ရခိုင်ပြည်နယ် မြောက်ဦးခရိုင် မင်းပြားမြို့နယ် အတွင်းရှိ မင်းချောင်းမြစ်တွင် ဧပြီ ၁၃ ရက်က
စက်လှေတစ်စီး တိမ်းမှောက်ခဲ့ရာ ခရီးသည် ခုနစ်ဦးသေဆုံးပြီး တစ်ဦးပျောက်ဆုံးနေကြောင်း
မင်းပြားမြို့နယ် မီးသတ်တပ်ဖွဲ့ဦးစီး ဌာန ဒုတိယဦးစီးမှူး ဦးကျော်လင်းကပြောသည်။
"စက်လှေဟာ အမ်းမြို့နယ် ကံဘွေရွာက ခရီးသည် ၆၁ ဦး တင်ဆောင်ပြီးတော့
မနက် ၄ နာရီလောက်က မြောက်ဦးနဲ့ ကျောက်တော်ကို ဘုရာဖူးထွက်လာတာ ဖြစ်ပါတယ်။
စက်လှေခုတ်မောင်းနေရင်း ငါးဖမ်းပိုက်နဲ့ စက်လှေ ပန်ကာငြိမိရာက စက်လှေလူးလိမ့်ပြီး
တိမ်းမှောက်ခဲ့တာပါ" ဟု ၎င်းကပြောသည်။
စက်လှေတိမ်းမှောက်မှုကြောင့် အမျိုးသား နှစ်ဦး၊ အမျိုးသမီး ငါးဦး သေဆုံးခဲ့ပြီး၊ အမျိုးသမီးတစ်ဦး
ပျောက်ဆုံးနေကြောင်း၊ အမျိုးသား သုံးဦးနှင့် အမျိုးသမီး ခြောက်ဦး ဆေးရုံတက်ရောက်ကာ
ကုသမှုခံယူလျက်ရှိပြီး၊ စက်လှေနစ်မြုပ်ရာတွင် ပါ၀င်သောသူများကို မင်းပြားမြို့နယ် ဓမ္မာရုံတွင်
ယာယီနေရာချပေးထားကြောင်း မြို့နယ်မီးသတ်ဦးစီးဌာန တာဝန်ရှိသူက ပြောသည်။
ပျောက်ဆုံးနေသည့် အမျိုးသမီးတစ်ဦးအလောင်းကို ဧပြီ ၁၅ ရက်တွင် ရှာဖွေတွေ့ရှိခဲ့သည်ဟု
မင်းပြားမြို့နယ် မီးသတ်ဦးစီးဌာန၊ တာဝန်ရှိသူက ဧပြီ ၁၈ ရက်တွင် ပြောသည်။
စက်လှေပိုင်ရှင်မှာ ကံဘွေကျေးရွာမှ ဦးမောင်ကျော်သိန်းဖြစ်ကာ စက်လှေမောင်းနှင်သူမှာ
ဦးကျော်သောင်းခင်ဖြစ်ပြီး ထွက်ပြေးတိမ်းရှောင်လျက်ရှိကြောင်း၊ စက်လှေနစ်မြုပ်ရာသို့ မင်းပြားမြို့နယ်
အုပ်ချုပ်ရေးမှူး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင်က ကူညီရှာဖွေရေး လုပ်ငန်းများ
ဆောင်ရွက်ခဲ့သည်။
စက်လှေတိမ်းမှောက်မှုကြောင့် သေဆုံးခဲ့သူများအတွက် အိမ်ထောင်စုတစ်ခုလျှင် ကျပ်တစ်သိန်းနှုန်း
ထောက်ပံ့ပေးခဲ့သည်ဟု ရခိုင်ပြည်နယ်အစိုးအဖွဲ့ တာဝန်ရှိသူက ပြောသည်။
















