မြန်မာ - တရုတ် ရေနံပိုက်လိုင်း ပို့ဆောင်ရေးသဘောတူစာချုပ် ချုပ်ဆို

မြန်မာ - တရုတ် ရေနံပိုက်လိုင်း ပို့ဆောင်ရေးသဘောတူစာချုပ် ချုပ်ဆို

မြန်မာ - တရုတ် ရေနံစိမ်းပိုက်လိုင်းစီမံကိန်းအတွက် ရေနံပို့ဆောင်ရေးဆိုင်ရာ သဘောတူစာချုပ်ကို
ယနေ့ (ဧပြီလ ၁၀) တွင် နှစ်နိုင်ငံခေါင်းဆောင်များရှေ့မှောက်တွင် လက်မှတ်ရေးထိုးခဲ့သည်ဟု
အရှေ့တောင် အာရှရေနံပိုက်လိုင်းကုမ္ပဏီ (SEAOP) က သတင်းထုတ်ပြန်ထားသည်။

သမ္မတဦးထင်ကျော်၏ တရုတ်နိုင်ငံခရီးစဉ်အတွင်း တရုတ်သမ္မတရှီကျင့်ဖျင်နှင့် ဘေဂျင်းမြို့တွင်
ယနေ့ တွေ့ဆုံခဲ့ပြီး၊ မြန်မာ - တရုတ်ရေနံစိမ်းပိုက်လိုင်းစီမံကိန်းဆိုင်ရာ သဘောတူစာချုပ်ကို
လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။

အရှေ့အလယ်ပိုင်းမှ ရေနံစိမ်းတန်ချိန် တစ်သိန်းလေးသောင်း တင်ဆောင်လာသော ရေနံတင်သင်္ဘော
United Dynamic သည်လည်း ရခိုင်ပြည်နယ် မဒေးကျွန်းသို့ ဆိုက်ကပ်၍ ယနေ့တွင်
ရေနံအတင်အချလုပ်ငန်း ဆောင်ရွက်ခဲ့သည်ဟု ထုတ်ပြန်ချက်က ဆိုသည်။

"မြန်မာ - တရုတ် ရေနံစိမ်းပိုက်လိုင်းစီမံကိန်းက တရုတ်နိုင်ငံရဲ့ ၂၁ ရာစု ပိုးလမ်းမကြီးအစီအစဉ်ဖြစ်တဲ့
One Belt, One Road အစီအစဉ်အရ အကျိုးတူအောင်နိုင်သော စီမံကိန်းကြီးဖြစ်ပါတယ်" ဟု
အရှေ့တောင်အာရှ ရေနံပိုက်လိုင်းကုမ္ပဏီ၏ သတင်းထုတ်ပြန်ချက်က ဆိုသည်။

မြန်မာ - တရုတ် ရေနံစိမ်းပိုက်လိုင်းစီမံကိန်းကို ၂၀၁၅ ခုနှစ် ဇန်နဝါရီလတွင် စမ်းသပ်ဖွင့်လှစ်ခဲ့ပြီ
ဖြစ်သော်လည်း ပိုက်လိုင်းလည်ပတ်ရေး၊ နှစ်ဖက်အကျိုးခံစားခွင့်နှင့် ရေနံစိမ်းတင်ပို့ရေးဆိုင်ရာ
ကိစ္စများအတွက် နှစ်နိုင်ငံအစိုးရများအကြား အချိန်နှစ်နစ်ကျော်ကြာ ညှိနှိုင်းဆွေးနွေးနေခဲ့ခြင်းဖြစ်သည်။

ရခိုင်ပြည်နယ်၊ မဒေးကျွန်းမှ စတင်၍ မြန်မာနိုင်ငံအလည်ပိုင်းကို ဖြတ်လျက် တရုတ်နိုင်ငံ
ယူနန်ပြည်နယ်အထိ သွယ်တန်းတည်ဆောက်ထားသည့် ရေနံစိမ်းပိုက်လိုင်းစီမံကိန်းကို
မြန်မာအစိုးရနှင့် တရုတ်အမျိုးသားရေနံ ကော်ပိုရေးရှင်းတို့ ၂၀၀၈ ခုနှစ်တွင် သဘောတူလက်မှတ်
ရေးထိုးခဲ့ပြီး၊ ၂၀၁၅ ခုနှစ်ဆန်းပိုင်းတွင် တည်ဆောက် ရေးလုပ်ငန်းများ ပြီးစီးခဲ့သည်။

မြန်မာ - တရုတ်ရေနံစိမ်းပိုက်လိုင်း၏ တည်ဆောက်ရေး ကုန်ကျစရိတ်အားဖြင့် အမေရိကန်ဒေါ်လာ
၂ ဒသမ ၄၅ ဘီလီယံရှိပြီး၊ မြန်မာနိုင်ငံမှ ၄၉ ဒသမ ၁ ရာခိုင်နှုန်း ပါ၀င်ရင်းနှီးမြှုပ်နှံထားသည်ဟု
တာဝန်ရှိသူများက ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး