အမ်းမြို့နယ်ဟာ ရခိုင်ပြည်နယ်ရဲ့ အလယ်ဗဟိုနားတစ်ဝိုက်မှာ တည်ရှိပါတယ်။
ရခိုင်ပြည်နယ်တောင်ပိုင်းနဲ့ မြောက်ပိုင်းတွေကိုဆက်သွယ်ရာမှာ မဖြစ်မနေ
ဖြတ်သန်းရတဲ့မြို့လည်းဖြစ်ပါတယ်။ မြန်မာနိုင်ငံ အလယ်ပိုင်း မင်းဘူး၊ မကွေးဘက်ကို
ဆက်သွယ်ရာမှာဖြစ်ဖြစ်၊ ကူမင်းကျောက်ဖြူလမ်းပိုင်းနဲ့ ချိတ်ဆက်ရာမှာဖြစ်ဖြစ် အမ်းက
အဓိကကျတဲ့ မြို့လည်း ဖြစ်ပါတယ်။
ဒေသမြေပြင်အခြေအနေအရလည်း ရခိုင်ပြည်နယ်ရဲ့ မြို့တော်ဖြစ်တဲ့ စစ်တွေမြို့ထက်
ပိုမိုဖွံ့ဖြိုးမှုရှိပြီး ရခိုင်ပြည်နယ်ထဲမှာ ၂၄ နာရီအပြည့် လျှပ်စစ်မီးရတဲ့ တစ်မြို့တည်းသော
မြို့ပါပဲ။ ဒေသခံ ချင်း၊ ဗမာနဲ့ ရခိုင်လူမျိုးတွေ ပေါင်းစပ်နေထိုင်ကြတဲ့ မြို့လည်းဖြစ်ပြီး၊
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် အခြေစိုက်တည်ရှိရာမြို့လည်း ဖြစ်ပါတယ်။
အမ်းမြို့နယ်မှာ ဒေသခံတွေရဲ့ ရဝ ရာခိုင်နှုန်းက တောင်ယာလုပ်ငန်းကို လုပ်ကိုင်ကြပါတယ်။
အမ်းမြို့ဟာ ကုန်ပိုင်း၊ ရေပိုင်း ဆက်စပ်နေတဲ့ မြို့ဖြစ်တဲ့အတွက် စိုက်ပျိုးရေးလုပ်ငန်းအပြင်
ရေလုပ်ငန်းလည်းရှိပါတယ်။ အမ်းချောင်းဟာ ရေအားလျှပ်စစ်ထုတ်ယူနိုင်လောက်တဲ့
အနေအထားမှာရှိပါတယ်။
အကျဉ်းချုံးပြောရရင် အမ်းမြို့ဟာ ရခိုင်ပြည်နယ်မြို့တွေထဲမှာ ဖွံ့ဖြိုးမှုအလားအလာ
ကောင်းတွေ ရှိနေတဲ့မြို့လို့ ဆိုရမှာပါ။
အမ်းမြို့နယ်ဟာ တပ်အခြေစိုက်မြို့ဖြစ်တဲ့အတွက် အခြားသော ပါတီတွေထက်
ပြည်ခိုင်ဖြိုးပါတီရဲ့ သြဇာက ပိုကြီးပါတယ်။ ၂ဝ၁ဝ နဲ့ ၂ဝ၁၅ ကြားဖြတ်ရွေးကောက်ပွဲတွေမှာ
အမ်းမြို့နယ်က ဝင်ရောက်ယှဉ်ပြိုင်အနိုင်ရခဲ့သူအများစုက ပြည်ခိုင်းဖြိုးပါတီ
ကိုယ်စားပြုသူတွေ ဖြစ်ပါတယ်။
လက်ရှိ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနပြည်ထောင်စု
ဝန်ကြီး ဦးသိန်းဆွေဟာ အမ်းမြို့နယ်က တစ်ဆင့် ၂ဝ၁ဝ၂ဝ၁၅ အထွေထွေရွေးကောက်ပွဲ
နှစ်ခုလုံးမှာ အနိုင်ရရှိထားတာဖြစ်ပါတယ်။ ယခင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း
ဦးမောင်မောင်အုန်းကလည်း ၂ဝ၁ဝပြည့်နှစ်မှာ အမ်းမြို့နယ်ကတစ်ဆင့် အနိုင်ရခဲ့တာဖြစ်ပြီး
၂ဝ၁၅ မှာလည်း ရခိုင်ပြည်နယ်လွှတ်တော်အမတ်နေရာကို အမ်းမြို့ နယ်ကပဲအနိုင်
ရရှိခဲ့တာ ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်လွှတ်တော်မှာ ချင်းတိုင်းရေးသားရေးရာဝန်ကြီးဖြစ်နေတဲ့
ဦးပုန်ဘွေလည်း အမ်းမြို့နယ်က အနိုင်ရပြီး ဝန်ကြီးဖြစ်လာခဲ့တာပါ။
အမ်းမြို့ရဲ့ တောင်ပိုင်းဒေသ အများစုက ချင်းရွာတွေဖြစ်ပေမဲ့ ဒေသခံချင်းတိုင်းရင်းသားတွေ
ကတော့ ဦးပုန်ဘွေကို သိလည်းမသိသလို မြင်လည်းမမြင်ဖူးဘူးလို့ ဆိုပါတယ်။ ''သိတောင်
မသိဘူး။ အဲဒီလိုမျိုးရှိတယ်ဆိုတာ။ ခုဒီဘက်မှာက ရေတို့၊ လျှပ်စစ်မီးတို့အပိုင်းတွေကို
ပြည်ခိုင်ဖြိုးက လာလုပ်ပေးတာများတယ်'' လို့ အမ်းမြို့ကနေ ရှစ်မိုင်ခန့်သွားရတဲ့ တော်ပေါ်
ချင်းရွာဖြစ်တဲ့ ပတ်ကွေ့ကျေးရွာမှာ နေထိုင်တဲ့ အသက် ၃၆ နှစ် အရွယ်ကလေးလေး
ယောက်မိခင် ချင်းအမျိုးသမီးဒေါ်ဖြူနှင်း (ခေါ်) ဒေါ်နော်ပုန့်က ပြောပါတယ်။
အမ်းမြို့ကတစ်ဆင့် ရွေးကောက်ပွဲ အနိုင်ရရှိသွားတဲ့ အမတ်အများစုကတော့ အမ်းမြို့ကို
ပြန်လှည့်ကြည့်တာ နည်းတယ်လို့ အမ်းဒေသခံတွေက ပြောပါတယ်။ ရခိုင်ပြည်နယ်
လွှတ်တော် အစည်းအဝေးမှတ်တမ်းများအရလည်း အမ်းမြို့နယ်ကတစ်ဆင့် အနိုင်
ရရှိထားတဲ့ ပြည်ခိုင်ဖြိုးပါတီကိုယ်စားပြု ဦးမောင်မောင်အုန်း၊ ရခိုင်အမျိုးသားပါတီ
ကိုယ်စားပြု ဦးခင်မောင်ဌေးတို့ရဲ့ ဒေသဖွံ့ဖြိုးမှုအတွက် အဆိုမေးခွန်း တင်သွင်းမေးမြန်းမှု
တွေ မရှိသေးဘူးလို့ သိရပါတယ်။
''အမ်းနဲ့ပတ်သက်တဲ့ အခုသက်တမ်းမှာ အဆိုတင်တာ မရှိသေးပါဘူး။ အရင်အစိုးရ
သက်တမ်းတုန်းကတော့ ခရိုင်သတ်မှတ်ဖို့ တင်ခဲ့ဖူးတာရှိတယ်'' လို့ ပြည်နယ်လွှတ်တော်
ဥက္ကဋ္ဌ ဦးစံကျော်လှက ပြောပါတယ်။
ရခိုင်ပြည်နယ် အမ်းမြို့မှာ ပြီးခဲ့တဲ့ ဧပြီ ၁ ရက်က ပြည်သူ့လွှတ်တော် လစ်လပ်မဲဆန
္ဒနယ်တစ်နေရာအတွက် ကြားဖြတ်ရွေးကောက်ပွဲကျင်းပခဲ့ပါတယ်။ အမျိုးသားဒီမိုကရေစီ
အဖွဲ့ချုပ်ပါတီက ဦးဇော်ဝင်းမြင့်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက ဦးသောင်းငြိမ်း၊
ရခိုင်အမျိုးသားပါတီက ဒေါက်တာအေးမောင်နဲ့ တစ်ဦးပုဂ္ဂလ ကိုယ်စားလှယ်လောင်း
ဦးဇော်လင်းအောင်တို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပါတယ်။
ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြတဲ့ အမတ်လောင်းလေးဦးအနက် ဒေါက်တာအေးမောင်
ကလွဲရင် ကျန်သုံးဦးစလုံး အမ်းမြို့နယ်သားတွေဖြစ်ပါတယ်။ ကြားဖြတ်ရွေးကောက်ပွဲ
စည်းရုံးရေးကာလတစ်လျှောက်လုံးမှာ ဒေါက်တာအေးမောင်က အမ်းဒေသဖွံ့ဖြိုးဖို့ထက်
လွှတ်တော်ထဲရောက်တဲ့အခါ အတိုက်အခံအင်အားစုတစ်ခု ထူထောင်ဖို့အပါအဝင်
အမျိုးသားရေးကို ဦးစားပေး မဲဆွယ်ခဲ့ပါတယ်။
ဖွံ့ဖြိုးဖို့ တာစူနေတဲ့ အမ်းဒေသဟာ အမျိုးသားရေးတက်ကြွလှုပ်ရှားမှု ပြင်းထန်တဲ့
အခြေအနေမရှိတဲ့ မြို့တစ်မြို့ပါပဲ။ ရခိုင်၊ ချင်း၊ ဗမာ တိုင်းရင်းသားတွေ မျှတစွာ
ယှဉ်တွဲနေထိုင်တဲ့ နေရာတစ်ခုပါပဲ။ ကြားဖြတ် ရွေးကောက်ပွဲ မဲဆွယ်မှုကာလတွေမှာ
အမျိုးသားရေးကို ဦးတည်မဲဆွယ်ခဲ့တဲ့၊ လွှတ်တော်ထဲရောက်ရင် အတိုက်အခံအင်အားစု
ထူထောင်မယ်လို့ဆိုတဲ့ ဒေါက်တာအေးမောင်က အမ်းမြို့နယ် ဖွံ့ဖြိုးတိုးတက်အောင် လုပ်
ဆောင်ပေးမယ်လို့ မဲဆွယ်ခဲ့တဲ့ ပြိုင်ဘက်သုံးဦးကို ကျော်လွန်ပြီး အနိုင်ရခဲ့ပါတယ်။
















