိုးပြီးချိန်ဖြစ်သဖြင့်
မဲရုံပိတ်နေပြီဖြစ်သည်။ အဖော်ပါလာသည့် အမျိုးသမီး၏ မေတ္တာရပ်ခံမှုဖြင့် မဲရုံမှူးက
မြို့နယ်ကော်မရှင်ရုံးနှင့် ဖုန်းအပြန်အလှန်ဆက်ပြီးနောက် ခွင့်ပြုခဲ့သဖြင့် ထိုမိန်ကလေးမှာ
နောက်ဆုံးမဲပေးခွင့်ရသူ ဖြစ်သွားသည်။
ထိုအဖော်အမျိုးသမီးကတော့ မဲရလဒ်ကို စိတ်ပျက်စွာ ညည်းညူလိုက်သည့် အမျိုးသား
ဒီမိုကရေစီအဖွဲ့ချုပ်(အင်န်အယ်လ်ဒီ) ပါတီဝင် မသန်းသန်းနွယ် ဖြစ်သည်။ နှစ်ကြိမ်တိုင်တိုင်
ရှုံးနိမ့်ခဲ့သည့် သူနေထိုင်ရာ သမင်ခြံကျေးရွာတွင် အင်န်အယ်လ်ဒီအောင်နိုင်ရေးအတွက်
ပါတီဝင်အားလုံး မဲပေးနိုင်ရန် တတ်စွမ်းသရွေ့ ကြိုးပမ်းခဲ့သော်လည်း နောက်ဆုံးရလဒ်မှာ
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကပင် အနိုင်ရသွားခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ်သည် အင်န်အယ်လ်ဒီပါတီခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည် ကိုယ်စားပြုသည့်မဲဆန္ဒနယ်ဖြစ်သည့်အတွက် လူသိများသည့်
မြို့နယ်ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်သည် ၂ဝ၁၂ ကြားဖြတ်ရွေးကောက်ပွဲနှင့်
၂ဝ၁၅ အထွေထွေရွေးကောက်ပွဲများတွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ်
ကော့မှူးမြို့နယ်တွင် နှစ်ကြိမ်တိုင် အောင်ပွဲခံနိုင်ခဲ့သည်။ လွန်ခဲ့သည့် စနေနေ့က ကျင်းပသည့်
ကြားဖြတ်ရွေးကောက်ပွဲတွင် လစ်လပ်နေသည့် ကော့မှူးမဲဆန္ဒနယ်အတွက် အင်န်အယ်လ်ဒီ
ပါတီ ကိုယ်စားပြု ဝင်ပြိုင်သည့်ဦးကျော်ဆွေဝင်းကပင် ထပ်မံအနိုင်ရရှိခဲ့သည်။
မြို့နယ်တစ်ခုလုံး၏ မဲရလဒ်များအရ ကော့မှူးသည် အင်န်အယ်လ်ဒီအတွက် လူထုအားပေး
ထောက်ခံမှု အခိုင်အမာရရှိထားသည့် မဲဆန္ဒနယ်တစ်ခုဖြစ်သည်မှာ အငြင်းပွားစရာ မလိုပေ။
မြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၁၂၉ ရွာအနက် စနေနေ့ရွေးကောက်ပွဲတွင် အင်န်အယ်လ်ဒီ
ရှုံးနိမ့်ခဲ့သည့် ကျေးရွာက 'သမင်ခြံ' နှင့် 'ခရိုက္ခနိ' ကျေးရွာနှစ်ရွာသာ ဖြစ်သည်။
ယင်းကျေးရွာ နှစ်ခုတွင် 'သမင်ခြံ'ကျေးရွာသည် ရွေးကောက်ပွဲကျင်းပတိုင်း အင်န်အယ်လ်ဒီကို
မဲထည့်ရန် မျက်ကွယ်ပြုခဲ့သည့် ကော့မှူး၏ တစ်ခုတည်းသော ကျေးရွာဖြစ်သည်။ ပါတီ
ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဝင်ပြိုင်ခဲ့သည့် ရွေးကောက်ပွဲ နှစ်ခုတင်သာမက
၂ဝ၁၇ ကြားဖြတ်ရွေးကောက်ပွဲတွင်လည်း အင်န်အယ်လ်ဒီ ထပ်မံရှုံးနိမ့်ခဲ့ရပြန်သည်။
မည်သည့် အကြောင်းရင်းများကြောင့်သမင်ခြံကျေးရွာသားများက အင်န်အယ်လ်ဒီကို မဲပေးဖို့
သုံးကြိမ်တိုင် ငြင်းဆန်ခဲ့ပါသလဲ။ သေချာသည့် အချက်က အင်န်အယ်လ်ဒီပါတီဝင်များနှင့်
ဒေသခံရွာသားများ အကြားတွင် ပုဂ္ဂိုလ်ရေးအရ တစ်ဖက်နှင့်တစ်ဖက် အမြင်မကြည်လင်မှုများ
ရှိနေခြင်းပင် ဖြစ်သည်။ ဒေသခံများ၏ ပြောကြားချက်အရ ပါတီနှင့် ဒေါ်အောင်ဆန်းစုကြည်ကို
ကြိုက်ခြင်း၊ မကြိုက်ခြင်းထက် ပါတီဝင်များ၏ လုပ်ဆောင်ချက်ကို မကြိုက်သည့်အတွက်ဟု
ဆိုသည်။
''သူတို့က တစ်မျိုးဗျ။ ဆက်ဆံပုံကလည်း သူတို့ပါတီကြီးဆိုပြီး သူတို့မှ ကောင်းတယ်ဆိုတာမျိုး။
ပြီးတော့ ကိုယ့်ရွာသား အချင်းချင်း စည်းလုံးအောင် ကြိုးစားရမယ့်အစား ဘေးရွာတွေကိုပဲ
စည်းရုံးရေး ဆင်းနေတာ။ ဥပမာ-ရွာထဲ ပါတီက တစ်ခုခု ဦးဆောင်လုပ်တော့မယ်ဆိုရင်တောင်
ကျွန်တော်တို့ကို တိုင်ပင်ဖော်တောင် ရတာမဟုတ်ဘူး''ဟုပြောဆိုလိုက်သူတော့ သမင်ခြံရွာသား
ဦးဆန်းညွန့် ဖြစ်သည်။
ဦးဆန်းညွန့်သည် ကြားဖြတ်ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးကိုသာ မဲထည့်ခဲ့သူ ဖြစ်သည်။
နှစ်ဖက်ဒေသခံများ၏ ပြောကြားချက်အရ သမင်ခြံကျေးရွာနှင့် ပတ်သက်၍ သတိထားစရာ
အချက်မှာ အင်န်အယ်လ်ဒီအပေါ် ထောက်ခံမဲပေးမှုက တစ်နှစ်ထက်တစ်နှစ် တိုးတက်မလာဘဲ
သိသာစွာ ကျဆင်းလာခြင်းဖြစ်သည်။
မဲပေးပိုင်ခွင့်ရှိသူ ၁,ဝဝဝ နီးပါးရှိသည့် သမင်ခြံတွင် ၂ဝ၁၂ ကြားဖြတ်ရွေးကောက်ပွဲ၌
ပြည်ခိုင်ဖြိုးက ၁၂ မဲအသာဖြင့် အင်န်အယ်လ်ဒီကို အနိုင်ရရှိခဲ့ပြီး ၂ဝ၁၅ တွင် မဲ ၂ဝဝ
နီးပါးဖြင့် ထပ်မံအနိုင်ရခဲ့သည်။ ၂ဝ၁၇ ကြားဖြတ်ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးက
ဦးကျော်ဇင်ဟိန်းက ၅၅၃ မဲ၊ အင်န်အယ်လ်ဒီက ဦးကျော်ဆွေဝင်း(ခ)အာလူးက ၃၂၇မဲ
ရရှိခဲ့ရာ ၂၂၆ မဲ အသာဖြင့် ပြည်ခိုင်ဖြိုးကပင် သုံးကြိမ်မြောက် အနိုင်ရခဲ့ခြင်းဖြစ်သည်။
အင်န်အယ်လ်ဒီအပေါ် ထောက်ခံမှုလျော့နည်းလာသည့် သမင်ခြံနှင့် ပတ်သက်၍ အရပ်ခပ်
မြင့်မြင့်နှင့် အညိုရောင် အသားအရေကို ပိုင်ဆိုင်ထားသည့် ဦးအေးမြင့်ကတော့ အင်န်အယ်လ်ဒီ
ပါတီဝင်တွေက ပြည်ခိုင်ဖြိုးကို မဲပေးသည့် ရွာသားများ၏ ဆန္ဒကို လျစ်လျူရှုသည့်အတွက်ကြောင့်ဟု
ဆိုသည်။
''ဒီတစ်ခေါက် သူတို့ကို မဲမပေးရင် နောက်တစ်ခါ မဲပေးအောင် ရွာသားတွေကို စည်းရုံးရမည့်အစား
ပြည်ခိုင်ဖြိုးကိုပေးလို့ဆိုပြီး ရန်သူလို ဆက်ဆံခံရတော့ ခက်တယ်လေ။ ဒါကြောင့် မဲပေးတဲ့သူက
နည်းလာတာ။ ဒါတောင် မြို့ပေါ်မှာ အလုပ်လုပ်နေလို့ လာမပေးနိုင်တဲ့သူ များတယ်။ ပေးလည်း
ပြည်ခိုင်ဖြိုးပဲ ပေးကြမှာ။ ဒါပေမဲ့ အင်န်အယ်လ်ဒီကို မထည့်တာ ပါတီနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို
မကြိုက်တာ မဟုတ်ဘူး။ အဲဒီ ရပ်ကျေးပါတီဝင်တွေကို မကြိုက်တာ။ သူတို့ မရှိရင်တော့
မပြောတတ်ဘူး'' ဟု ဦးအေးမြင့်က ပြောသည်။
အင်န်အယ်လ်ဒီ ပါတီဝင်များကမူ ကြံ့ခိုင်ရေး ပါတီက ငွေကြေး၊ ပစ္စည်းများထောက်ပံ့မှုဖြင့်
သမင်ခြံရွာသားများ၏ ထောက်ခံမှုကို ရရှိထားသည်ဟု ဆိုသည်။ သမင်ခြံရွာတွင် ရှိသမျှ
ပါတီဝင်အင်အား ၃ဝဝ ကျော်ဖြင့် အတတ်နိုင်ဆုံး မဲဆွယ်စည်းရုံးခဲ့သော်လည်း ပါတီ၏
ငွေကြေးအင်အား မတောင့်တင်းမှု၊ ပါတီဝင်အင်အား နည်းပါးမှုက ပြည်ခိုင်ဖြိုးကို အခိုင်အမာ
ထောက်ခံသည့် ရွာသားများကို မဆွဲဆောင်နိုင်ခဲ့ဟု ဆိုသည်။

''ဒီရွာက အင်န်အယ်လ်ဒီ အမြဲရှုံးလို့ နာမည်ကြီးတယ်လေ။ ကျွန်မတို့လည်း နိုင်သလောက်တော့
စည်းရုံးတာပဲ။ မရပါဘူး။ ခက်တာက သူတို့ စိတ်ဓာတ်တွေကို မပြောင်းလဲချင်တာပဲ'' ဟု
အင်န်အယ်လ်ဒီ မဲဆွယ်စည်းရုံးရေး အဖွဲ့ဝင် မသန်းသန်းနွယ်က ပြောသည်။
ဧပြီ ၁ ရက် ကြားဖြတ်ရွေးကောက်ပွဲတွင် ယှဉ်ပြိုင်ခဲ့သည့် လစ်လပ်မဲဆန္ဒနယ် ၁၉ နေရာတွင်
အင်န်အယ်လ်ဒီက ကိုးနေရာ အနိုင်ရခဲ့ပြီး ရှမ်းပြည်နယ် ညောင်ရွှေ မဲဆန္ဒနယ်မှအပ ပြည်နယ်
မဲဆန္ဒနယ် အများစုကို လက်လွှတ်ခဲ့ရသည်။ ထိုရလဒ်အရ ပြည်နယ်အများစုတွင် အင်န်အယ်လ်ဒီ
အပေါ် ထောက်ခံမှု ကျဆင်းသွားသည့် အခြေအနေတစ်ရပ်ဖြစ်ပြီး ၂ဝ၂ဝ ပြည့်ရွေးကောက်ပွဲ
အတွက် ထိုရလဒ်မှ တစ်ဆင့် သင်ခန်းစာယူကာ အင်န်အယ်လ်ဒီက အစိုးရနှင့် လွှတ်တော်တွင်း
လုပ်ဆောင်ချက်များအပြင် ပါတီစည်းလုံးကြံ့ခိုင်ရေးကိုလည်း ပြန်လည်တည်ဆောက်သင့်ကြောင်း
နိုင်ငံရေးအသိုင်းအဝိုင်းက မှတ်ချက်ပြုကြသည်။
၂ဝ၂ဝ တွင် အင်န်အယ်လ်ဒီ ဆက်လက်အောင်ပွဲခံရန် ပြည်နယ်များတွင်သာမက သမင်ခြံကဲ့သို့
ကျေးရွာများ လျော့နည်းသွားအောင် လုပ်ဆောင်နိုင်ရန် လိုအပ်သည်။ ကော့မှူးမြို့နယ်
ကိုယ်စားပြု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ပြန်လည်စတင်မည့် လွှတ်တော်
အစည်းအဝေးတွင် ကျမ်းသစ္စာ ကျိန်ဆိုတော့မည့် ဦးကျော်ဆွေဝင်းကတော့ သူကိုယ်စားပြုမည့်
မြို့နယ်အတွင်းရှိ ကျေးရွာအားလုံး အတွက်သာမက နိုင်ငံတိုးတက်ရေးအတွက် အစွမ်းကုန်
ဆောင်ရွက်ရန် ရည်မှန်းထားသည်။
သမင်ခြံကျေးရွာရှိ အင်န်အယ်လ်ဒီရပ်ကျေးကော်မတီများမှာ ညီလာခံကတစ်ဆင့်ရွေးချယ်
ထားသူများဖြစ်သည့်အတွက် ညီလာခံဆုံးဖြတ်ချက်ကို လေးစားရမည်ဖြစ်သော်လည်း
သမင်ခြံရွာသားများနှင့် တွေ့ဆုံကာ နှစ်ဖက်ပူးပေါင်းဆောင်ရွက်ရန် စိတ်ကူးရှိထားသည်။
''သမင်ခြံမှာ ရှုံးတာကတော့ ကျွန်တော်တို့က ဆင်းရဲသား ပါတီဖြစ်တယ်။ အပေးအယူလည်း
မလုပ်ဘူး။ လူတစ်စုကောင်းစားဖို့ထက် တိုင်းပြည်ကောင်းဖို့ပဲ လုပ်ရမှာလေ။ အများယှဉ်ရင်တော့
ဒီလို ရလဒ်မျိုးကတော့ ကြံုရမှာပဲ။ အခု အချင်းချင်းကြားမှာ ပဋိပက္ခတွေရှိတယ်ဆိုရင်လည်း
နှစ်ဖက်အဆင်ပြေအောင် နားလည်အောင် ကြိုးပမ်းမယ်။ ဒါပေမဲ့ အဲဒီအတွက် အချိန်တစ်ခုတော့
ယူဖို့လိုတယ်ဆိုတာ ကျွန်တော် နားလည်ထားပါတယ်။ ၂ဝ၂ဝ တော့ မီချင်မှလည်း မီလိမ့်မယ်''ဟု
ဦးကျော်ဆွေဝင်းက ပြောသည်။
















