ဧပြီလနောက်ဆုံးရက်သတ္တပတ်တွင် ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့၌ ကျင်းပမည့်
အာဆီယံထိပ်သီးဆွေးနွေးပွဲတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်
တက်ရောက်မည်ဖြစ်ရာ ရခိုင်အရေးနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြနိုင်ဖွယ်ရှိသည်ဟု
အာဆီယံသံတမန်များက မြန်မာတိုင်း(မ်)ကိုပြောသည်။
အာဆီယံ အလှည့်ကျဥက္ကဋ္ဌဖြစ်သည့် ဖိလစ်ပိုင်အစိုးရ ဦးဆောင်မည့် အာဆီယံထိပ်သီး
ဆွေးနွေးပွဲကို ဧပြီ ၂၈ ရက်နှင့် ၂၉ ရက်တွင် ကျင်းပမည်ဖြစ်ရာ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ
ခေါင်းဆောင်များ တက်ရောက်ရန် အတည်ပြုချက်ရထားပြီးဖြစ်သည်ဟု သက်ဆိုင်ရာ
သံတမန်များက ပြောသည်။
''ဒီတွေ့ဆုံမှုမှာ အာဆီယံခေါင်းဆောင်တွေအနေနဲ့ မိမိနိုင်ငံရဲ့ အရေးကိစ္စတွေကို
တင်ပြဆွေးနွေးခွင့်ရမှာ ဖြစ်တဲ့အတွက် တကယ့်အရေးပါတဲ့ အစည်းအဝေးတစ်ရပ်ဖြစ်တယ်'' ဟု
အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့တွင် အခြေစိုက် အဆင့်မြင့် အာဆီယံသံတမန်တစ်ဦးက
ပြောသည်။
''ထရမ့်အစိုးရနဲ့ ပတ်သက်ပြီး အာဆီယံအဖွဲ့ကြီးရဲ့ မူဝါဒ သဘောထားကိုလည်း ဆွေးနွေး
ကြလိမ့်မယ်'' ဟု အဆိုပါသံတမန်က ပြောသည်။
ဧပြီ ၂၉ ရက်တွင် ကျင်းပမည့် မနီလာ ထိပ်သီးဆွေးနွေးမှုတွင် အစည်းအဝေးပေါင်းငါးခု
ကျင်းပမည် ဖြစ်သည်။ အစည်းအဝေးအစီအစဉ်အရ မနက်ပိုင်းတွင် အာဆီယံခေါင်းဆောင်များ
မျက်နှာစုံညီ အစည်းအဝေးကို ပထမဆုံးကျင်းပပြီးနောက်တွင်အလွတ်သဘော ဆွေးနွေးပွဲများကို
နေ့လယ်ပိုင်းတွင် ဆက်လက်ကျင်းပမည် ဖြစ်သည်။ ထို့နောက် အာဆီယံခေါင်းဆောင်များသည်
အာဆီယံအသိုက်အဝန်း ဖွ့ံဖြိုးတိုးတက်မှု အပါအဝင် ဒေသတွင်းနှင့် နိုင်ငံတကာအရေးကိစ္စများကို
နှစ်နာရီကြာ ဆွေးနွေးကြမည်ဖြစ်သည်။
ရခိုင်ပြည်နယ်အရေးနှင့် ပတ်သက်၍ ဒေသတွင်းနှင့် နိုင်ငံတကာက ဖိအားပေးမှုများ
မြင့်တက်ခဲ့သောကြောင့် ဒေါ်အောင်ဆန်းစုကြည်က အာဆီယံနိုင်ငံခြားရေးဝန်ကြီးများကို
ရန်ကုန်မြို့သို့ ပြီးခဲ့သည့် ဒီဇင်ဘာ ၁၉ ရက်တွင် ဖိတ်ခေါ်ဆွေးနွေးခဲ့သည်။
မြန်မာနိုင်ငံက ပထမဆုံးအကြိမ်ခေါ်ယူခဲ့သည့် ထိုအလွတ်သဘော တွေ့ဆုံဆွေးနွေးမှုတွင်
ရခိုင်ပြည်နယ်အရေးနှင့် ပတ်သက်၍ နောက်ဆက်တွဲ အခြေအနေများကို တင်ပြရန်
အာဆီယံမိတ်ဆွေများကို မြန်မာနိုင်ငံက ကတိပေးခဲ့သည်။
ရခိုင်ပြည်နယ်အရေးသည် အချိန်လေးလကြာပြီးနောက် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူး
ချုပ်ဟောင်း ကိုဖီအာနန်ဦးဆောင်သည့် အကြံပေးကော်မရှင်၏ အကြံပြုတင်ပြချက်များကို
အကောင်အထည် ဖော်ခြင်းနှင့်အတူ တိုးတက်မှုအခြေအနေများ ရှိလာခဲ့သည်ဟု
ဒေသတွင်းနိုင်ငံများက လက်ခံထားသည်။
မနီလာ ထိပ်သီးအစည်းအဝေးတွင် အာဆီယံခေါင်းဆောင် အချင်းချင်းတွေ့ဆုံဆွေးနွေးမှုများအပြင်
အာဆီယံဒေသတွင်းဆိုင်ရာ ပါလီမန်အမတ်များ ညီလာခံကိုလည်း ကျင်းပပြုလုပ်မည်ဖြစ်သည်။
ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုနှင့် အပြန်အလှန်ချိတ်ဆက်ဆောင်ရွက်မှုများ အရှိန်မြှင့်တင်ရန်
အာဆီယံနိုင်ငံများက လွှတ်တော်ကိုယ်စားလှယ်၏ ဥပဒေပြုရေး အခန်းကဏ္ဍကို တိုးတက်လာစေမည့်
နည်းလမ်းများကို ဆွေးနွေးကြမည်ဖြစ်ကြောင်း သတင်းအရင်းအမြစ်များက ပြောသည်။
ထို့ပြင် အာဆီယံလူငယ်ကိုယ်စားလှယ်များက အာဆီယံအသိုက်အဝန်း တိုးတက်ခိုင်မာစေရေး
ကြိုးပမ်းရာတွင် အာဆီယံလူ့အဖွဲ့အစည်းအကြား လူငယ်များ၏ အခန်းကဏ္ဍနှင့် ပတ်သက်၍
အာဆီယံခေါင်းဆောင်များနှင့် ဆွေးနွေးကြမည် ဖြစ်သည်။
သတင်းအရင်းအမြစ်များ၏ ပြောဆိုချက်အရ ထိပ်သီးအစည်းအဝေးကို အာဆီယံခေါင်းဆောင်များနှင့်
အရပ်ဘက်အဖွဲ့အစည်းများက ကိုယ်စားလှယ်များအကြား ပေါင်းကူးဆက်နွှယ်မှု အခြေအနေများကို
ဆွေးနွေးဖလှယ်ခြင်းဖြင့် အဆုံးသတ်မည် ဖြစ်သည်။
အောက်ခြေလူထု၏ သဘောထားအကြံဉာဏ်များကို ရယူရန် အာဆီယံခေါင်းဆောင်များနှင့်
အရပ်ဘက်အဖွဲ့အစည်း ကိုယ်စားလှယ်များအကြား တိုက်ရိုက်တွေ့ဆုံဆွေးနွေးမှုများကို
အရေးပါသည့် အစည်းအဝေးတစ်ခုအနေဖြင့် ၂ဝဝ၅ ခုနှစ်မှစတင်ကာ အာဆီယံထိပ်သီး
အစည်းအဝေးများတွင် ထည့်သွင်းကျင်းပခဲ့သော်လည်း အလှည့်ကျတာဝန်ယူရသည့်
နိုင်ငံအလိုက် အာဆီယံခေါင်းဆောင်များနှင့် အရပ်ဘက်အဖွဲ့အစည်းများ၏ ဆွေးနွေးမှုပုံစံက
ကွဲပြားလေ့ရှိသည်။
ထိပ်သီးအစည်းအဝေးတွင် အဓိကကျသည့် ကြေညာချက်နှစ်ခု ထွက်ပေါ်လာမည်ဖြစ်ပြီး၊
၄င်းတို့မှာ အကြိမ် ၃ဝ မြောက် အာဆီယံ ထိပ်သီးအစည်းအဝေး၏ဥက္ကဋ္ဌဖြစ်သည့်
ဖိလစ်ပိုင်အစိုးရ၏ထုတ်ပြန်ကြေညာချက်နှင့် အာဆီယံကြေညာစာတမ်းအရ ၂ဝ၂၅ ခုနှစ်
အာဆီယံအသိုက်အဝန်း ရည်မှန်းချက် အောင်မြင်ရေးအတွက် အရပ်ဘက်လူ့အဖွဲ့အစည်း၏
အခန်းကဏ္ဍနှင့် စပ်လျဉ်းသည့် ကြေညာချက် ဖြစ်သည်။
သို့ရာတွင် ရွှေ့ပြောင်းအလုပ်သမားများ၏ အခွင့်အရေး ကာကွယ်ရေးနှင့် မြှင့်တင်ရေး
အာဆီယံသဘောတူ စာချုပ်ကို ဘုံသဘောတူချက် မရရှိသေးသည့်အတွက် လက်မှတ်ရေးထိုးရန်
ထပ်မံနှောင့်နှေး နိုင်မည်ဟု သတင်းအရင်းအမြစ်များက ပြောသည်။ အာဆီယံခေါင်းဆောင်အချို့ကမူ
တရားဥပဒေအရ အကာအကွယ်ပေးနိုင်သည့် စာချုပ်တစ်ရပ်ကို အလိုရှိနေသည်။
''ခေါင်းဆောင်တွေ ဆုံးဖြတ်ရမယ့် ကိစ္စတစ်ရပ်ပဲ'' ဟု သံအမတ်တစ်ဦးက ပြောသည်။
အိအိတိုးလွင် ဘာသာပြန်သည်။
















