ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် အပစ်ရပ်စာချုပ် လက်မှတ်ရေးထိုးထားသော အဖွဲ့ရှစ်ဖွဲ့က တစ်စု၊
အပစ်ရပ်စာချုပ်လမ်းကြောင်းအတိုင်း အစိုးရနှင့် ဆက်လက်ညှိနှိုင်းမည့် UNFC အဖွဲ့များ ပါ၀င်သည့်
အစုနှင့် '၀'အဖွဲ့ ဦးဆောင်သည့် ဆွေးနွေးရေးလမ်းကြောင်းသစ် ရှာဖွေမည့် အစုအဖွဲ့က တစ်စုစီ
ဖြစ်နေသည်။
ပန်ခမ်းကြေညာချက် ထုတ်ပြန်ပြီး တစ်လအကြာ ယခုသီတင်းပတ်တွင် UNFC အဖွဲ့ဝင်များက
တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ်ကို အခြေခံသည့် ငြိမ်းချမ်းရေးဆွေးနွေးမှု လမ်းကြောင်းဖြင့်သာ
အစိုးရနှင့် ဆက်လက်ဆွေးနွေးညှိနှိုင်းမည်ဟု ပြောဆိုသည်။
ဖေဖော်ဝါရီလကုန်တွင် '၀'ပြည်သွေးစည်းညီညွတ်ရေးပါတီဌာနချုပ်တွင် တိုင်းရင်းသားလက်နက်ကိုင်
အဖွဲ့များ၏ ထိပ်သီးအစည်းအဝေးတစ်ရပ် ကျင်းပခဲ့ပြီး အပစ်ရပ်စာချုပ်ကို အစားထိုးပြီး
လမ်းကြောင်းသစ်ရှာရန် ဆုံးဖြတ်ခဲ့ကြသည်။
ပန်ခမ်းထိပ်သီးအစည်းအဝေးသို့ အပစ်ရပ်စာချုပ် လက်မှတ်မထိုးရသေးသည့် အဖွဲ့အများစု
တက်ရောက်ခဲ့သော်လည်း ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ (KIO) နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ
(SSPP) တို့မှလွဲ၍ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) အဖွဲ့ဝင်
အများစု မတက်ရောက်ခဲ့ပေ။
ယခုအခြေအနေတွင် မြန်မာပြည် တောင်ပိုင်းနှင့် မြောက်ပိုင်းအဖွဲ့များအကြား ငြိမ်းချမ်းရေးအပေါ်
ချဉ်းကပ်ပုံ မတူညီတော့သော်လည်း UNFC အဖွဲ့ဝင်များက အပစ်ရပ်စာချုပ်လမ်းကြောင်းအတိုင်း
ငြိမ်းချမ်းရေး ဆက်လက်ဆွေးနွေးသွားမည်ဟု UNFC ဒုတိယ ခေါင်းဆောင် ဦးနိုင်ဟံသာက
ပြောသည်။
"KIA နဲ့ SSPP အဖွဲ့တွေကလည်း ကျွန်တော်တို့ NCA ကို အခြေခံတဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှု
လမ်းကြောင်းအတိုင်းသွားမယ်ဆိုတာ လက်ခံထားပါတယ်" ဟု ၎င်းက ဆိုသည်။
အဆိုပါနှစ်ဖွဲ့သည် စစ်ရေးအရ မြန်မာပြည်မြောက်ပိုင်းရှိ အဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး
နိုင်ငံရေးအရမူ UNFC အဖွဲ့ဝင် များနှင့် ရပ်တည်သွားမည်ဟု ၎င်းတို့က ပြောကြားထားကြောင်း
ဦးနိုင်ဟံသာက ပြောသည်။
လွန်ခဲ့သည့် မတ် ၃၀ ရက်တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က အစိုးရတစ်နှစ်ပြည့်အဖြစ်
တစ်နိုင်ငံလုံးသို့ ရုပ်သံမိန့်ခွန်းပြောကြားခဲ့ရာ KIA နှင့် SSPP တို့ မပါ၀င်သည့် UNFC အဖွဲ့ငါးဖွဲ့က
လက်မှတ်ရေးထိုးမည်ဟု အကြောင်းကြားလာသည်ဟု ထည့်သွင်း ပြောဆိုခဲ့သည်။
UNFC ခေါင်းဆောင်များက အဆိုပါကိစ္စ မမှန်ကန်ဟု ငြင်းဆိုခဲ့သောအခါ အငြင်းပွားဖွယ်ရာ
ဖြစ်ခဲ့သည်။
သို့ရာတွင် တစ်နိုင်ငံလုံးအပစ်ရပ်စာချုပ်ကို အခြေခံသည့် ငြိမ်းချမ်းရေးလမ်းကြောင်းအတိုင်း သွားပါက
အပစ်ရပ်စာချုပ်ကို လက်မှတ်ရေးထိုးခြင်းသည် နိုင်ငံရေးဆွေးနွေးပွဲ တက်ရောက်နိုင်ရေးအတွက်
လိုအပ်ချက်တစ်ခု ဖြစ်သည်။
အပစ်ရပ်စာချုပ်လက်မှတ်ရေးထိုးရေးတွင် UNFC က တင်ပြခဲ့သည့် အချက်ကိုးချက်အနက် အများစုကို
မူအားဖြင့် သဘောတူခဲ့ပြီး တပ်ပိုင်းဆိုင်ရာ ကိစ္စရပ်နှင့် ဆွေးနွေးပွဲ ဖွဲ့စည်းမှု ပုံသဏ္ဌာန်နှင့်
ပတ်သက်သည့် အဆိုပြုချက်များကို အပစ်ရပ်စောင့်ကြည့်မှု ကော်မတီနှင့် မူဘောင် သုံးသပ်ရေး
အစည်းအဝေးများတွင် ဆက်လက်ညှိနှိုင်းဆွေးနွေးရန် အစိုးရငြိမ်းချမ်းရေးကော်မရှင်နှင့် UNFC တို့
သဘောတူခဲ့သည်။
UNFC အဖွဲ့ဝင်များက အစိုးရနှင့်၎င်းတို့ အကြား 'မူအားဖြင့်' သဘောတူနိုင်ခဲ့သည့်
အဆိုပါအချက်များကို ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ယခုသီတင်းပတ်အတွင်း တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
ပင်လုံလက်စွဲစာတမ်း၊ နိုင်ငံရေးနှင့် လုံခြံုရေးအပါအဝင် ဖက်ဒရယ် အခြေခံမူဝါဒများကိုလည်း
တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
UNFC ခေါင်းဆောင်များက အပစ်ရပ်ထားသည့် အဖွဲ့များနှင့်လည်း ဆက်လက်တွေ့ဆုံနေသည်။
အစိုးရနှင့် ဆက်လက်ညှိနှိုင်းပြီး သဘော တူညီမှုရရှိမှသာ တစ်နိုင်ငံလုံးအပစ်ရပ်စာချုပ်
လက်မှတ်ရေးထိုးကာ ၂၁ ရာစု ပင်လုံညီလာခံ ကို တက်ရောက်မည်ဟု UNFC ခေါင်းဆောင်များက
ပြောဆိုထားသည်။
သို့ရာတွင် ဒုတိယအကြိမ် ၂၁ ပင်လုံညီလာခံကျင်းပရေးမှာ မေလနောက်ပိုင်းမှသာ ဖြစ်နိုင်မည်ဟု
ငြိမ်းချမ်းရေးကော်မရှင် အကြံပေးအဖွဲ့ခေါင်းဆောင် ဦးအောင်ကြည်က ပြောသည်။
"ဧပြီလထဲမှာဆိုရင် သင်္ကြန်ကလည်း ခံနေတယ်။ ခေါင်းဆောင်တွေ ခရီးသွားတာနဲ့ဘာနဲ့ ဆိုရင်တော့
မေလနောက်ပိုင်းမှပဲ ၂၁ ပင်လုံ လုပ်ဖြစ်မယ်လို့ ကျွန်တော်က ယူဆတယ်" ဟု ဦးအောင်ကြည်က
ပြောသည်။
'၀'ပြည် သွေးစည်းညီညွတ်ရေးပါတီ ခေါင်းဆောင်သည့် ကော်မတီနှင့် အစိုးရငြိမ်းချမ်းရေး
ကော်မရှင်အကြား လက်ရှိအချိန်ထိ တရားဝင်ဆက်သွယ်ဆောင်ရွက်မှု မရှိသေးဘဲ၊ အစိုးရဘက်က
စောင့်ကြည့်နေဆဲ အခြေအနေတွင်သာ ရှိနေကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။
"ပန်ခမ်းကြေညာချက်အရ သူတို့ဘက်က ကော်မတီဖွဲ့စည်းမယ်လို့ ဆိုတယ်။ ဖွဲ့ပြီး မပြီးတော့
ကျွန်တော်တို့ မသိရသေးဘူး" ဟု ၎င်းက ပြောသည်။
ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ရှေ့ကိုတက်ရသည့် အချိန်များနှင့် ရပ်တန့်နေရသည့် အချိန်များ
ရှိသကဲ့သို့ နောက်ပြန်ဆုတ်ရသည့် အချိန်များလည်း ရှိကြောင်းနှင့် ယခုရက်ပိုင်းအတွင်း
ဒုတိယပင်လုံညီလာခံအတွက် မျှော်လင့်ချက် တိုးပွားလာကြောင်း ဒေါ်အောင်ဆန်းစုကြည် က
၎င်း၏ မိန့်ခွန်းတွင် ပြောကြားခဲ့သည်။
"ဒါပေမဲ့ ကျွန်မတို့ရဲ့ ပန်းတိုင်က ဘာလဲဆိုတာ ကျွန်မတို့က ရှင်းရှင်းလင်းလင်း သိပါတယ်။
ပန်းတိုင်က ဘာလဲလို့ ရှင်းရှင်းလင်းလင်းသိလို့ ကျွန်မတို့ ဆက်ပြီးတော့ ဒီပန်းတိုင်ကို
ချီတက်သွားမှာဖြစ်ပါတယ်" ဟု ၎င်းက ပြောကြားခဲ့သည်။
















