ရခိုင်ပြည်နယ်အတွင်းရှိ ဒုက္ခသည် စခန်းများ ပိတ်သိမ်းလျက်ရှိ

ရခိုင်ပြည်နယ်အတွင်းရှိ ဒုက္ခသည် စခန်းများ ပိတ်သိမ်းလျက်ရှိ

ရခိုင်ပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းလာပြီဖြစ်သဖြင့် ယာယီနေရာချထားသည့်
ဒုက္ခသည်စခန်းများကို ပိတ်သိမ်းလျက်ရှိကြောင်း ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး
ဦးတင်မောင်ဆွေက ဧပြီ ၁၈ ရက်တွင် ပြောကြားသည်။

''ရခိုင်ပြည်နယ်အတွင်းမှာရှိတဲ့ စခန်းအကုန်လုံးကို ဖျက်သိမ်းနိုင်အောင် ကြိုးစား
လုပ်ဆောင်နေပါတယ်။ ဒါပေမဲ့ အဆင်မပြေနိုင်တဲ့နေရာတွေ ရှိနေသေးတယ်။ ဒါတွေကိုတော့
မဖျက်သိမ်းသေးဘူး။ အဆင်ပြေတဲ့ နေရာတွေကိုပဲ ဖျက်သိမ်းနေတာဖြစ်ပါတယ်''ဟု ၄င်းက
မြန်မာတိုင်း(မ်)ကို ပြောသည်။

လက်ရှိတွင် ကျောက်ဖြူ၊ ရမ်းဗြဲနှင့် ပေါက်တောမြို့နယ်များရှိ ဘင်္ဂါလီ၊ ကမန်နှင့် ရခိုင်ဒုက္ခသည်
စခန်းများကို မူလနေရာသို့ ပြောင်းရွှေ့ပေးနိုင်ရန် ဦးစားပေးလုပ်ဆောင်လျက်ရှိသော်လည်း
အချို့နေရာများတွင် ပြန်လည်နေရာချထားပေးနိုင်ခြင်း မရှိသေးကြောင်း၊ ဒေသခံများနှင့်
စခန်းတွင်း နေထိုင်သူများပါ အဆင်ပြေနိုင်မည့်နေရာတွင် နေရာချထားပေးရန်
ဆောင်ရွက်လျက်ရှိကြောင်း ဦးတင်မောင်ဆွေက ပြောသည်။

ပြောင်းရွှေ့ရာတွင် ကျောက်ဖြူမြို့နယ် ကညင်ချောင်း ဒုက္ခသည်စခန်းမှ လူဦးရေ ၄ဝဝ ကျော်၊
ရမ်းဗြဲမြို့နယ်ရှိ ကမန်ဒုက္ခသည်စခန်းမှ ၉၆ ဦးနှင့် ကျောက်တစ်လုံးဒုက္ခသည်စခန်းမှ လူဦးရေ
၁,၁၁၉ ဦးကို မိုးမကျမီ အပြီးရွှေ့ပြောင်းသွားမည်ဖြစ်ကြောင်း၊ကျောက်ဖြူမြို့နယ်ရှိ ဘင်္ဂါလီ
ဒုက္ခသည်စခန်းကို ရွှေ့ပြောင်းရန်ဒေသခံများနှင့် ဆွေးနွေးညှိနှိုင်းရမည်ဖြစ်သဖြင့်
ပြောင်းရွှေ့ရန် အဆင်မပြေသေးကြောင်းလည်း ၄င်းက ပြောသည်။

အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်းသည် ပြည်တွင်းအခြေစိုက်
နိုင်ငံတကာသံတမန်များနှင့် ကုလသမဂ္ဂအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် ဧပြီ
၁၁ ရက်တွင် ရန်ကုန်မြို့၌ တွေ့ဆုံစဉ် ရခိုင်ပြည်နယ်တွင် ဆောင်ရွက်လျက်ရှိသည့်
ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည် ရင်ကြားစေ့ရေး လုပ်ငန်းစဉ်နှင့် ပတ်သက်၍
ရှင်းလင်းပြောကြားခဲ့သည်။

ရခိုင်ပြည်နယ်အရေး၏ သိမ်မွေ့နက်နဲသော သဘောသဘာဝနှင့် စိန်ခေါ်မှုများကို
ဦးသောင်းထွန်းက ရှင်းလင်းပြောကြားခဲ့ရာတွင် အဓိကအရေးကြီးသည့် ယုံကြည်မှု
တည်ဆောက်ရေး၊ ဆင်းရဲနွမ်းပါးမှုနှင့် ဖွံ့ဖြိုးမှုနောက်ကျကျန်ခြင်း ဖြေရှင်းရေးအတွက်
နည်းလမ်းများ ရှာဖွေဆောင်ရွက်လျက်ရှိသည်ဟု ဆိုသည်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ မြန်မာနိုင်ငံနှင့် ပတ်သက်သည့် ဆုံးဖြတ်ချက်မှာ နိုင်ငံ၏
အခြေအနေနှင့် ကိုက်ညီခြင်းမရှိသဖြင့်မြန်မာအစိုးရက ကန့်ကွက်ကြောင်း ကြေညာချက်
ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်ဟုလည်း ဦးသောင်းထွန်းက ထည့်သွင်းပြောကြားခဲ့သည်။

ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်ဦးဆောင်သည့် ရခိုင်ပြည်နယ်
ဆိုင်ရာ အကြံပေးကော်မရှင်၏ ကြားဖြတ်အစီရင်ခံစာပါ အကြံပြုချက်များနှင့် ပတ်သက်၍
အလျင်အမြန် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်ဟု ဆိုသည်။

အစီရင်ခံစာပါ အကြံပြုချက်များအနက် လတ်တလောအကောင်အထည်ဖော် ဆောင်ရွက်လျက်
ရှိသည့် ကျောက်ဖြူ၊ စစ်တွေ၊ ရမ်းဗြဲရှိ ဒုက္ခသည်စခန်းများ (IDP) ပိတ်သိမ်းရေး၊
မီဒီယာများလွတ်လပ်စွာ သွားရောက် သတင်းယူနိုင်ရေး၊ အကျဉ်းထောင်များတွင် ICRC
အဖွဲ့ဝင်များ သွားရောက်ခွင့်ရရှိရေး၊ လူသားချင်းစာနာထောက်ထားမှု အကူအညီများ
တိုးမြှင့်ပေးနိုင်ရး၊ နိုင်ငံသားစိစစ်ရေးလုပ်ငန်းစဉ် တိုးတက် မြန်ဆန်ရေး ဆောင်ရွက်နေခြင်း
သည် အပြုသဘောဆောင်သော တိုးတက်မှုများဖြစ်သည်ဟု ဦးသောင်းထွန်းက ပြောကြား
ခဲ့သည်။

လူ့အခွင့်အရေး ချိုးဖောက်မှုရှိသည်ဟူသော စွပ်စွဲချက်များနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးရေး
ကော်မရှင်က ရခိုင်ပြည်နယ်အတွင်း ထိခိုက်မှုရှိခဲ့သည့်နေရာများနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ
ကော့ဘဇားခရိုင်သို့ သွားရောက် စုံစမ်းစစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း၊ လူ့အခွင့်အရေး
ချိုးဖောက်မှု ကျူးလွန်ကြောင်း ထင်ရှားသည့် သက်သေအထောက်အထားများရှိပါက
တရားဥပဒေအရ ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း ဦးသောင်းထွန်းက
အတည်ပြုပြောကြားသည်။

နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် ရခိုင်ပြည်နယ်အရေး ဆောင်ရွက်မှုများအပေါ်
နားလည်သဘောပေါက်ပြီး အပြုသဘောဆောင်သော ထောက်ခံကူညီမှုများ ဆက်လက်
ပေးလိမ့်မည်ဟု မျှော်လင့်ထားသည်ဟုလည်း အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်က
ပြောကြားခဲ့သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး