"လွှတ်တော်ထဲမှာ အတိုက်အခံအင်အားစု ထူထောင်ဖို့ မှန်းထားပါတယ်"

"လွှတ်တော်ထဲမှာ အတိုက်အခံအင်အားစု ထူထောင်ဖို့ မှန်းထားပါတယ်"

ကြားဖြတ်ရွေးကောက်ပွဲမှာ ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်မှ ၀င်ရောက်ယှဉ်ပြိုင်ပြီး အနိုင်ရရှိခဲ့သူ
ဒေါက်တာအေးမောင် ကို မြန်မာတိုင်း(မ်) အကြီးတန်း သတင်းထောက် ဉာဏ်လင်းအောင်က
အမ်းမြို့တွင် တွေ့ဆုံမေးမြန်းထားသည်။

* ပြည်သူ့လွှတ်တော်ထဲ ရောက်သွားရင် ပထမဦးဆုံး ဘာများလုပ်ဖို့ စဉ်းစားထားလဲခင်ဗျ။

အခြေအနေကြည့်ရမှာပေါ့ဗျာ။ ပထမအချက်က ကျွန်တော်တို့ အတိုက်အခံ အင်အားစုတစ်ခုကို
ထူထောင်မယ်လို့ မှန်းပါတယ်။ လက်ရှိအစိုးရကို ထောက်ပြဝေဖန်တာတွေ ခိုင်ခိုင်မာမာ
လုပ်သွားမှာပေါ့။ နောက်တစ်ခုက ပြည်ထောင်စုဘတ်ဂျက်ကို ပြောင်းချင်တာပါ။ ပြည်နယ်
တိုင်းအစိုးရကို ပေးတဲ့ ဘတ်ဂျက်ကို ပြည်ထောင်စုဘတ်ဂျက် ဖြစ်အောင်ပေါ့ဗျာ။ အဲလိုတော့
စိတ်ကူးထားတယ်။ ချက်ချင်းပြောဖို့ကတော့ ခက်ပါတယ်။ တစ်ဆင့်ပြီးတစ်ဆင့်လုပ်မှာပေါ့။

* အမ်းဒေသခံတွေအတွက် ပေးနိုင်တဲ့ကတိက ဘာဖြစ်မလဲဗျ။

အမ်းကလည်း ရခိုင်ပြည်နယ်ရဲ့ အစိတ်အပိုင်း တစ်ခုပါပဲ။ အမ်းဒေသလိုပဲ မဖွံ့ဖြိုးတဲ့
ရခိုင်မြို့နယ်ပေါင်းများစွာ ရှိပါတယ်။ အမ်းဒေသလိုပဲ တပ်မတော်ရဲ့ မြေယာသိမ်းဆည်းခြင်းခံရတဲ့
မြို့နယ်တွေ အများကြီးရှိပါတယ်။ ကျွန်တော်တို့က ရခိုင်ပြည်နယ်ကို ပြန်တည်ဆောက်မှာဗျ။
တိုင်းရင်းသားဒေသ အားလုံး မဖွံ့ဖြိုးတဲ့အခြေအနေက လွတ်မြောက်အောင် ကျွန်တော်တို့ကြိုးစားမှာပဲ။
ဒါရည်မှန်းချက်ပါပဲ။

* လွှတ်တော်ထဲမှာ အင်န်အယ်ဒီက အများစု ရှိနေတာဆိုတော့ ကိုယ်လုပ်ချင်တာ
တင်ပြချင်တာတွေ ပီပီပြင်ပြင် လုပ်ဆောင်တင်ပြ နိုင်မယ်ထင်လားဗျ။

ဒါကတော့ အင်န်အယ်လ်ဒီရဲ့ သမိုင်းပါပဲ။ ငါတို့လွှမ်းမိုးထားလို့ ငါတို့လုပ်ချင်တာ လုပ်မယ်ဆိုရင်
တိုင်းရင်းသားတွေနဲ့ ယုံကြည်မှုက အခုထက်ပိုပြီး ပြိုကွဲမှာပေါ့။ မျှတတဲ့ ခံစားချက်
ပြည်ထောင်စုဆန်တဲ့ ယုံကြည်ချက်လေးတွေ လက်ရှိအစိုးရမှာ ပိုရှိရင် ပိုကောင်းတာပေါ့ဗျာ။
ပြည်ထောင်စုလို့ ပြောပြီး ကိုယ့်ဘက်က ဘယ်လောက် အနစ်နာခံမလဲဆိုတာမျိုး စဉ်းစားတတ်တဲ့
စိတ်ခံမရှိရင် ဘယ်လိုလုပ်ဆွေးနွေးမှု အောင်မြင်မလဲဗျာ။ ဒါပေမဲ့ တစ်ခုတော့ရှိတယ်။
လှုပ်လှုပ်ရှားရှားဖြစ်မယ့် လွှတ်တော်ဖြစ်အောင်တော့ ကျွန်တော်တို့ ဖန်တီးသွားမှာပါ။

* စီးပွားရေးပိုင်းနဲ့ ပတ်သက်လို့ရော အမ်းမြို့နယ်အတွက် ဘာတွေစဉ်းစားထားတာ ရှိလဲဗျ။

အဲဒါကတော့ နိုင်ငံတော်အစိုးရရဲ့ ပေါ်လစီနဲ့ ဆိုင်ပါတယ်။ အမ်းက ရခိုင်ပြည်နယ်မှာ အကျယ်ပြန့်ဆုံး
မြို့နယ်ပါ။ ရခိုင်ပြည်နယ်ရဲ့ အစိတ်အပိုင်းတစ်ခုပါပဲ။ ယနေ့ထိတော့ တည်ဆောက်ခွင့် မရှိသေးဘူးပေါ့။
ကျွန်တော်တို့ မျှော်မှန်းထားတာတော့ စိုက်ပျိုးရေး ပုံစံပြောင်းရမယ်။ မွေးမြူရေးပုံစံ ပြောင်းရမယ်။
အဲဒီအတွက် နိုင်ငံတော်ရဲ့ ကမကထပြုမှု အများကြီးလိုတာပေါ့။ ဘတ်ဂျက် အများကြီးလိုတာပေါ့။

* ဒေါက်တာအေးမောင် လွှတ်တော်ထဲ ရောက် လာရင် ရခိုင်ပြည်နယ်ထဲက လူမျိုးရေး
ပဋိပက္ခတွေမှာ အစွန်းရောက်မှု ပိုမိုများပြား လာခြေရှိတယ်လို့ နိုင်ငံတကာ အသိုင်းအဝိုင်းက
စိုးရိမ်ကြတယ်။ အဲဒီအပေါ် ဒေါက်တာ အေးမောင်အနေနဲ့ ဘာများပြောချင်တုန်းဗျ။

ကျွန်တော်တို့ ဗမာပြည် လွတ်လပ်ရေး ယူတာ အမျိုးသားရေးစိတ်ဓာတ်လေဗျ။ သခင်မျိုးဟေ့
ဒို့ဗမာကြောင့် အင်္ဂလိပ်ခေတ်ကနေ လွတ်လပ်ရေး ယူနိုင်တာပေါ့။ အမျိုးသားရေးမကာကွယ်ရင်
ကျွန်တော်တို့ လူမျိုးလည်း ပျောက်သွားမှာ။ နိုင်ငံလည်း ပျောက်သွားမှာပေါ့။ အဲဒီတော့ ကျွန်တော်တို့
နှစ်ပေါင်း ၅,၀၀၀ ကျော်ပိုင်လာတဲ့ ပြည်နယ်ကြီးကို ဘယ်အပျက်ခံမလဲဗျ။ ရန်သူမျိုးငါးပါးကို
ကာကွယ်ရမှာပေါ့။ ကျွန်တော်တို့က မူရင်း နိုင်ငံသားပဲ။ လူဝင်လူထွက်ပြဿနာကို မကာကွယ်နိုင်တဲ့
အစိုးရကြောင့်ဖြစ်လာတဲ့ ပြဿနာ ကို ကျွန်တော်တို့က ခုခံကာကွယ်ရမှာပဲဗျ။ အမျိုးသားရေး
စိတ်ဓာတ်ကြောင့် ဒီနိုင်ငံ ဒီဒေသက တည်တံ့နေတာလေဗျ။ ရေရှည်အတွက်လည်း
တစ်မျိုးသားလုံးနဲ့ဆိုင်တဲ့မူ ကျွန်တော်တို့မှာ ရှိပါတယ်။

* ဒေါက်တာအေးမောင်က ၂၀၁၀ တုန်းက ကြီးခြောက်ကြီးထဲ ပါခဲ့တာဆိုတော့
အခု တစ်ခေါက်ပြည်သူ့လွှတ်တော်ထဲ ပြန်ရောက်ရင် ရခိုင်တပ်မတော်နဲ့ ပတ်သက်ရင်
ဘယ်လိုသဘောထားရှိလဲဗျ။

သဘောထားကတော့ ငြိမ်းချမ်းရေးဆိုရင် အားလုံးပါ၀င်ရေးမူပါပဲ။ အားလုံးပါ၀င်ရမယ်။
ပြည်တွင်းစစ်ရပ်ရမယ်။ ပြည်တွင်း စစ်ဖြစ်ရခြင်းအကြောင်းက ကိုယ်ပိုင်ရပိုင်ခွင့်ဆိုတာကြောင့်ပဲလေ။
အဲဒီအတွက် အစိုးရဟာ တိုင်းရင်းသားတွေရဲ့ တောင်းဆိုချက်ကို အလေးအနက်ထားဖို့ လိုတယ်။
အလေးအနက်အထားတဲ့အတွက် ပြည်တွင်းစစ်က ဆက်ရှိနေတာပဲ။ ကိုယ့်ကံကြမ္မာ ကိုယ်
ဖန်တီးခွင့်ကို ပေးဖို့လိုတယ်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး