လေးရက်ကြာ ကျင်းပခဲ့သည့် ၂၀၁၇ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ကာလအတွင်း ပြစ်မှုစုစုပေါင်း
၁,၂၀၀ ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၂၈၅ ဦးအထိ ရှိခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးတွင် အများဆုံး
ဖြစ်ပွားခဲ့သည်ဟု ပြန်ကြားရေးဝန်ကြီးဌာနက ဧပြီ ၁၇ ရက်တွင် သတင်းထုတ်ပြန်ထားသည်။
ရန်ကုန်တိုင်းဒေသကြီးတွင် သင်္ကြန် ကာလအတွင်း ပြစ်မှုပေါင်း ၂၂၃ မှုဖြစ်ပွားခဲ့ပြီး သေဆုံးသူ
၄၄ ဦးရှိခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီး၏နောက်တွင် ပဲခူးတိုင်း ဒေသကြီးက လူသေဆုံးမှု ဒုတိယအများဆုံးအဖြစ်
ရပ်တည်နေပြီး ပြစ်မှုစုစုပေါင်း ၁၅၄ မှုတွင် သေဆုံးသူ ၃၇ ဦးရှိခဲ့သည်။
သင်္ကြန်ကာလအတွင်း မန္တလေးတိုင်းဒေသကြီးတွင် ပြစ်မှုစုစုပေါင်း ၁၆၀ ရှိခဲ့ပြီး သေဆုံးသူ ၃၆ ဦး
ရှိခဲ့သည်ဟု အဆိုပါ သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။
ယမန်နှစ် သင်္ကြန်ကာလအတွင်း ဖြစ်ပွားခဲ့သော ပြစ်မှုစာရင်းများနှင့် နှိုင်းယှဉ်ကြည့်ပါက ယခုနှစ်တွင်
အမှုပေါင်း ၂၃၃ မှု ပိုမို ဖြစ်ပွားခဲ့ပြီး သေဆုံးသူလည်း ၁၃ ဦး ပိုများခဲ့သည်။
မဟာသင်္ကြန်ကာလ လေးရက်တာ အတွင်း သင်္ကြန်ပွဲတော်နှင့် မပတ်သက်ဘဲ ဖြစ်ပွားခဲ့သည့်
ပြစ်မှုများနှင့် စပ်လျဉ်း၍လည်း ပြန်ကြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့ရာ ပြစ်မှုစုစုပေါင်း
၉၉၂ မှု နှင့် သေဆုံးသူ ၂၆၉ ဦးအထိ ရှိခဲ့သည်။
သင်္ကြန်ကာလအတွင်းဖြစ်ပွားခဲ့သော မှုခင်းများတွင် ခါးပိုက်နှိုက်မှု၊ နာကျင်စေမှု၊ ယာဉ်တိုက်မှု၊
လက်နက်မှု၊ သေမှုသေခင်းနှင့် ယစ်မျိုးဖမ်းဆီးမှုများ ပါ၀င်ခဲ့သည်။
လူသေဆုံးမှု တတိယအများဆုံးဖြစ်ခဲ့သည့် မန္တလေးတိုင်းဒေသကြီးတွင် မြို့နယ် ငါးမြို့နယ်ပြင်ပတွင်
ဖြစ်ပွားမှု ပိုမိုများပြားခဲ့ပြီး မန္တလေးမြို့တွင် ယခုနှစ်မှ စတင်လိုက်သည့် လူထုလမ်းလျှောက်
သင်္ကြန်ကြောင့် ယာဉ်မတော်တဆမှုများ ပိုမိုဖြစ်ပွားကာ ထိခိုက်ဒဏ်ရာ ရရှိသူများပြားခဲ့သည်ဟု
မန္တလေးအထွေထွေကုဆေးရုံကြီးမှ ဆေးလူမှုဆက်ဆံရေးဌာန ညွှန်ကြားရေးမှူး ဦးမင်းလွင်က
ပြောသည်။
"ကျွန်တော်တို့က သင်္ကြန်မတိုင်ခင် အချိန်ကတည်းက သုံးသပ်ထားတာရှိတယ်။ လူထုလမ်းလျှောက်
သင်္ကြန်လုပ်မယ် ဆိုတော့ ခိုက်ရန်ဖြစ်ပွားမှုတွေ များမယ် ဒီလိုသုံးသပ်တယ်။ တကယ်တမ်းကျတော့
အဲဒီနေရာတွေကို ကျွန်တော်တို့ ကိုယ်တိုင်သွားရောက်လေ့လာကြည့်တော့ လမ်းလျှောက်သင်္ကြန်
ဆင်နွှဲတဲ့လူတွေက သူတို့ဘာသာ အေးဆေး လမ်းလျှောက်နေကြတာ တွေ့ရတယ်။
နောက်တစ်ချက်က မန္တလေးမြို့နဲ့ မလှမ်းမကမ်းနေရာတွေမှ နာမည်ကျော်တီးဝိုင်းတွေက
ဖျော်ဖြေတာဆိုတော့ ယာဉ်အန္တရယ်တော့ နည်းနည်းစိုရိမ်ခဲ့ရတာပေါ့။ အရင်နှစ်ကလောက်တော့
ဆိုးဆိုးဝါးဝါး ဖြစ်ခဲ့တာတော့ သိပ်မရှိပါဘူး" ၎င်းက ဆိုသည်။
သင်္ကြန်ကာလတွင်း ဆေးရုံသို့ ရောက်ရှိလာမည့် လူနာများကို အချိန်မီ ဆေးဝါး ကုသပေးနိုင်ရန်
မန္တလေးအထွေထွေ ရောဂါကုဆေးရုံကြီးက တာဝန်ရှိသူများသည် မန္တလေးမြို့အခြေစိုက် အရပ်ဘက်
အဖွဲ့အစည်းများနှင့် ကြိုတင်ညှိနှိုင်း ဆောင်ရွက်လုပ်ကိုင်ခြင်းဖြစ်ပြီး ယခုနှစ် သင်္ကြန်တွင်းကာလတွင်
အရပ်ဘက် အဖွဲ့အစည်း ခြောက်ဖွဲ့ဝန်းကျင်ဖြင့် ပူးပေါင်း ဆောင်ရွက် လုပ်ကိုင်ခဲ့သည်ဟု ဆိုသည်။
















