မှုခင်းကြိုတင်ကာကွယ်ရေးနှင့် မူးယစ်ဆေးဝါး သုံးစွဲသူများအတွက် ပြစ်ဒဏ်လျှော့ပေါ့ရေး ပြင်ဆင်ဆောင်ရွက်နေ

မှုခင်းကြိုတင်ကာကွယ်ရေးနှင့် မူးယစ်ဆေးဝါး သုံးစွဲသူများအတွက် ပြစ်ဒဏ်လျှော့ပေါ့ရေး ပြင်ဆင်ဆောင်ရွက်နေ

မှုခင်းကြိုတင်ကာကွယ်ရေးနှင့် မူးယစ်ဆေးဝါး သုံးစွဲသူများကို ပြစ်ဒဏ်ပြင်ဆင်ရေး ဆောင်ရွက်လျက်
ရှိကြောင်း နေပြည်တော်တွင် ဧပြီ ၁၀ ရက်က ကျင်းပခဲ့သည့် အစိုးရ အဖွဲ့၏ တစ်နှစ်တာ
ဆောင်ရွက်ချက်များနှင့် စပ်လျဉ်းသည့် သတင်းစာရှင်းလင်းပွဲတွင် ပြည်ထဲရေးဝန်ကြီးဌာန
အမြဲတမ်းအတွင်းဝန် ဦးတင်မြင့်က ပြောကြားခဲ့သည်။

မှုခင်းကြိုတင်ကာကွယ်ရေးနှင့် ဖော်ထုတ်ဖမ်းဆီးရေးလုပ်ငန်း ပိုမိုထိရောက်မှုရှိစေရန် ရုပ်မြင်သံကြား၊
ရေဒီယို စသည့်မီဒီယာများက ပညာပေးဟောပြောလျက်ရှိသည့်အပြင် နယ်မြေရဲစခန်းများ
အလိုက်လည်း ဆောင်ရွက်လျက်ရှိပြီး အရပ်ဘက်အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ မှုခင်းကျဆင်းရေး၊
မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး၊ ယာဉ် စည်းကမ်း၊ လမ်းစည်းကမ်းအန္တရာယ်
ကင်းရှင်းရေး၊ လူကုန်ကူးမှုတားဆီး ကာကွယ်ရေးအတွက် ပညာပေးဟောပြောဆောင်ရွက်လျက်
ရှိသည်ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် တစ်နှစ်တာအတွင်း မှုခင်းကျဆင်းရေးအတွက် ဟောပြောမှုပေါင်း ၁၅,၉၃၅ ကြိမ်၊
တက်ရောက်သူ တစ်သန်းကျော်၊ ယာဉ်/လမ်းစည်းကမ်းအတွက် ဟောပြောမှု ၁၂,၅၁၅ ကြိမ်၊
တက်ရောက်သူ ၁ ဒသမ ၄ သန်းကျော်၊ လူကုန်ကူးမှုတားဆီး ကာကွယ်ရေးအတွက်
ဟောပြောမှုပေါင်း ၆,၆၃၅ ကြိမ်၊ တက်ရောက်သူ ခြောက်သိန်း ရှစ်သောင်းကျော်၊ မှုခင်းပညာပေးပြခန်း
ယာဉ်ဖြင့် လှည့်လည်ပြသဟောပြောမှု အကြိမ် ၁,၁၇၀၊ တက်ရောက်သူ ခုနစ်သိန်း ငါးသောင်းကျော်
ရှိခဲ့သည်။

"မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ အဓိကတာဝန်က မှုခင်းမဖြစ်ပွားစေဖို့ ကြိုတင်ကာကွယ်ဆောင်ရွက်တာနဲ့
ဖြစ်ပွားတဲ့ မှုခင်းတွေကို စုံစမ်းစစ်ဆေး တရားစွဲဆိုတာဖြစ်ပါတယ်။ မှုခင်းမဖြစ်ပွားစေဖို့ ရေတို ရေရှည်
စီမံဆောင်ရွက်လျက်ရှိပါတယ်" ဟု ဦးတင်မြင့် က ပြောသည်။

နေ့စဉ်ဖြစ်ပွားလျက်ရှိသော မှုခင်းများတွင် တရားခံအချို့သည် တရားဥပဒေနှင့်အညီ ရင်ဆိုင်ဖြေရှင်းခြင်း
မရှိဘဲ ထွက်ပြေးတိမ်းရှောင်ပြီး တိမ်းရှောင်သည့် ကာလအတွင်း ပြစ်မှုများ ထပ်မံကျူးလွန်လေ့
ရှိသောကြောင့် အေးချမ်းစွာနေလိုသည့် ပြည်သူများအတွက် အနှောင့်အယှက် ဖြစ်ပေါ်သည်ကို
တွေ့ရကြောင်း ၎င်းက ပြောသည်။

၂၀၁၄ ခုနှစ်၊ ဇွန်လမှစ၍ တရားခံပြေးများ ဖော်ထုတ်ဖမ်းဆီးရေးစီမံချက်ရေးဆွဲ ဆောင်ရွက်ခဲ့ရာ
တရားခံပြေးပေါင်း ၁၃,၅၉၂ ဦးရှိသည့်အနက် ယခုနှစ် မတ်လအထိ တရားခံပြေး ၄,၃၄၂ ဦးကို
ဖမ်းဆီးရမိခဲ့သည် ဟု ဦးတင်မြင့်က ပြောသည်။

အစိုးရသစ်လက်ထက်တွင် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအတွက် လူထုအသိုင်းအဝိုင်းအတွင်း
ဖြစ်ပွားလျက်ရှိသော မူးယစ်ဆေးဝါး သုံးစွဲမှု၊ အသေးစားသယ်ဆောင်ရောင်းဝယ်မှု၊ ထုတ်လုပ်မှု၊
ဂိုဏ်းဖွဲ့ကျူးလွန်မှုများနှင့် ငွေကြေးခဝါချမှု၊ အဂတိလိုက်စားမှုများ လျှော့ချနိုင်ရန် အသိပညာပေး
လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်ဟု ၎င်းက ပြောသည်။

မူးယစ်ဆေးဝါးသုံးစွဲသူများ ကုသမှုအခွင့်အလမ်း အပြည့်အဝရရှိစေရန် ဥပဒေပြင်ဆင်ခြင်း၊
မူဝါဒရေးဆွဲခြင်းများ ဆောင်ရွက်လျက်ရှိသည်ဟုလည်း ဦးတင်မြင့်က ပြောသည်။

"မူးယစ်ဆေးဝါး အသေးစား ရောင်းဝယ်မှုတွေကို ပြစ်မှုနဲ့ ပြစ်ဒဏ် အချိုးညီရေး၊ လူမှုစီးပွားပြဿနာကို
ဘယ်လိုဖြေရှင်းပေးနိုင်မှာကို စဉ်းစားနေပြီဖြစ်ပါတယ်" ဟု ၎င်းက ပြောသည်။

မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်မှု၊ ထုတ်လုပ်မှု၊ ငွေကြေးခဝါချမှုနှင့် အဂတိလိုက်စားမှုများ
တိုက်ဖျက်ရေးအပိုင်းတွင် မူးယစ်တပ်ဖွဲ့များဖြင့် အထူးစစ်ဆင်ရေးများဆောင်ရွက်ခဲ့သည်ဟု ဆိုသည်။

ပြီးခဲ့သည့်နှစ်အတွင်း ရခိုင်ပြည်နယ်တွင် ဖမ်းဆီးရမိခဲ့သည့် မူးယစ်ဆေးဝါးများ။ ဓာတ်ပုံ - Supplied

"တားဆီး နှိမ်နင်းရေး မြှင့်တင်ဆောင်ရွက်တဲ့ နေရာမှာ နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးကလည်း
အရေးကြီးပါတယ်။ တချို့ဖမ်းဆီးရမိမှုတွေမှာဆိုရင် နိုင်ငံတကာ ပူးပေါင်း ဆောင်ရွက်မှုကရရှိလာတဲ့
အောင်မြင်မှုရလဒ်တွေ ဖြစ်ပါတယ်"ဟု ဦးတင်မြင့်က ပြောသည်။

ပြည်ထဲရေး ၀န်ကြီးဌာနသည် မူးယစ် ဆေးဝါးသုံးစွဲသူများအတွက် ပြုပြင်ပြောင်းလဲရေးများ
ဆောင်ရွက်လျက်ရှိရာ ၁၉၉၃ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သော 'မူးယစ်ဆေးဝါးနှင့် စိတ်ကို
ပြောင်းလဲစေတတ်သော ဆေးဝါးများဆိုင်ရာ ဥပဒေ'ကို ပြင်ဆင်နိုင်ရန် ဆောင်ရွက်လျက်ရှိသည်။

နိုင်ငံတကာတွင် မူးယစ်ဆေးဝါးသုံးစွဲသူများကို ပြစ်မှုကြောင်းအရ အရေးမယူဘဲ ကျန်းမာရေးဆိုင်ရာ
ပြဿနာတစ်ခုအဖြစ် ရှုမြင်ပြီး ဆေးကုပေးခြင်း၊ ပြန်လည်ထူထောင် ပေးခြင်းများ၊ မူးယစ်ဆေး
သုံးစွဲမှုကြောင့်ဖြစ်လာသည့် အိပ်ချ်အိုင်ဗီနှင့် ကူးစက်ရောဂါများ ပြန့်ပွားမှုလျှော့ချရေး၊ မူးယစ်ဗဟိုအဖွဲ့
ရန်ပုံငွေထူထောင်ပြီး ဆုချီးမြှင့်ခြင်းများ ဆောင်ရွက်လျက်ရှိသည်ဟု ဆိုသည်။

သက်တမ်း ၂၄ နှစ်ရှိပြီဖြစ်သည့် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများဆိုင်ရာ
ဥပဒေကို ပြင်ဆင်ပြဋ္ဌာန်းနိုင်ရေးအတွက် အသိပညာရှင်၊ အတတ်ပညာရှင်၊ နိုင်ငံတကာ
အဖွဲ့ အစည်းများ၊ ကုလသမဂ္ဂက ဥပဒေရေးရာ ကျွမ်းကျင်ပညာရှင်များ၊ အစိုးရမဟုတ်သော
အဖွဲ့အစည်းများ၊ မူးယစ်ဆေးဝါးသုံးစွဲသူများနှင့် အလုပ်ရုံဆွေးနွေးပွဲ လေးကြိမ်အထိ ပြုလုပ်ခဲ့ပြီး
ဖြစ်သည်။

လက်ရှိ အဆိုပါဥပဒေတွင် ပုဒ်မနှစ်ခုကို ထပ်မံဖြည့်စွက်ခြင်း၊ ပုဒ်မခွဲ ၁၉ ခုကို ပြင်ဆင်ခြင်း၊
ပုဒ်မခွဲ ၂၀ ကို ဖြည့်စွက်ခြင်း၊ ပုဒ်မတစ်ခုနှင့် ပုဒ်မခွဲလေးခုကို ပယ်ဖျက်ခြင်းများ
ဆောင်ရွက်ထားသည်ဟု ဦးတင်မြင့် က ပြောသည်။

အဓိကပြင်ဆင်ချက်အဖြစ် မူးယစ်ဆေးသုံးစွဲသူများအပေါ် ပြဋ္ဌာန်းထားသည့် ပြစ်ဒဏ်သတ်မှတ်ချက်ကို
လျှော့ချခြင်း ဖြစ်သည်ဟု ဆိုသည်။

"မူးယစ်ဆေးဝါးသုံးစွဲသူတွေကို ယခင် ပြစ်ဒဏ်သုံးနှစ်မှ ငါးနှစ်အထိအစား လူမှုရေး ပြစ်ဒဏ်အဖြစ်
တစ်ရက် နှစ်နာရီနဲ့ အနည်း ဆုံးနာရီ ၁၈၀ ကနေ ၂၄၀ အထိလို့ ပြင်ဆင်ထားပါတယ်"ဟု
၎င်းက ပြောသည်။

ပြည်ထဲရေး ၀န်ကြီးဌာနသည် အမျိုးသား အဆင့် မူးယစ်ဆေးဝါးသုံးစွဲမှု စစ်တမ်းကောက်ယူရေး
လုပ်ငန်းကို ယခုနှစ်အတွင်း ဆောင်ရွက်သွားမည်ဖြစ်သည်။

စစ်တမ်းကောက်ယူရေး လမ်းညွှန်ကြီးကြပ်မှုကော်မတီနှင့် နည်းပညာပိုင်းဆိုင်ရာကော်မတီကို
ပြီးခဲ့သည့်နှစ်အတွင်း ဖွဲ့စည်းခဲ့ပြီး စစ်တမ်းကောက်ယူရာတွင် မြို့ပြဒေသ၊ ဘိန်းမစိုက်သည့်
ကျေးလက်ဒေသနှင့် ဘိန်းစိုက်ပျိုးသည့် ကျေးလက်ဒေသဟူ၍ ဇုန် သုံးခု သတ်မှတ်ထားသည်ဟု
ဦးတင်မြင့်က နေပြည်တော်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

၂၀၁၁ ခုနှစ်၊ ဇန်နဝါရီလမှ ယခုနှစ် ဖေဖော်ဝါရီလအထိ မူးယစ်ဆေးဝါးမှုပေါင်း ၃,၉၇၀ ဖြစ်ပွားခဲ့ရာ
ငွေကျပ် ရ ဒသမ ၈ ဘီလျံကို ဘဏ္ဍာငွေအဖြစ်သိမ်းဆည်းရမိခဲ့သည်ဟု ပြည်ထဲရေးဝန်ကြီးဌာနက
တရားဝင် ထုတ်ပြန်ထားသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး