အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(အက်ဖ်ဒီအေ) သည် အစားအသောက်၊ ဆေးဝါးနှင့်
အလှကုန်ပစ္စည်းများ ဘေးအန္တရာယ်ကင်းရှင်းရေး ကျေးရွာဒေသအရောက် ပညာပေးရေးစီမံချက်ကို
မေလတွင် စတင်အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး
ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သန်းထွဋ်က ပြောသည်။
ကျေးရွာအရောက် ပညာပေးရေးစီမံချက်ကို တိုင်းနှင့်ပြည်နယ် ၁၄ ခုရှိ ကျေးရွာများသို့
လွှမ်းခြံုရောက်ရှိနိုင်ရေးအတွက် တိုင်းနှင့် ပြည်နယ်အလိုက် သင်တန်းပေးခြင်းနှင့်
ဆင့်ပွားသင်တန်းပေးခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဧပြီလအစောပိုင်း မြန်မာတိုင်း(မ်)နှင့်
တွေ့ဆုံရာ၌ ၎င်းက ပြောသည်။
စီမံချက်အရ ကချင်၊ ကယား၊ ရှမ်း၊ ချင်း၊ ရခိုင်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးများတွင်
ဒေသအရောက် သင်တန်းပေးသွားမည်ဖြစ်ပြီး ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ
ကိုယ်စားပြုသူများကို နေပြည်တော်တွင် သင်တန်းပေးသွားမည်ဟု ဒေါက်တာသန်းထွဋ်က
ပြောသည်။
"ကျွန်တော်တို့ ၀န်ထမ်းအင်အားနဲ့ မြို့ပေါ်မှာတောင် အနိုင်နိုင်လုပ်နေရတာ တောကိုရောက်ဖို့ဆိုတာ
တကယ်မလွယ်ပါဘူး။ ဒါပေမဲ့ လူဦးရေရဲ့ ရ၀ ရာခိုင်နှုန်းကျော်က တောမှာ နေတယ်။ သူတို့တွေက
နေထိုင်မကောင်းရင် တိုင်းရင်းဆေးတွေကိုပဲ အားကိုးပြီးနေရတယ်။ ဒါကြောင့် ရွာတွေမှာ ပညာပေးပြီး
ကာကွယ်နိုင်အောင် အစပျိုး ရတာ ဖြစ်ပါတယ် "ဟု ၎င်းက ပြောသည်။
စီမံချက်အရ အစားသောက်၊ ဆေးဝါးနှင့် အလှကုန်ဆိုင်ရာ ပညာပေးဟောပြောခြင်း၊ ဆွေးနွေးခြင်း၊
ပညာပေးပြက္ခဒိန်များ၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ သုံးစွဲရန်မသင့်သော အစားအသောက်၊
ဆေးဝါးနှင့် အလှကုန်ပစ္စည်းများစာရင်း ဖြန့်ဝေပေးခြင်းများကို ကျေးရွာများတွင် အိမ်တိုင်ရာရောက်
ပညာပေးခြင်း၊ တစ်လအတွင်း အနည်းဆုံးသုံးကြိမ်ခန့် လူစုလူဝေးဖြင့် ပညာပေးခြင်းများ
ဆောင်ရွက်မည်ဖြစ်သည်။ "မြို့ပေါ်မှာ ဆေးတွေကို ဖမ်းဆီးတာ၊ ပညာပေးတာတွေက
များလာပြီဆိုတော့ သိတဲ့ သူတွေများလာပြီ။ ရက်လွန်တဲ့ဆေးဝါးတွေ၊ မှတ်ပုံတင်မရှိတဲ့
ဆေးတွေဆိုတာ အရမ်းကို ဆိုးရွားတာပါ။ အဲလို မကောင်းတဲ့ ဆေးတွေကို တောမှာ
သွားရောင်းတယ်။ တစ်ထုပ်ကို ၁၀၀၊ ၂၀၀ ပဲပေးရတဲ့ စပ်ဆေးတွေပေါ့။ သူတို့ တတ်နိုင်တဲ့ ဈေးပဲလေ။
သောက်ရင် ခဏ တော့ပျောက်တယ်။ ပြီးမှ ခံရတော့မှာ။ မြို့ပေါ် မှာရှိတဲ့ အန္တရာယ်က ကျေးရွာမှာရှိတဲ့
ရွာသူ၊ ရွာသားတွေဆီ ရွေ့နေပြီ။ တောသူတောင်သား တွေရဲ့ စွန့်စားရမှုက အရမ်းမြင့်လာပြီ"ဟု
ဒေါက်တာသန်းထွဋ်က ပြောသည်။
ကျေးလက်ဒေသများတွင် စပ်ဆေး (အမည်မသိဆေးဝါး) အန္တရာယ်မှာ အရေးကြီးသည့် ပြဿနာတစ်ခု
ဖြစ်နေပြီး အဆိုပါဆေးဝါးများကို ၀င်ငွေနည်းအခြေခံလူတန်းစားများက သုံးစွဲနေကြသည်ကို
တွေ့ရှိရသည်ဟု မွန်ပြည်နယ် အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေးဦးစီးဌာနမှ
တာဝန်ရှိသူတစ်ဦးက ပြောသည်။
"ကုန်ကျစရိတ်လည်း သက်သာတယ်။ ငွေ ၁၀၀၊ ၂၀၀ လောက်နဲ့ သူတို့ရဲ့ဝေဒနာလည်း
တဒင်္ဂပျောက်ကင်းနိုင်တဲ့အတွက် သုံးစွဲနေကြတယ်။ ဒါပေမဲ့ ဒီဆေးတွေက ခဏ သက်သာပြီး
ကြာလာရင် ကျန်းမာရေးအတွက် မလိုလားအပ်တဲ့ ဆိုးကျိုးတွေ ဖြစ်လာနိုင်တယ်"ဟု
အဆိုပါတာဝန်ရှိသူက ပြောသည်။
အချို့သော ဒေသများတွင် စနစ်မကျသည့် ဆေးဝါးရောင်းချသည့် ပုံစံများကို တွေ့ရှိရပြီး ဆေးဝါးများကို
ကွမ်းယာဆိုင်၊ ကုန်စုံဆိုင်၊ စတိုးဆိုင်များတွင် အလွယ်တကူရောင်းဝယ်နေသည်ကို တွေ့ရှိရသည်ဟု
ဆိုသည်။
"အက်ဖ်ဒီအေအနေနဲ့ အသိပညာပေးနဲ့ အရေးယူတာတွေကို ၂၀၁၆ ကတည်းက အရှိန်အဟုန်မြှင့်
ဆောင်ရွက်ခဲ့ပါတယ်။ အသိပညာပေးခြင်းကနေ ဘယ်လောက်အထိ လူထုဘက်ကပြုပြင်ပြောင်းလဲ
လာသလဲဆိုတာ စိန်ခေါ်မှုတစ်ခု ဖြစ်နေပါတယ်။ ဒီကဏ္ဍတွေမှာ ထိန်းချုပ်ကွပ်ကဲရေးတစ်ခုတည်းနဲ့
မရပါဘူး။ ဒီကိစ္စကို ဆောင်ရွက်နေတဲ့သူအားလုံး တစ်ပြေးညီပါ၀င်နိုင်မှ ထဲထဲဝင်ဝင်
ဆောင်ရွက်နိုင်မှာပါ"ဟု အဆိုပါ တာဝန်ရှိသူက ပြောသည်။
ကျေးရွာများအထိ ၀န်ဆောင်မှုများ လက်လှမ်းမီစေရန်နှင့် ပညာပေးလုပ်ငန်းများကို
အထောက်အကူပြုစေရန် ခရိုင်အဆင့် အက်ဖ်ဒီအေရုံးခွဲ ၂၇ ရုံး ဖွင့်လှစ်ထားခဲ့ပြီဖြစ်ကာ
လက်ရှိဘဏ္ဍာနှစ်အတွင်း ရုံးခွဲပေါင်း ၃၁ ရုံးအထိ ဖွင့်လှစ်နိုင်ရန် ဆောင်ရွက်လျက်ရှိသည်။
ခရိုင်အဆင့်ရုံးခွဲများသည် ကျေးရွာများတွင် ဆောင်ရွက်မည့် လုပ်ငန်းများ အကောင်အထည်ဖော်ရာတွင်
အထောက်အကူပြုနိုင်မည်ဖြစ်ပြီး ၀န်ထမ်းအင်အားနည်းပါးသည့်အတွက် ကျေးရွာများမှ
စေတနာ့ဝန်ထမ်းများ၏ အကူအညီလိုအပ်သည်ဟု ဒေါက်တာ သန်းထွဋ်က ဆိုသည်။
"၀န်ထမ်းချည်းဆိုရင် အင်အားမလောက်တဲ့အတွက် ပညာပေးတာတွေ၊ အခြေအနေတွေကို
လေ့လာစောင့်ကြည့်ဖို့ ရွာတွေက စေတနာ့ဝန်ထမ်းတွေလိုအပ်ပါတယ်။ ပြည်သူတွေကိုယ်တိုင်
ပါ၀င်တဲ့ တိုးတက်မှုက အရေးအကြီးဆုံးပါပဲ။ ကျွန်တော်တို့ချည်း ပညာပေးနေလို့မရပါဘူး။
အဲဒီမှာနေတဲ့သူက တောက်လျှောက် ပညာပေးဖို့ လိုပါတယ်"ဟု ၎င်းက ပြောသည်။















