'ဝ'ခေါင်းဆောင်သော ကော်မတီအသစ်နှင့် ငြိမ်းချမ်းရေးအကျပ်အတည်း

'ဝ'ခေါင်းဆောင်သော ကော်မတီအသစ်နှင့် ငြိမ်းချမ်းရေးအကျပ်အတည်း

 

'ဝ'ပြည် သွေးစည်းညီညွတ်ရေးပါတီ ခေါင်းဆောင်ပြီး အပစ်ရပ်စာချုပ်လက်မှတ် ရေးထိုးထားခြင်း
မရှိသေးသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း ခုနစ်ဖွဲ့ ပါဝင်သည့် ကော်မတီအသစ်
အစည်းအဝေးကို ဧပြီ ၁၅ ရက်မှ စတင်ပြီး 'ဝ' ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ပန်ခမ်းမြို့တွင်
ကျင်းပခဲ့သည်။

အဆိုပါအစည်းအဝေးကို ယမန်နေ့အထိ ဆက်လက်ကျင်းပနေပြီး၊ ကြေညာချက် တစ်စုံတစ်ရာ
ထုတ်ပြန်ခြင်း မရှိသေးသော်လည်း၊ အစည်းအဝေးပြီးဆုံးပါက အဆိုပါ မဟာမိတ်ကော်မတီအသစ်၏
ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အပေါ် သဘောထားများ၊ ဖွဲ့စည်းပုံများ၊ လုပ်ငန်းစဉ်များနှင့် အစိုးရနှင့်
ညှိနှိုင်းဆွေးနွေးရန် အချက်အလက်များကို ထုတ်ပြန်သွားဖွယ်ရှိသည်ဟု ပါဝင်သည့် အဖွဲ့အစည်းမှ
ကိုယ်စားလှယ်များက ဆိုသည်။

အပစ်ရပ်စာချုပ် NCA ကို အခြေခံသည့်ငြိမ်းချမ်းရေးဆွေးနွေးမှု လမ်းကြောင်းသည်
အလုပ်မဖြစ်တော့သောကြောင့် အဆိုပါစာချုပ်ကို အစားထိုးပြီး၊ လမ်းကြောင်းသစ်ရှာဖွေသွား
မည်ဖြစ်သည်ဟု ဖေဖော်ဝါရီလကုန်တွင် အဆိုပါကော်မတီက ကြေညာချက်ထုတ်ပြန်ခဲ့သည်။

၂ဝ၁၆ ခုနှစ်၊ နိုဝင်ဘာလတွင် တအာင်း၊ကိုးကန့်၊ ရက္ခိုင်နှင့်ကချင်စသည့် အဖွဲ့လေးဖွဲ့
ပါဝင်သော မြောက်ပိုင်း မဟာမိတ်အဖွဲ့၏ ရှမ်းပြည်နယ်မြောက်ပိုင်း ထိုးစစ်ဆင်မှုအပါအဝင်၊
'ဝ'ခေါင်းဆောင်သည့် ကော်မတီအသစ်ပေါ်ထွက်လာခြင်းနှင့် အဆိုပါကော်မတီအသစ်နှင့်
ဆွေးနွေးနိုင်ရေးမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရသစ်အတွက် စိန်ခေါ်မှုတစ်ရပ်
ဖြစ်လာသည်။

ရှမ်းမြောက်တိုက်ခိုက်မှုများမှာ တပ်မတော်၏ လပေါင်းများစွာ ကချင်နှင့် ရှမ်းပြည်နယ်အတွင်း
ထိုးစစ်များကို တုံ့ပြန်ခြင်းဖြစ်သည်ဟု တိုင်းရင်းသားများက ဆိုသည်။ အဆိုပါဒေသများတွင်
တပ်မတော်ဘက်က ထိုးစစ်ဆင်နေချိန်တွင် အာဏာရပါတီဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ခေါင်းဆောင်ပိုင်းက နှုတ်ဆိတ်နေမှုအပေါ် တိုင်းရင်းသားများက အားမလို အားမရဖြစ်ခဲ့ကြသည်။

သင်္ကြန်မတိုင်မီက ဘီဘီစီသတင်းဌာနနှင့် ပြုလုပ်ခဲ့သည့် တွေ့ဆုံမေးမြန်းခန်းတွင်
ဒေါ်အောင်ဆန်းစုကြည်က အောက်ပါအတိုင်း ပြောကြားခဲ့သည်။

''ဖွဲ့စည်းပုံအခြေခံဥပဒေမှာ စစ်ရေးစစ်ရာကိစ္စတွေကို တပ်မတော်ကသာ စီမံခန့်ခွဲပိုင်ခွင့်
ပြဋ္ဌာန်းထားတယ်လေ။ ဒါကြောင့်လည်း ကျွန်မတို့အနေနဲ့ အခြေခံဥပဒေကို
ပြောင်းဖို့ကြိုးစားနေတာပေါ့။ အခြေခံဥပဒေကို ပြင်ဆင်နိုင်ဖို့ဆိုတာ ကျွန်မတို့ရဲ့
ရည်မှန်းချက်တွေထဲက တစ်ခုပေါ့။ ဘာဖြစ်လို့လဲဆိုတော့ NCA ရဲ့ နောက်ဆုံးပန်းတိုင်က
ဖက်ဒရယ်စနစ်အခြေခံတဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြဋ္ဌာန်းနိုင်ဖို့လေ''ဟု အမျိုးသားပြန်လည်
သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန ဥက္ကဋ္ဌအဖြစ်လည်း တာဝန်ယူထားသူ
ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

အသစ်ပေါ်ထွက်လာသည့် 'ဝ'ခေါင်းဆောင်သည့် ကော်မတီအသစ်အား တိုင်းရင်းသားလူမျိုးများ
ဖက်ဒရေးရှင်း (Federation of Ethnic Nationalities) ဟု အမည်ပေးထားကြောင်း
လူမှုကွန်ရက်စာမျက်နှာများပေါ်တွင် ရေးသားမှုများ ရှိနေသော်လည်းတာဝန်ရှိသူများကမူ
အတည်ပြုရန်ငြင်းဆန်ခဲ့သည်။

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် စီးပွားရေးလုပ်ငန်းများ အခိုင်အမာတည်ဆောက်ထားသည့်
'ဝ'ပြည်သွေးစည်း ညီညွတ်ရေးပါတီက ခေါင်းဆောင်သည့် အဆိုပါကော်မတီသစ်နှင့် ပတ်သက်၍
နိုင်ငံရေး လေ့လာသုံးသပ်သူများအကြား သဘောထားအမြင် ဖြစ်ပေါ်နေပြီး၊ ၂ဝဝ၈
ဖွဲ့စည်းပုံအခြေခံဥပဒေကြောင့်ဖြစ်ပေါ်နေသည့် လက်ရှိ ငြိမ်းချမ်းရေးအကျပ်အတည်းကို
ကျော်လွှားရန်အတွက် ဖြစ်သည်ဟူသော သုံးသပ်မှုများလည်း ရှိသည်။

တအာင်းလက်နက်ကိုင်အဖွဲ့ (TNLA) ၏ အထွေထွေအတွင်းရေးမှူး တာဖုန်းကျော်ကတိုင်းရင်းသား
အဖွဲ့အစည်းများက ၂ဝဝ၈ဖွဲ့စည်းပုံ အခြေခံဥပဒေအရ အာဏာရပါတီ ခေါင်းဆောင်က
တပ်မတော်အပေါ်လွှမ်းမိုးနိုင်စွမ်းမရှိသည်ကို တိုင်းရင်းသားများက သိနားလည်ထားသည်ဟု
ဆိုသည်။

ထို့ကြောင့်လည်း လက်ရှိအခင်းအကျင်းကို ကျော်လွန်စဉ်းစားပြီး၊ ယခုထက် ပိုမိုအလုပ်ဖြစ်နိုင်
သည့် နည်းလမ်းသစ်ကို ရှာဖွေသင့်သည်ဟု ယူဆသုံးသပ်ရခြင်းဖြစ်ကြောင်း ၄င်းက ပြောသည်။

''အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဆိုတာက ၁၉၈၈ ခုနှစ်မှာ ပေါ်ထွက်လာတဲ့ အဖွဲ့အစည်းဖြစ်တယ်။
ကျွန်တော်တို့နဲ့ သူတို့ကြားမှာ ဘာရန်ညှိးမှ မရှိဘူး။ သူတို့သည်လည်းပဲအတိုင်းအတာတစ်ခုအထိ
အဖိနှိပ် ခံခဲ့ရတယ်ဆိုတာ ကျွန်တော်တို့ သိပါတယ်။ ဒါကြောင့်လက်ရှိ ဖွဲ့စည်းပုံအရ
အရပ်သားအစိုးရဟာ တပ်မတော်အပေါ် လွှမ်းမိုးနိုင်ခြင်း မရှိတဲ့အတွက် နည်းလမ်းအသစ်ရှာဖွေဖို့
လိုလာတယ်လို့ ကျွန်တော်တို့ စဉ်းစားတာဖြစ်ပါတယ်''ဟု တအာင်းအဖွဲ့ အထွေထွေ
အတွင်းရေးမှူး တာဖုန်းကျော်က ပြောသည်။

လက်နက်ကိုင်အဖွဲ့အစည်းများအကြား ညှိနှိုင်းရာတွင် အာဏာရပါတီက မည်သည့်ဘက်မှ
မနေပဲ၊ ကြားက ရပ်တည်သင့်သော်လည်း၊ အနာဂတ်နိုင်ငံတော်တည်ဆောက်ရေးနှင့်
ပတ်သက်သည့် မူဝါဒပိုင်းဆိုင်ရာ အခန်းကဏ္ဍများတွင်မူ ဦးဆောင်သင့်သည်ဟု ၄င်းက
ဆက်လက်ပြောကြားသည်။

''တပ်မတော်ဘက်က အလျှော့ပေးလို့မရတဲ့ အခိုင်အမာရပ်တည်ချက်တွေရှိတယ်။ ကျွန်တော်တို့
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေ ဘက်မှာလည်း အလျှော့ပေးလို့မရတဲ့ အခိုင်အမာ
ရပ်တည်ချက် တွေလည်းရှိတယ်။ အဲဒီအချက်တွေကို ဒေါ်အောင်ဆန်းစုကြည်က ကြားဝင်
စေ့စပ်ညှိနှိုင်းပေးဖို့ကျွန်တော်တို့က ဖြစ်စေချင်တာပါ''ဟုတာဖုန်းကျော်က ပြောသည်။

တစ်နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်စာချုပ်က လက်မှတ်ရေးထိုးပြီးနောက်ပိုင်း ဖြစ်ပေါ်လာသည့်
ပြဿနာများနှင့် တိုက်ပွဲများကို မဖြေရှင်းနိုင်သည့်အတွက် အဆိုပါစာချုပ်သည်
ထိရောက်မှုမရှိဟု ၄င်းက ဆိုသည်။

'' NCA လမ်းစဉ်က အလုပ်မဖြစ်ဘူးဆိုတာက RCSS နဲ့ တပ်မတော်ကြားမှာ တိုက်ပွဲဖြစ်တယ်။
စောင့်ကြည့်ရေးကော်မတီ ရှိပေမဲ့ဘာမှ ရလဒ်မထွက်ဘူး။ ကျွန်တော်တို့မူကြမ်းကို
သဘောတူခဲ့တုန်းက တရုတ်၊ ကုလသမဂ္ဂ စတဲ့ နိုင်ငံတကာ လေ့လာစောင့်ကြည့်သူတွေပါဝင်ဖို့
သဘောတူခဲ့တယ်။ အခုတော့ ဒါတွေမရှိဘူး''ဟု ၄င်းက ပြောသည်။

ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ(RCSS) သည် တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ်ကို
လက်မှတ်ရေးထိုးထားသည့် အဖွဲ့အစည်းတစ်ခုဖြစ်သော်လည်း၊ ယင်းနောက်ပိုင်း
တပ်မတော်နှင့်၄င်းအကြား မကြာခဏတိုက်ပွဲများ ပြန်လည်ဖြစ်ပွားလေ့ရှိသည်။

'ဝ'ခေါင်းဆောင်သည့် ကော်မတီအသစ်က၄င်း၏ မူဝါဒ၊ ဖွဲ့စည်းပုံ စသည်တို့ကို ထုတ်ပြန်ခြင်း
မရှိသေးသော်လည်း၊ ပြည်နယ်၊ပြည်ထောင်စုနှင့် လွှတ်တော်အဆင့် စသည့်အဆင့်သုံးဆင့်ပါ
အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုရယူပြီးနောက်၊ နိုင်ငံရေး ဆွေးနွေးပွဲတွင် ပါဝင်ရေး
ဟူသည့် 'ဝ'ပြည်သွေးစည်းညီညွတ်ရေးပါတီက အဆိုပြုထားသည့် လုပ်ငန်းစဉ်များမှာ ကော်မတီ
အသစ်ကလက်ခံနိုင်သည့် လမ်းကြောင်းဖြစ်လာနိုင်သည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ
ဦးမောင်မောင်စိုးက သုံးသပ်သည်။

''လက်ရှိ အဖွဲ့အစည်းတော်တော်များများနဲ့က ပြည်နယ်နဲ့ ပြည်ထောင်စုအဆင့်
အပစ်အခတ်ရပ်စဲရေးစာချုပ် ရှိတယ်။ ဒါပေမဲ့ ပြည်သူလူထုက ရွေးကောက်တင်မြှောက်တဲ့
လွှတ်တော်တွေရဲ့ အခန်းကဏ္ဍကိုလည်း ပါဝင်စေချင်ပုံ ရပါတယ်'' ဟု ၄င်းက ပြောသည်။

အစိုးရဘက်ကမူ ကော်မတီအသစ်၏ မူဝါဒ၊ ပါဝင်သည့်အဖွဲ့အစည်းများနှင့် ပတ်သက်သည့်
အချက်အလက်များ၊ အစိုးရနှင့်ညှိနှိုင်းရန် တောင်းဆိုချက်များကို မသိရသေး၍
စောင့်ကြည့်နေသည့် အနေအထားတွင်သာရှိနေသည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ အပစ်ရပ်စာချုပ်လက်မှတ်ရေးထိုးရေးကို
တံခါးဖွင့်ထားမည်ဖြစ်သော်လည်း၊ ဒုတိယအကြိမ်ပင်လုံကျင်းပရန်အတွက်မူ အဖွဲ့အစည်းအားလုံး
လက်မှတ် ရေးထိုးပြီးချိန်ကိုစောင့်မည်မဟုတ်ဟု ဧပြီ ၁၁ ရက်တွင် လူငယ်များနှင့် တွေ့ဆုံစဉ်
ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့သည်။ အပစ်ရပ်စာချုပ်ကို လက်မှတ် မထိုးရသေးသည့်
အဖွဲ့များကို ဒုတိယအကြိမ် ပင်လုံတွင် ပါဝင်ခွင့်အား အတိုင်းအတာတစ်ခုအထိ ပေးသွား
မည်ဟုလည်း ၄င်းက ဆိုသည်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကိုရည်ညွန်း၍၊ အစိုးရသစ်က အမျိုးသားရင်ကြားစေ့ရေး၊
ပြည်တွင်းငြိမ်းချမ်းရေး၊ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု ဖြစ်ပေါ်ရေးကို ရှေးရှုသည့်ဖွဲ့စည်းပုံ
အခြေခံဥပဒေသစ်တစ်ရပ် ပေါ်ပေါက်ရေးကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင်
''အလွန်နူးညံ့သိမ်မွေ့တဲ့အတွက်ကြောင့်သတိကြီးစွာ''ဖြင့်အထူးသတိထား ဆောင်ရွက်နေရကြောင်း
နိုင်ငံတော်သမ္မတဦးထင်ကျော်က ၄င်း၏ နှစ်သစ်ကူးနှုတ်ခွန်းဆက်စကားတွင်
ထည့်သွင်းပြောကြားခဲ့သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး