မောင်တောတွင် ဒေသခံများ သတ်ဖြတ်ခံနေရဟု အစိုးရထုတ်ပြန်

မောင်တောတွင် ဒေသခံများ သတ်ဖြတ်ခံနေရဟု အစိုးရထုတ်ပြန်

 

ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောမြို့နယ် တပ်ဦးချောင်းကျေးရွာအုပ်စုတာဝန်ခံဖြစ်သည့်
အာမီအာလီကို အနက်ရောင်မျက်နှာဖုံးစွပ် အမျိုးသား ၁ဝ ဦးခန့်က ဓားဖြင့်ခုတ်သတ်မှု
ဖြစ်ပွားခဲ့သည်ဟု နိုင်ငံတော်၏အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေး ကော်မတီက ဧပြီ ၁၇ ရက်တွင်
ထုတ်ပြန်ထားသည်။

ကျေးရွာအုပ်စု တာဝန်ခံ အာမီအာလီသည် ၄င်း၏နေအိမ်တွင် ထိုးသွင်းဒဏ်ရာများဖြင့်
သေဆုံးသွားခဲ့ကြောင်း၊ ပတ်ဝန်းကျင်ကလူများထွက်လာသဖြင့် အဆိုပါ မျက်နှာဖုံးစွပ်အဖွဲ့သည်
သေနတ်ပစ်ဖောက်ကာ ရွာ၏ အနောက်မြောက်ဘက်သို့ ထွက်ပြေးသွားခဲ့ကြောင်း၊
နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များက အာမီအာလီ၏ နေအိမ်ပတ်ဝန်းကျင်၌ ပစ္စတိုကျည်ခွံနှစ်ခု
တွေ့ရှိခဲ့ပြီး မျက်နှာဖုံးစွပ်အဖွဲ့ ထွက်ပြေးသည့် လမ်းကြောင်းအတိုင်း လိုက်လံ
ရှင်းလင်းလျက်ရှိကြောင်းနှင့် ဥပဒေလုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်ရန်
စီစဉ်လျက်ရှိသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အဆိုပါ လူသတ်မှု ဖြစ်ပွားခဲ့သည့်နေ့တွင်ပင် မောင်တောမြို့နယ် သဝန်ချောင်းကျေးရွာတွင်
လူလေးဦးပါဝင်သော ဓားပြအဖွဲ့ ဝင်ရောက်ခဲ့ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး
သတင်းထုတ်ပြန်ရေး ကော်မတီကသတင်းထုတ်ပြန်ထားသည်။

အဆိုပါဓားပြအဖွဲ့ကို ရွာသားများကဝိုင်းဝန်းဖမ်းဆီးရာ ဓားပြအဖွဲ့က သေနတ်ပစ်ဖောက်၍
လူစုခွဲထွက်ပြေးခဲ့ပြီး ရွာသားတစ်ဦးဖြစ်သည့် ဟာမိတ်ဆိုသူ၏ ယာပေါင်တွင် ကျည်ထိမှန်ကာ
ဒဏ်ရာရရှိခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နိုင်ငံတော်၏အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေး ကော်မတီ၏ သတင်းထုတ်ပြန်ချက်များအရ
မောင်တောမြို့နယ် ကြိမ်ချောင်းတောင်ကျေးရွာတွင် နေထိုင်သူတစ်ဦးဖြစ်သည့် မာမတ်တာလောင်
(ခ) ဇော်လှိုင်သည် ဧပြီ ၁၆ ရက်မှ စတင်၍ ပျောက်ဆုံးလျက်ရှိကြောင်း၊ဧပြီ ၁၁ ရက်တွင်လည်း
တူလာတူလီတောင်ကျေးရွာတွင် မျက်နှာဖုံးစွပ်တစ်ဦးက ဆွေယော့တာလောဆိုသူထံမှ
ငွေကျပ် ၄၃ဝ,ဝဝဝ လုယူခဲ့ကြောင်း၊ ဧပြီ ၁ဝ ရက်တွင် ကွမ်းသီးပင်ကျေးရွာနေ ဆယ်အိမ်မှူးဟောင်း
မော်ဖီးအာလောင် (၄ဝ နှစ်) ပျောက်ဆုံးလျက်ရှိသည်။

ပြီးခဲ့သည့်နှစ် အောက်တိုဘာ ၉ ရက်တွင် နယ်ခြားစောင့်စခန်းများ ဝင်ရောက်တိုက်ခိုက်ခံခဲ့ရသည့်
ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောခရိုင်ဒေသသို့ ပြည်ထောင်စုအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့်
ပြည်တွင်းပြည်ပ သတင်းမီဒီယာများ မြေပြင်ကွင်းဆင်း သတင်းရယူရန် ဆောင်ရွက်ပေးခဲ့သည်။

နိုင်ငံတော်၏ အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေး ကော်မတီ၏ သတင်းထုတ်ပြန်ချက်များအရ
မောင်တောဒေသသို့ ပြည်တွင်းပြည်ပ မီဒီယာများ သွားရောက်သတင်းယူစဉ်အတွင်း
တွေ့ဆုံမေးမြန်းခံခဲ့သည့် ဒေသခံများ သတ်ဖြတ်ခံရမှုများလည်း ဖြစ်ပွားခဲ့သည်။ဒီဇင်ဘာလအတွင်း
သတင်းမီဒီယာများနှင့် တွေ့ဆုံခဲ့သည့် ငါးခူရကျေးရွာ စေတနာ့ဝန်ထမ်း စာကြည့်တိုက်မှူး
ဒုစ်မာမတ် (ခ) ရှူနာအသတ်ခံခဲ့ရပြီး၊ ဒုတိယအကြိမ် သတင်းမီဒီယာများ ကွင်းဆင်းစဉ်
ဖြေကြားခဲ့သည့်ဘူးသီးတောင်မြို့နယ် တင်းမေကျေးရွာ တာဝန်ခံဖြစ်သူ ဟာမစ်ဒူလာသည်လည်း
ဧပြီ ၁ ရက်တွင် ၄င်း၏ နေအိမ်၌ မျက်နှာဖုံးစွပ်လူ ခုနစ်ဦး၏ သတ်ဖြတ်ခြင်းခံခဲ့ရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး