ကေလာသ ဘေးမဲ့တောတွင် ငှက်မျိုးစိတ် ၅၈ မျိုး တွေ့ရှိ

ကေလာသ ဘေးမဲ့တောတွင် ငှက်မျိုးစိတ် ၅၈ မျိုး တွေ့ရှိ

မွန်ပြည်နယ် ဘီးလင်းမြို့နယ်ရှိ ကေလာသ တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောတွင် ငှက်မျိုးစိတ်ပေါင်း
၅၈ မျိုးခန့်ကို ဇီဝမျိုးစုံ မျိုးကွဲနှင့် သဘာဝထိန်းသိမ်းစောင့်ရှောက် ရေးအသင်း (BANCA) က
ဧပြီလဆန်းပိုင်းတွင် ပြုလုပ်သော ငှက်ကြည့်လေ့လာရေးသင်တန်း လှုပ်ရှားမှုအတွင်း တွေ့ရှိခဲ့သည်။

ကေလာသ တောရိုင်းတိရစ္ဆာန်ဘေးမဲ့ တောဧရိယာသည် စတုရန်းကီလိုမီတာ ၂၄ ကျယ်ဝန်းပြီး၊
၁၉၄၂ ခုနှစ်ကတည်းက ဘေးမဲ့တောဧရိယာအဖြစ် ထိန်းသိမ်းထားခဲ့ခြင်းဖြစ်သည်။

မုတ္တမပင်လယ်ကွေ့အနီးတွင် တည်ရှိသောကြောင့် သစ်တောငှက်သာမက ဖြတ်ပျံသွားသော
ရေပျော်ငှက်များကိုပါ တွေ့ရှိရသည်။

အဆိုပါငှက်ကြည့် သင်တန်းမှာ BANCA ပြုလုပ်ခဲ့သည့် ဒုတိယအကြိမ်မြောက်သင်တန်းဖြစ်ပြီး
Birdlife International အဖွဲ့၏ ထောက်ပံ့မှု အစီအစဉ်တစ်ခုဖြစ်သည်။

ကေလာသဘေးမဲ့တောတွင် တွေ့ရှိခဲ့သည့် ငှက်မျိုးစိတ်ပေါင်း ၅၈ မျိုးတွင် အများစုမှာ
ဌာနေငှက်မျိုးစိတ်များဖြစ်ပြီး ဆောင်းခိုငှက်တစ်မျိုး ပါ၀င်သော်လည်း ရှားပါးစာရင်းဝင်ငှက်
အမျိုးအစားများ မပါ၀င်ပေ။

ကေလာသတောင်ထိန်းသိမ်းရေးအတွက် ဖွဲ့စည်းထားသော ကေလာသ ထာဝရအဖွဲ့၊
၀ါးပလောတောရိုင်းတိရစ္ဆာန် စောင့်ကြည့်ရေးအဖွဲ့၊ ကယန်းဖွ့ံဖြိုးရေးကွန်ရက်၊ ကေအင်န်ယူ
လက်အောက်ရှိ ကောသူးလေ သစ်တောဦးစီးဌာန၊ BANCA အဖွဲ့နှင့် မော်လမြိုင်တက္ကသိုလ်မှ
သက်ဆိုင်သူများ ပါ၀င်သည့် လူပေါင်း ၄၀ ခန့်သည် အဆိုပါ ငှက်ကြည့်သင်တန်း
တက်ရောက်ခဲ့သည်။

အဆိုပါဘေးမဲ့တော ဧရိယာတွင် ၂၀၁၅ ခုနှစ်က ကောက်ယူခဲ့သော စစ်တမ်းအရ ငှက်မျိုးစိတ်ပေါင်း
၆၉ မျိုး ရှိပြီး၊ ယခုတစ်ကြိမ် ငှက်ကြည့်သင်တန်းတွင် ငှက်မျိုးစိတ်ပမာဏ အနည်းဆုံး တွေ့ရှိခဲ့ခြင်း
ဖြစ်သည်ဟု BANCA အဖွဲ့ မှ ငှက်ကြည့်ပညာရှင် ဒေါ်သီရိဒေဝီအောင် က ပြောသည်။

ဌာနေငှက်မျိုးစိတ်များသာမက ဘေးမဲ့တောအနီးရှိ မုတ္တမပင်လယ်ကွေ့ရှိ ဆောင်းခိုငှက်များကိုပါ
စုံလင်စွာတွေ့နိုင်ပြီး၊ မြန်မာနိုင်ငံသည် ဆောင်းခိုငှက်များ ပျံသန်းသည့် လမ်းကြောင်း ကိုးခုတွင်
အရှည်ဆုံးလမ်းကြောင်းဖြတ်သန်းသွားသော ဒေသဖြစ်ရုံသာမက မုတ္တမပင်လယ်ကွေ့သည်
ကမ္ဘာပေါ်ရှိ ဆောင်းခိုငှက် ၅၀ ရာခိုင်နှုန်းခန့် လာရောက်ခိုနားလေ့ရှိသော ဒေသဖြစ်သည်ဟု
ဆိုသည်။

"အခုက ဒီထက်ပိုပြီး သွားနိုင်မယ်၊ ဒီထက်ပိုပြီး အချိန်ပေးပြီးလေ့လာနိုင်မယ်ဆိုရင် ငှက်မျိုးစိတ်တွေ
ပိုတွေ့နိုင်တာပေါ့" ဟု မြန်မာနိုင်ငံငှက်ကြည့်အသင်း၏ အမှုဆောင်အဖွဲ့ဝင်နှင့် ငှက်ကြည့်
ဧည့်လမ်းညွှန်တစ်ဦးဖြစ်သူ ဦးရဲထွန်း က ပြောသည်။

ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးရှိ ဒေသခံများကို ယခုတစ်ကြိမ် ငှက်ကြည့်သင်တန်းနှင့်
ပတ်သက်သော အသိပညာများ ပြန်လည်ပို့ချသွားမည်ဖြစ်ကြောင်း ၀ါးပလော တောရိုင်းတိရစ္ဆာန်
စောင့်ကြည့်ရေးအဖွဲ့မှ စီမံမန်နေဂျာ ဒေါ်ဖြူစင်သန့်က ပြောသည်။

၀ါးပလောသည် တနင်္သာရီအခြေစိုက် အရပ်ဘက်အဖွဲ့အစည်းတစ်ခုဖြစ်သည်။

"ငှက်ကြည့်တာက တိုင်းရင်းသားကျေးရွာမှာနဲ့ ဒီဒေသမှာနဲ့က မတူဘူး၊ ဒီမှာက ပိုပြီးအမျိုးအစားအစုံ
တွေ့ရတယ်" ဟု အဆိုပါငှက်ကြည့်သင်တန်း တက်ရောက်ခဲ့သူ မသန်းနိုင်အေးက ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး