ထိုင်းရေနံကုမ္ပဏီ ပီတီတီအီးပီ ဝင်ငွေခွန် အများဆုံးပေးဆောင်သူဆု ချီးမြှင့်ခံရ

ထိုင်းရေနံကုမ္ပဏီ ပီတီတီအီးပီ ဝင်ငွေခွန် အများဆုံးပေးဆောင်သူဆု ချီးမြှင့်ခံရ

မြန်မာနိုင်ငံတွင် ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေတူးဖော်ထုတ်လုပ်ရေး
လုပ်ကိုင်လျက်ရှိသည့် ထိုင်းနိုင်ငံပိုင် ပီတီတီအီးပီရေနံကုမ္ပဏီသည် ၂ဝ၁၅၂ဝ၁၆
ခုနှစ်ဘဏ္ဍာနှစ်အတွက် ဝင်ငွေခွန်အများဆုံး ပေးဆောင်သူဆု ရရှိခဲ့သည်ဟု ကုမ္ပဏီက
သတင်းထုတ်ပြန်ထားသည်။ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များ
ဦးစီးဌာနက အခွန်အများဆုံးပေးဆောင်သူများကို ဆုချီးမြှင့်ခြင်း အခမ်းအနားကို
ဧပြီ ၁ဝ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။

မြန်မာနိုင်ငံတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ကိုင်နေသူများအနက် ပြီးခဲ့သည့်ဘဏ္ဍာနှစ်အတွက်
ရေနံနှင့်သဘာဝဓာတ်ငွေ့ရှာဖွေရေးလုပ်ငန်းတွင် တတိယ အခွန်အများဆုံးပေးဆောင်သည့်
ကုမ္ပဏီတစ်ခုအဖြစ် အသိအမှတ်ခံထားရသည်ဟု သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပီတီတီအီးပီကုမ္ပဏီမှာ မြန်မာနိုင်ငံတွင် အဓိကဝင်ငွေရရှိသော ရတနာနှင့် ရဲတံခွန်
သဘာဝဓာတ်ငွေ့တူးဖော်ရေးလုပ်ငန်းများ၏ အဓိက လုပ်ဖော်ကိုင်ဖက်ကုမ္ပဏီတစ်ခုဖြစ်ပြီး၊
သဘာဝဓာတ်ငွေ့စီမံကိန်းသစ်တစ်ခုဖြစ်သည့် ဇောတိက စီမံကိန်းကို ၂ဝ၁၄ ခုနှစ်တွင်
စတင်ထုတ်လုပ်ခဲ့သည်။

ထိုင်းနိုင်ငံပိုင် PTT ရေနံရှာဖွေတူးဖော်ရေး ကုမ္ပဏီအုပ်စု၏ လက်ခွဲကုမ္ပဏီတစ်ခုဖြစ်သည့်
ပီတီတီအီးပီသည် ၁၉၉၆ခုနှစ်တွင် မြန်မာနိုင်ငံ၌ ရုံးခွဲစတင် ဖွင့်လှစ်ခဲ့ပြီး၊ လက်ရှိတွင်
ကုန်းတွင်းနှင့် ကမ်းလွန်ပိုင်းလုပ်ကွက် ခုနစ်ခုတွင် ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေတူးဖော်ရေး
လုပ်ငန်းများဆောင်ရွက်လျက်ရှိသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး