အာဏာရပါတီက တိုင်းရင်းသားနှင့် ပြိုင်ဘက်ပါတီများကို သရေကစားခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲ

အာဏာရပါတီက တိုင်းရင်းသားနှင့် ပြိုင်ဘက်ပါတီများကို သရေကစားခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲ

လစ်လပ်မဲဆန္ဒနယ်ပေါင်း ၁၉ နေရာအတွက် ဧပြီ ၁ ရက်က ကျင်းပခဲ့သည့်
ကြားဖြတ်ရွေးကောက်ပွဲတွင် ကိုယ်စားလှယ်လောင်း ၉၅ ဦး ၀င်ရောက် ယှဉ်ပြိုင်ခဲ့ကြသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ကိုးနေရာ အနိုင်ရရှိခဲ့သည်။ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ
အဖွဲ့ချုပ်ပါတီ (SNLD) က ခြောက်နေရာ၊ ပြည်ခိုင်ဖြိုးပါတီက နှစ်နေရာ လူမျိုးပေါင်းစုံ ဒီမိုကရေစီပါတီ
(ကယားပြည်နယ်) နှင့် ရခိုင်အမျိုးသားပါတီက တစ်နေရာစီဖြင့် အနိုင်ရရှိခဲ့သည်။

ပါတီတစ်ခုချင်းစီအလိုက်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက နေရာအများဆုံး အနိုင်ရသည့်ပါတီ
ဖြစ်သော်လည်း ၁၈ နေရာ ယှဉ်ပြိုင်ရာတွင် ကိုးနေရာရှုံးခဲ့သဖြင့် ၁၉၉၀ ပြည့်နှစ်ကတည်းက
၀င်ရောက် ယှဉ်ပြိုင်ခဲ့သည့် ရွေးကောက်ပွဲများနှင့် နှိုင်းယှဉ်လျှင် အာဏာရပါတီအတွက် အရှုံးများသည့်
ရွေးကောက်ပွဲဖြစ်လာသည်။

အာဏာရပါတီအဖို့ တိုင်းရင်းသားနှင့် ပြိုင်ဘက်ပါတီများကို သရေကစားခဲ့ရသည့် ကစားပွဲဟုလည်း
ဆိုနိုင်သည်။

မဲဆန္ဒရှင်များ၏ အသံ

ကြားဖြတ်ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးရခြင်းနှင့်ပတ်သက်၍ ယူဆချက် အမျိုးမျိုးရှိခဲ့ကြသည်။

ဒဂုံမြို့သစ် (အရှေ့ပိုင်း)၊ ရပ်ကွက် ၅ တွင် နေထိုင်သည့် မဲဆန္ဒရှင်တစ်ဦးက အစိုးရ၏
ပထမတစ်နှစ်အတွင်း စွမ်းဆောင်ရည်ကြောင့် သာမန်လက်လုပ်လက်စားများ အကျိုးခံစားရသည့်
အချက်မရှိသော်လည်း အင်န်အယ်လ်ဒီပါတီကိုသာ မဲပေးခဲ့သည်ဟု ပြောသည်။

"ကိုယ်မျှော်လင့်သလောက် ဖြစ်မလာတာတွေလည်း ရှိပါတယ်။ ဒီငါးနှစ်အတွင်း မကောင်းရင်
နောက်တစ်ခါ မဲမပေးတော့ဘူးလို့ ဆုံးဖြတ်ထားတယ်" ဟု စက်ချုပ်သမ တစ်ဦးဖြစ်သည့်
အဆိုပါမဲဆန္ဒရှင် အမျိုးသမီး က ဆိုသည်။

အဆိုပါမြို့နယ်၊ ရပ်ကွက် ၁ တွင် နေထိုင်သူ ဒေါ်တင်သန်းကမူ ၎င်းသည် ဒေါ်အောင်ဆန်းစုကြည်၏
လုပ်ဆောင်မှုများကို သဘောကျ ၍ ပါတီ၏လွှတ်တော်ကိုယ်စားလှယ်လောင်းကို မဲပေးခဲ့ခြင်း
ဖြစ်ကြောင်း ပြောသည်။

"အစိုးရသစ်တက်လာပြီးနောက်ပိုင်း ကျွန်မတို့နေတဲ့ ရပ်ကွက်အတွက် လမ်းတွေ၊ တံတားတွေ
ကွန်ကရစ်နဲ့ ခင်းလာတာရှိတယ်။ အရင် ကဆို လမ်းတွေက မိုးရာသီဆို ရွှံ့တွေချည်းပဲ" ဟု
၎င်းကပြောသည်။

၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် ပါတီတံဆိပ်ကိုသာ ကြည့်ပြီး မဲပေးရန်
ဒေါ်အောင်ဆန်းစုကြည်က မဲဆွယ်စည်းရုံးခဲ့ရာ ကြားဖြတ်ရွေးကောက်ပွဲတွင်လည်း
မဲဆန္ဒရှင်များအတွက် အမှတ်ရစရာစကား ဖြစ်ခဲ့သည်။

ကြားဖြတ်ရွေးကောက်ပွဲနေ့တွင် ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်သို့ သွားရောက် သတင်းရယူစဉ်
မဲပေးသူအများစုက "ပါတီ တံဆိပ်ကို ကြည့်ပြီးမဲပေးတာ" ဟု ဖြေကြားခဲ့သည်။

အင်န်အယ်လ်ဒီပါတီ၏ ကိုယ်စားလှယ်လောင်း ဦးနေကျော်ကို "အမည်သာသိ၍ အပြင်မှာ
မတွေ့ဖူးဘူး" ဟု ဆိုသည့် မဲဆန္ဒရှင်များ ရှိသကဲ့သို့၊ မဲပေးလိုက်သော်လည်း ကိုယ်စားလှယ်လောင်း
အမည်ကို မသိဘဲ "ပါတီတံဆိပ်ကိုပဲ ကြည့်ပြီး မဲပေးတာ" ဟု ဖြေဆိုသူများလည်း ရှိသည်။

ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ် ရပ်ကွက် ရ တွင် နေထိုင်သည့် ဒေါ်ဆွေဆွေငြိမ်းကမူ
ကိုယ်စားလှယ်လောင်းကို အမည်ပင်မသိသော်လည်း ပါတီနှင့် ပါတီခေါင်းဆောင်ကို ယုံကြည်၍
အင်န်အယ်လ်ဒီပါတီကို မဲပေးခဲ့သည်ဟု ပြောသည်။

"ဒေါ်စုကိုယုံတယ်။ ကိုယ်စားလှယ်လောင်းကို မသိဘူး။ ပါတီတံဆိပ်ကိုပဲ ကြည့်ပြီး
မဲထည့်ခဲ့တယ်" ဟု ၎င်းကပြောသည်။

စိတ်ဝင်စားမှုလျော့ကျ

လစ်လပ် ၁၉ နေရာအတွက် မြို့နယ်ပေါင်း ၂၀ ကျော်တွင် ပြုလုပ်ခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲတွင်
မဲဆန္ဒရှင်များ၏ စိတ်ဝင်စားမှုမှာ အလွန်အမင်း ကျဆင်းခဲ့သည်ဟု ဆိုနိုင်သည်။

မဲဆန္ဒနယ်အများစုတွင် မဲပေးပိုင်ခွင့်ရှိသူ ထက်ဝက်ခန့်ပင် မဲရုံများသို့ လာရောက်ဆန္ဒမဲပေးခြင်း
မရှိခဲ့ပေ။ ကြားဖြတ် ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့် ရှိသူ၏ ၅၀ ရာခိုင်နှုန်းနှင့်အထက်
မဲပေးခဲ့သည့် မဲဆန္ဒနယ် ခုနစ်နေရာသာ ရှိခဲ့သည်။

မဲပေးမှု အနည်းဆုံးမှာ လှိုင်သာယာမြို့နယ်ဖြစ်ပြီး ရွေးကောက်ပွဲနေ့တွင် ဆန္ဒမဲပေးသူ
၁၂ ရာခိုင်နှုန်းသာရှိခဲ့သည်။

စက်ရုံ၊ အလုပ်ရုံ အလုပ်သမားများနှင့် ကျူးကျော်သူ အများစု နေထိုင်ပြီး ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူ
၃၇၀,၀၀၀ ကျော်ရှိသည့် အဆိုပါမဲဆန္ဒနယ်တွင် ၂၀၁၅ ခုနှစ်၊ အထွေထွေရွေးကောက်ပွဲတွင်
လာရောက်မဲပေးခဲ့သူ ၃၇ ရာခိုင်နှုန်း ရှိခဲ့သည်။

ကြားဖြတ်ရွေးကောက်ပွဲတွင် မဲပေးသူ အလွန်နည်းပါးရခြင်းမှာ စက်ရုံများ မပိတ်သည်ကလည်း
အကြောင်းအရင်းတစ်ခုဖြစ်သည်ဟု လှိုင်သာယာမြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ
အတွင်းရေးမှူး ဦးမျိုးလှိုင်မြင့်ထွန်းက ပြောသည်။

မဲဆန္ဒရှင်များ၏ ရွေးကောက်ပွဲအပေါ် ရှုမြင်ပုံကြောင့်လည်း ဖြစ်သည်ဟု ၎င်းကဆိုသည်။

"လူတွေက ကြားဖြတ်ရွေးကောက်ပွဲကို စိတ်မဝင်စားကြဘူး။ တချို့ကဆို ကြားဖြတ်ရွေးကောက်ပွဲ
ရှိမှန်းတောင် မသိကြဘူး။ ဘာလို့လဲဆိုတော့ ဒီရွေးကောက်ပွဲက တစ်ဆင့် အစိုးရအပြောင်းအလဲ
မဖြစ်နိုင်လို့ ပါပဲ" ဟု ဦးမျိုးလှိုင်မြင့်ထွန်းက ပြောသည်။

မဲပေးမှု အများဆုံးမှာ ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်၊ အမှတ်(၃) အမျိုးသားလွှတ်တော်
မဲဆန္ဒနယ်ဖြစ်ပြီး မဲပေးသူ ရ၅ ရာခိုင်နှုန်းအထိ ရှိခဲ့သည်။

၂၀၁၅ ခုနှစ်တွင် အဆိုပါမဲဆန္ဒနယ်တွင် မဲပေးသူ ၈၅ ရာခိုင်နှုန်းအထိ ရှိခဲ့သည်။

ပြည်တွင်းအခြေစိုက် မဟာဗျူဟာနှင့် မူဝါဒအဖွဲ့တစ်ခုဖြစ်သည့် ISP က ပြုစုခဲ့သည့် စာရင်းများအရ
ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် ကိုးနေရာအတွက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၁ ဒသမ ၂ သန်းကျော်
ရှိသော်လည်း ၃၅ ဒသမ ၅ ရာခိုင်နှုန်းခန့် (လေးသိန်းကျော်) သာ မဲပေးခဲ့ကြသည်။

အမျိုးသားလွှတ်တော်မဲဆန္ဒနယ် သုံးနေရာတွင် ဆန္ဒမဲပေးခွင့်ရှိသူ ရ သိန်း နီးပါးရှိသည့်အနက်
၃၄ ဒသမ ၈ ရာခိုင်နှုန်း (နှစ်သိန်းလေးသောင်းကျော်) သာ မဲပေးခဲ့သည်။

ပြည်နယ်နှင့် တိုင်းဒေသကြီး လွှတ်တော် ခုနစ်နေရာအတွက်မူ ဆန္ဒမဲပေးခွင့်ရှိသူ နှစ်သိန်းကျော်
ရှိသည့်အနက် ၄၉ ရာခိုင်နှုန်း (တစ်သိန်းတစ်သောင်းခန့်) သာ မဲပေးခဲ့ကြသည်။

ကြည့်မြင်တိုင်မြို့နယ်တွင် ဆန္ဒမဲပေးခဲ့သူတစ်ဦးကို တွေ့ရစဉ်။ အောင်ခန့်/မြန်မာတိုင်း(မ်)

ရလဒ်များ

ကြားဖြတ်ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ကိုးနေရာ အနိုင်ရရှိ၍ ကိုးနေရာတွင်
ရှုံးနိမ့်ခဲ့သည်။

ဒီချုပ်ပါတီ မယှဉ်ပြိုင်သည့် ကယားပြည်နယ်၊ ဖရူဆိုမဲဆန္ဒနယ် (ပြည်နယ် ၁) တွင် လူမျိုးပေါင်းစုံ
ဒီမိုကရေစီပါတီ (ကယားပြည်နယ်)က အနိုင်ရရှိခဲ့သည်။

ကိုယ်စားလှယ်လောင်း အမည်စာရင်း အချိန်မီတင်သွင်းရန် ပျက်ကွက်ခြင်းကြောင့် အဆိုပါနေရာတွင်
မယှဉ်ပြိုင်ခဲ့ခြင်းဖြစ်သည်။

ယင်းကိစ္စနှင့် ပတ်သက်၍ ပါတီ၏ ကယားပြည်နယ်ဥက္ကဋ္ဌ ဒေါက်တာဒေါ်ခင်စည်သူနှင့် ဖရူဆိုမြို့နယ်
ဥက္ကဋ္ဌ ဦးပဲ့ဒူ ကို ပါတီတာဝန်များက ရပ်ဆိုင်းကြောင်း ပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီက
ဧပြီ ၃ ရက်တွင် ကြေညာခဲ့သည်။

ပြည်သူ့လွှတ်တော် လစ်လပ်မဲဆန္ဒနယ်ဖြစ်သည့် မွန်ပြည်နယ် ချောင်းဆုံမြို့နယ်တွင်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက အံ့အားသင့်ဖွယ်ရှုံးနိမ့်ခဲ့ပြီး ပြည်ခိုင်ဖြိုးပါတီက အနိုင်ရရှိခဲ့သည်။

အဆိုပါ မဲဆန္ဒနယ်သည် အာဏာရပါတီနှင့် ဒေသခံ မွန်တိုင်းရင်းသားများအကြား မော်လမြိုင်နှင့်
ချောင်းဆုံကို ဆက်သွယ်ထားသည့် တံတားအမည်နှင့် ပတ်သက်၍ အငြင်းပွားမှု ဖြစ်ပေါ်နေသည့်
နေရာလည်းဖြစ်သည်။

အာဏာရပါတီက ဗိုလ်ချုပ်အောင်ဆန်းတံတားဟု အမည်ပေးလိုသော်လည်း မွန်တိုင်းရင်းသားများကမူ
မွန်သမိုင်းနှင့် ယဉ်ကျေးမှုကို ထင်ဟပ်စေသည့် "ရာမည"၊ "ချောင်းဆုံတံတား" ဟု အမည်ပေးလိုခြင်း
ဖြစ်သည်။

မတ်လအတွင်း ဒေသခံသောင်းနှင့် ချီ၍ ဆန္ဒဖော်ထုတ်ခဲ့ကြပြီး ဒေသခံများ၏ ဆန္ဒနှင့် ဆန့်ကျင်ပြီး
ဆက်လက်လုပ်ဆောင်နေပါက ရွေးကောက်ပွဲအပေါ် သက်ရောက်မှု ရှိမည်ဟု ဆန္ဒပြသူများက
သတိပေးပြောဆိုခဲ့သည်။

အဆိုပါမဲဆန္ဒနယ်တွင် အနိုင်ရခဲ့သည့် ပြည်ခိုင်ဖြိုးပါတီကိုယ်စားလှယ် ဦးအောင်ကြည်သိန်းကမူ
တံတားကိစ္စမှာ ၎င်း ရွေးကောက်ပွဲအနိုင်ရရာတွင် အရေးပါသည့် ကိစ္စတစ်ခု မဟုတ်ခဲ့ဟု ဆိုသည်။

"ကျွန်တော် မဲဆွယ်ဖို့ သွားရောက်ခဲ့တဲ့ ရက်ပေါင်း ၆၀ နီးပါး ကာလတစ်လျှောက်လုံး
ဘယ်ဒေသခံကမှ ကျွန်တော့်ကို တံတားနာမည်ကိစ္စနဲ့ပတ်သက်ပြီး မေးမြန်းတာ မရှိခဲ့ပါဘူး" ဟု
ဦးအောင်ကြည်သိန်းက ပြောသည်။

မွန်လူမျိုးတစ်ဦးဖြစ်၍ မွန်လိုရော၊ ဗမာ လိုပါ ပြောဆိုတတ်ခြင်း၊ ယှဉ်ပြိုင်သည့် မဲဆန္ဒနယ်တွင်
အမှန်တကယ် နေထိုင်ခြင်းနှင့် မဲဆန္ဒနယ်အားလုံးနီးပါးကို ကိုယ်တိုင်သွားရောက်၍
မဲဆွယ်ခဲ့ခြင်းကြောင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်ဟု ၎င်းကဆိုသည်။

ပြည်ခိုင်ဖြိုးပါတီက မွန်ပြည်နယ် ချောင်းဆုံ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာကို
အနိုင်ရလိုက်သည့်အပြင် ရှမ်းပြည်နယ်၊ ကျိုင်းတုံ (အမှတ်၂ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်
နေရာ) ကိုပါ အနိုင်ရခဲ့သည်။

ရခိုင်ပြည်နယ်တွင်မူ ရခိုင်အမျိုးသားပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင် က ပြည်ခိုင်ဖြိုးနှင့်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီတို့က ပြိုင်ဘက်များကို အနိုင်ယူပြီး လွှတ်တော်ရပ်ဝန်းသို့
တစ်ကျော့ပြန် ပြန်လည် တက်လှမ်းနိုင်ခဲ့သည်။

၎င်းသည် ၂၀၁၅ ရွေးကောက်ပွဲတွင် အမှတ်(၂) ပြည်နယ်လွှတ်တော်မဲဆန္ဒနယ် (မာန်အောင်) တွင်
ယှဉ်ပြိုင်ခဲ့ရာ ရှုံးနှိမ့်ခဲ့သည်။

ရှမ်းပြည်နယ်တွင်မူ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) က မိုင်းရှူး၊ ကျေးသီး စသည့်
မြို့နယ်နှစ်ခုအတွက်၊ ပြည်သူ၊ အမျိုးသားနှင့် ပြည်နယ်လွှတ်တော် လေးနေရာ၊ စုစုပေါင်း
ခြောက်နေရာကို အနိုင်ရရှိခဲ့သည်။

၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် ယင်းမြို့များတွင် နယ်မြေလုံခြံုရေး အခြေအနေ
မတည်ငြိမ်မှုကြောင့် ရွေးကောက်ပွဲ ကျင်းပနိုင်ခဲ့ခြင်း မရှိပေ။

ရွေးကောက်ပွဲရလဒ်များအားလုံး ကြေညာခဲ့ပြီး၊ လက်ရှိအချိန်အထိ ရွေးကောက်ပွဲ ကော်မရှင်
အဖွဲ့ခွဲများသို့ တင်သွင်းလာသည့် ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှု မရှိသေးဟု ပြည်ထောင်စု
ရွေးကောက်ပွဲ ကော်မရှင် အတွင်းရေးမှူး ဦးတင်ထွန်းက ပြောသည်။

"တင်သွင်းတဲ့ သက်သေခိုင်မာရင် ခိုင်မာသလို အမှုတွေ လျင်လျင်မြန်မြန် စစ်ဆေးနိုင်တာလည်း
ရှိပါတယ်။ အခုထိတော့ တိုင်တာတွေ မရှိသေးဘူး" ဟု ၎င်းကပြောသည်။

ရွေးကောက်ပွဲဥပဒေအရ ရွေးကောက်ပွဲ ကျင်းပသည့် နေ့မှစ၍ ရက်ပေါင်း ၃၀ အတွင်း
အငြင်းပွားမှုများကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ထံသို့ တင်သွင်းနိုင်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး