သမ္မတဦးထင်ကျော်၏ တရုတ်နိုင်ငံခရီးစဉ်အတွင်း မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းနှင့်
ပတ်သက်၍ နှစ်နိုင်ငံသဘောတူညီမှု ရှိခဲ့သည်ဟုဆိုသော်လည်း ဧရာဝတီ မြစ်ဆုံမြစ်ညာမြစ်ဝှမ်း
ရေအားလျှပ်စစ်စီမံကိန်းများ လေ့လာစိစစ်သုံးသပ်ရေးကော်မရှင်၏ အပြီးသတ်အစီရင်ခံစာကို
ထပ်မံစောင့်ဆိုင်းရမည်ဟု တာဝန်ရှိသူများက ပြောသည်။
ယခုလဆန်းပိုင်းတွင် သွားရောက်ခဲ့သည့် သမ္မတဦးထင်ကျော်၏ ခြောက်ရက်ကြာ
တရုတ်နိုင်ငံခရီးစဉ်အတွင်း မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ပြီး
နှစ်နိုင်ငံအကျိုးရှိစေမည့် သဘောတူညီချက် ရရှိခဲ့သည်ဟု တွေ့ဆုံဆွေးနွေးမှုအပြီး
ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် တရုတ်ဒုတိယနိုင်ငံခြားရေးဝန်ကြီး
မစ္စတာလျူကျင်းမင်းက ပြောကြားခဲ့သည်ဟု ဧပြီ ၁၁ ရက်နေ့ထုတ် တရုတ်နိုင်ငံပိုင်
Global Times သတင်းစာက ဆိုသည်။
''နှစ်နိုင်ငံကြားမှာ တူညီတဲ့သဘောထားတွေ ရှိကြတာနဲ့အညီ အခြေခံသဘောတူညီချက်တွေကို
ရရှိခဲ့ပါတယ်။ စီမံကိန်းကို ရပ်ထားခဲ့တာ ခြောက်နှစ်နီးပါး ရှိနေပါပြီ။ နှစ်ဦးနှစ်ဖက်အကျိုးရှိမယ့်
သဘောတူညီချက်မျိုး ကို ချမှတ်သင့်ပါတယ်''ဟု ၄င်းက ပြောသည်။
မြစ်ဆုံစီမံကိန်းကို ၄င်းတို့အစိုးရ သက်တမ်းအတွင်း အကောင်အထည်ဖော်ခြင်းမပြုရန်
သမ္မတဟောင်းဦးသိန်းစိန်က ၂ဝ၁၁ ခုနှစ်တွင် ကြေညာခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
အစိုးရလက်ထက်တွင် မြစ်ဆုံစီမံကိန်းကို ဆက်လက်ဆိုင်းငံ့ရန် မဖြစ်နိုင်သည့်အတွက်
အပြီးသတ်ဆုံးဖြတ်ချမှတ်နိုင်ရန် ကြိုးပမ်းနေခြင်း ဖြစ်သည်။
အစိုးရသစ်လက်ထက်တွင် မြစ်ဆုံကော်မရှင်ဟု လူသိများနေသည့် ဧရာဝတီမြစ်ဆုံမြစ်ညာမြစ်ဝှမ်း
ရေအားလျှပ်စစ်စီမံကိန်းများ လေ့လာစိစစ်သုံးသပ်ရေးကော်မရှင်ကို ဖွဲ့စည်းခဲ့ပြီး
မြစ်ဆုံစီမံကိန်းနှင့် ပတ်သက်ပြီး လေ့လာတွေ့ရှိချက်များ ပါဝင်သည့် ကြားဖြတ်အစီရင်ခံစာ
တစ်စောင်ကို သမ္မတဦးထင်ကျော်ထံ ကော်မရှင်က ပြီးခဲ့သည့် နိုဝင်ဘာလတွင်
တင်ပြခဲ့ပြီးဖြစ်သည်။
သမ္မတဦးထင်ကျော်ထံ တင်ပြခဲ့သည့်အစီ ရင်ခံစာတွင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနှင့်
သဘာဝပတ်ဝန်းကျင်အနေအထားစသည်ဖြင့် ခေါင်းစဉ်များ သီးခြားစီခွဲကာ ရေးသားတင်ပြခဲ့ပြီး
မြစ်ဆုံစီမံကိန်းကြီးကို ဆက်မလုပ်သင့်ဟူသော အကြံပြုချက်လည်း ပါဝင်ခဲ့သည်ဟု
ကော်မရှင်အဖွဲ့ဝင်များက ပြောသည်။
သမ္မတဦးထင်ကျော်၏ တရုတ်နိုင်ငံ ခရီးစဉ်မတိုင်မီ မြစ်ဆုံစီမံကိန်း ဖျက်သိမ်းနိုင်သည်
ဟူသော သတင်းများ ထွက်ပေါ်ခဲ့သော်လည်း လက်ရှိအစိုးရသက်တမ်းအတွင်း စီမံကိန်း
ဖျက်သိမ်းနိုင်သော်လည်း လတ်တလောကာလတွင် မဖြစ်နိုင်သေးကြောင်း အမည်မဖော်
လိုသည့် ကော်မရှင်အဖွဲ့ဝင်တစ်ဦးက ပြောသည်။
''ကော်မရှင်က အစီရင်ခံစာတစ်စောင် ထပ်ပြီးတင်ပြဖို့ ရှိနေပါသေးတယ်။ အခုလည်း
ကော်မရှင်က လေ့လာစိစစ်မှုတွေ လုပ်နေပါတယ်။ ကော်မရှင်ရဲ့တာဝန်က မပြီးသေးပါဘူး။
စီမံကိန်းရဲ့အနာဂတ်က အစိုးရအဖွဲ့အပေါ်မှာပဲ မူတည်ပါတယ်။ စီမံကိန်းကို အပေးအယူနဲ့
ဖျက်သိမ်းဖို့ ဆိုတာကို ကျွန်တော်တို့လည်း သေချာမသိပါဘူး။ ဖြစ်နိုင်မယ့်အနေအထားလည်း
ရှိပါတယ်''ဟု ယင်းကော်မရှင်အဖွဲ့ဝင်က ဆိုသည်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် မြစ်ဆုံကော်မရှင်၏ အစီ
ရင်ခံစာအပေါ် အလေးထားသည့်သဘောရှိနေပြီး ကော်မရှင်၏အကြံပြုချက်အတိုင်း
သွားမည့်အခြေအနေမျိုး ရှိနေသည်ဟု မတ်လအတွင်း ကချင်ပြည်နယ်သို့ လာရောက်စဉ်
ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရခဲ့သည့် ကချင်အရပ်ဘက်အဖွဲ့အစည်းများက
ပြောသည်။
မြစ်ဆုံစီမံကိန်းနှင့်ပတ်သက်၍ ကချင်လူမှုအဖွဲ့အစည်းများက ဒေါ်အောင်ဆန်းစုကြည်ကို
မေးမြန်းခဲ့ရာ ကော်မရှင်၏ အပြီးသတ်အစီရင်ခံစာကို စောင့်နေသည်ဟူ၍သာပြန်လည်
ဖြေကြားခဲ့သည်ဟု ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့သည့် ထွယ်အမျိုးသမီးများနှင့်
ဖွံ့ဖြိုးရေးဖောင်ဒေးရှင်းတာဝန်ခံ ဒေါ်နန်ပူက ပြောသည်။
''အစိုးရမဖွဲ့ခင် အရင်အချိန်တွေတုန်းက မြစ်ဆုံစီမံကိန်းကို အမြန်ဆုံး ရပ်ဆိုင်းသင့်ပါတယ်
ဆိုတာမျိုး ပြောခဲ့တယ်။ အစိုးရလည်းဖြစ်ရော မြစ်ဆုံစီမံကိန်းက မရှိသင့်ဘူး။ ဖျက်သိမ်း
သင့်တယ်ဆိုတာမျိုးကို မပြောကြဘူး။ ကျွန်မတို့ ကချင်လူထုတွေက အဲဒါမျိုးကို ကြားချင်နေ
တာပါ။ ဒေါ်အောင်ဆန်းစုကြည်ကို မေးတုန်းကလည်း သူ့အနေနဲ့ မှတ်ချက်မပေးချင်ဘူး။
ကော်မရှင်ရဲ့ အစီရင်ခံစာကို စောင့်နေတယ်လို့ပဲ ပြန်ဖြေတယ်။ အားမရဘူးပေါ့ နော်'' ဟု
၄င်းက ပြောသည်။
မြစ်ဆုံစီမံကိန်း၏ ရှေ့အလားအလာနှင့် ပတ်သက်၍ ပြည်ထောင်စုအဆင့် ဖွဲ့စည်းထားသော
လေ့လာသုံးသပ်ရေးကော်မရှင်၏အဖြေကို စောင့်ဆိုင်းဖို့ လိုအပ်ကြောင်း နေပြည်တော်၌
ယခုလ ၆ ရက်က ကျင်းပပြုလုပ်ခဲ့သည့် အစိုးရအဖွဲ့၏ တစ်နှစ်တာဆောင်ရွက်ချက်များနှင့်
စပ်လျဉ်းသည့် သတင်းစာရှင်းလင်းပွဲတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်
ဦးကျော်ဇေယျက ပြောကြားခဲ့သည်။
''မြစ်ဆုံကတော့ ဒီကော်မရှင်ရဲ့ ရလဒ်တစ်ခု ထွက်လာတဲ့အထိ နှစ်ဖက်စလုံးက စိတ်ရှည်ရှည်နဲ့
စောင့်ဆိုင်းသွားရမှာ ဖြစ်ပါ တယ်'' ဟု ၄င်းက ပြောသည်။
မြစ်ဆုံကော်မရှင်သည် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဖြစ်သောကြောင့် ကော်မရှင်၏
လေ့လာတွေ့ရှိချက်အတိုင်း အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း လျှပ်စစ်နှင့်
စွမ်းအင်ဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးထိန်လွင်က အဆိုပါသတင်းစာရှင်းလင်းပွဲတွင်
ပြောကြားခဲ့သည်။
''ဒီကော်မရှင်က စစ်ဆေးမှုတွေ ဆောင်ရွက်ပြီးတော့ တိတိကျကျ သတင်းထုတ်ပြန်ပါ
လိမ့်မယ်။ ကျွန်တော်တို့ဌာနကတော့ ကော်မရှင်ရဲ့ တွေ့ရှိချက်အပေါ်မှာ ဆောင်ရွက်သွားမှာ
ဖြစ်ပါတယ်။ သူတို့ရဲ့ လေ့လာ တွေ့ရှိချက်၊ သုံးသပ်ချက်တွေအပေါ်မှာ မူတည်ပြီးတော့
ဘယ်လိုဆက်လုပ်ရမယ်ဆိုတာ ပြည်သူကိုလည်း ချပြသွားမှာဖြစ်ပါတယ်'' ဟု ၄င်းက
ပြောသည်။
ရင်းနှီးမြှုပ်နှံမှုတန်ဖိုး အမေရိကန်ဒေါ်လာ ၃ ဒသမ ၆ ဘီလျံတန်ဖိုးရှိသည့် မြစ်ဆုံရေအား
လျှပ်စစ်စီမံကိန်းကို မြန်မာအစိုးရနှင့် တရုတ်နိုင်ငံပိုင် China Power Investment (CPI)
ကုမ္ပဏီတို့ ၂ဝဝ၆ ခုနှစ်တွင် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်သည်။
နှစ်နိုင်ငံ တာဝန်ရှိသူများ၏အဆိုအရ မြစ်ဆုံစီမံကိန်းက ထုတ်လုပ်ရရှိမည့် လျှပ်စစ်ဓာတ်အား
၈ ရာခိုင်နှုန်းမှ ၁ဝ ရာခိုင်နှုန်းအထိကို မြန်မာက အခမဲ့ ရရှိမည်ဖြစ်ပြီး ဓာတ်အားလိုအပ်ချက်
အလိုက် မြန်မာနိုင်ငံက စျေးကွက်ပေါက်စျေးအတိုင်း ၂ဝ ရာခိုင်နှုန်း ထပ်မံဝယ်ယူရရှိနိုင်မည်
ဖြစ်သည်။
မြစ်ဆုံစီမံကိန်းကို တရုတ်အစိုးရက စွန့်လွှတ်ဖွယ်ရှိနေပြီး စီမံကိန်းရပ်ဆိုင်းခဲ့ပါက
နစ်နာကြေးအဖြစ် အခြားအသေးစား ရေအားလျှပ်စစ်မံကိန်းများကို တရုတ်နိုင်ငံကို
လုပ်ကိုင်ခွင့်ပြုရန်၊ သို့မဟုတ် လျော်ကြေးပေးရန် ညှိနှိုင်းဆွေးနွေးနေသည်ဟု သတင်း
ရင်းမြစ်များကို ကိုးကားလျက် နိုင်ငံတကာသတင်းဌာနများဖြစ်သည့် New York Times နှင့်
Reuters တို့က ယခုလဆန်းပိုင်းတွင် ရေးသားဖော်ပြသည်။
''ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ မြစ်ဆုံစီမံကိန်းကို ရပ်ဆိုင်းနိုင်ပါတယ်။ စီမံကိန်းကို
ဖျက်သိမ်းမယ်ဆိုလည်း အမေရိကန်ဒေါ်လာ သန်း ၈ဝဝ အတွက် ညှိနှိုင်းရလိမ့်မယ်။
တစ်ခုခု ကြီးကြီးမားမား မပေးဘဲနဲ့တော့ ဒီတိုင်းပြီးသွားမယ် မထင်ဘူး''ဟု အမေရိကန်နိုင်ငံ
အခြေစိုက် Thinktank တစ်ခုဖြစ်တဲ့ Stimson စင်တာ၏အကြီးတန်းပညာရှင်နှင့်
အာရှရေးရာကျွမ်းကျင်သူ မစ္စဆွန်ယန်က ဆိုသည်။
တရုတ်နှင့် မြန်မာနှစ်နိုင်ငံကြား အိမ်နီးချင်းကောင်းပီသသော ဆက်ဆံရေးမူဝါဒကို
ဆက်လက် ထိန်းသိမ်းသွားမည်ဖြစ်ပြီး နှစ်နိုင်ငံအကျိုးစီးပွားအတွက် မဟာဗျူဟာမြောက်
ရေရှည်ရည်မှန်းချက်တစ်ခု ချမှတ်မည်ဟု သမ္မတဦးထင်ကျော်၏ တရုတ်နိုင်ငံခရီးစဉ်အပြီး
ထုတ်ပြန်ခဲ့သည့် နှစ်နိုင်ငံပူးတွဲကြေညာချက်တွင် ဖော်ပြထားသည်။
တရုတ်နိုင်ငံက အဆိုပြုထားသည့် 'ရပ်ဝန်းတစ်ခု၊ လမ်းကြောင်းတစ်ခု' (One Belt, One Road)
အစီအစဉ်အရ တရုတ်နိုင်ငံ ပေကျင်းမြို့၌ မေ ၁၄ ရက်နှင့် ၁၅ ရက်နေ့တို့တွင် ကျင်းပမည့်
ထိပ်သီးဆွေးနွေးပွဲတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင်
နိုင်ငံတကာခေါင်းဆောင် ၂၈ ဦး တက်ရောက်မည်ဖြစ်သည်ဟု ယမန်နေ့က Global Times
သတင်းစာ၌ ရေးသားဖော်ပြသည်။
















