ရှမ်းပြည်တောင်ပိုင်းတွင် ကျေးရွာပေါင်း ၂ဝ ခန့် သောက်သုံးရေပြတ်လပ်

ရှမ်းပြည်တောင်ပိုင်းတွင် ကျေးရွာပေါင်း ၂ဝ ခန့် သောက်သုံးရေပြတ်လပ်

 

ရှမ်းပြည်နယ်တောင်ပိုင်း ပင်းတယနှင့် ကလောမြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၂ဝ ခန့်တွင်
ရေတွင်း၊ ရေကန်များ ခန်းခြောက်ပြီး သောက်သုံးရေပြတ်လပ်မှု ကြံုတွေ့နေရသည်ဟု
တောင်ရိုးလူငယ်အထောက် အကူပြုအဖွဲ့ခေါင်းဆောင် ကိုအောင်ဆန်းက ယမန်နေ့တွင်
ပြောသည်။

''သောက်သုံးရေက မတ် ၁၇ ရက်လောက်ကစပြီး ပြတ်လပ်ခဲ့တယ်။ မနှစ်ကဆို ဇန်နဝါရီလ
ကတည်းကစပြီး ပြတ်လပ်ခဲ့တယ်။ ဒီနှစ်ကတော့ ခြောက်သွေ့မှု နည်းနည်းနောက်ကျတယ်လို့
ပြောလို့ရတယ်''ဟု ၄င်းက ပြောသည်။

အဆိုပါဒေသများတွင် သောက်သုံးရေအတွက် မိုးတွင်းကာလက သိုလှောင်ခဲ့သည့်
ရေလှောင်ကန်များနှင့် ရေတွင်းများက ရေများကို အဓိကအားထားအသုံးပြုရပြီး
နွေရာသီကာလများတွင် ရေတွင်း၊ ရေကန်များ ခန်းခြောက်လေ့ရှိသဖြင့် သောက်သုံး
ရေပြတ်လပ်မှုဒဏ်ကို နှစ််စဉ်ကြံုတွေ့နေရသည်ဟု ကိုအောင်ဆန်းက ပြောသည်။

လက်ရှိတွင် ရှမ်းပြည်တောင်ပိုင်း ပင်းတယမြို့နယ် ကူးကော်နှင့် ပွေးလှကျေးရွာအုပ်စုများ
အတွင်းရှိ ကျေးရွာများနှင့် ကလောမြို့နယ်ရှိ ဘော်ဆိုင်း၊ ကျောက်ထပ်နှင့် မြေထပ်ကျေးရွာ
အုပ်စုများက ကျေးရွာများ သောက်သုံးရေပြတ်လပ်မှုဒဏ်ကို တွေ့ကြံုနေခဲ့ရခြင်းဖြစ်သည်။

''အခုမုန်တိုင်းမိုးရွာထားတော့ ရေအနည်းနဲ့ အများတော့ ရှိထားတယ်။ အိမ်တွေမှာ
ရေလှောင်ကန်လေးတွေနဲ့ ရထားတာရှိတယ်။ တစ်ပတ်အတွင်းတော့ ရေလုံလောက်နိုင်
ပါတယ်။ ဒါပေမဲ့ မုန်တိုင်းရေဆိုတော့ လိုသလောက်တော့ မရသေးဘူး''ဟု ရေပြတ်လပ်
သည့် ကျေးရွာများကို သောက်သုံးရေထောက်ပံ့ပေးနေသည့်အဖွဲ့လည်းဖြစ်သည့်
တောင်ရိုး လူငယ်အထောက်အကူပြုအဖွဲ့မှ ကိုအောင်ဆန်းက ပြောသည်။

လက်ရှိတွင် မုန်တိုင်းမိုးက ရရှိခဲ့သည့် မိုးရေများကြောင့် အဖွဲ့၏ သောက်သုံးရေအလှည့်ကျ
ထောက်ပံ့မှုကို တစ်ပတ်ခန့်ရပ်နားထားသည်ဟု ၄င်းက ဆိုသည်။ ''မိုးရေလေးတွေ ရထားတယ်။
နောက်ထပ် တစ်လခွဲ နှစ်လလောက် ရေပြတ်လပ်မှုကို ဖြတ်သန်းရဦးမှာဆိုတော့
ဘတ်ဂျက်ချွေတာတဲ့အနေနဲ့ ရေပေးဝေမှုကို ခဏရပ်နားထားပါတယ်'' ဟု ကိုအောင်ဆန်းက
ပြောသည်။

လက်ရှိတွင် ရေပြတ်လပ်ခဲ့သည့်ကျေးရွာများအတွက် အလှူရှင်များ၊ အဖွဲ့အစည်းများက
သောက်သုံးရေရရှိရေး ကူညီလှူဒါန်းမှုများရှိနေသည်။

''ဦးပဥ္စင်းတို့ တွေ့ခဲ့ရသလောက်ဆို တချို့ရွာတွေ တော်တော်အခက်အခဲဖြစ်နေတယ်။
ဘာဖြစ်လို့လဲဆိုတော့ လှောင်ထားတဲ့ မိုးရေကလည်း ကုန်နေပြီ။ ရေတွင်းရေကန်တွေ
ကလည်း ခန်းခြောက်ကုန်နေတယ်။ လူမပြောနဲ့ နွားတွေတောင် ရေသောက်ဖို့ကို
လေးမိုင်လောက် ဝေးတဲ့နေရာတွေကို သွားပြီးသောက်နေရတယ်'' ဟု သောက်သုံးရေ
ထောက်ပံ့မှုပြုလုပ်နေသည့် ဟဲဟိုးမြို့မှ ခန်းနေဆရာတော်တစ်ပါးဖြစ်သည့် ဦးသူရိယက
မိန့်ကြားခဲ့သည်။

လက်ရှိတွင် သောက်သုံးရေပြတ်လပ်မှုဒုက္ခကို အလှူရှင်၊ စေတနာရှင်များ၏ ကူညီမှုဖြင့်သာ
ဖြေရှင်းနေကြရပြီး နွေရာသီ မကုန်ဆုံးသေးသည့်အတွက် သောက်သုံးရေပြတ်လပ်မှုဒဏ်ကို
ဆက်လက်ကြံုတွေ့ရဖွယ်ရှိနေသည်ဟုလည်း ဒေသခံအဖွဲ့အစည်းများက ဆိုသည်။

ရှမ်းပြည်နယ် ပင်းတယမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဖြစ်သူ
ဦးညီညီကသောက်သုံးရေပြတ်လပ်မှုမှာ အဆိုးရွားကြီးမဟုတ်ကြောင်းနှင့် လက်ရှိတွင်
အလှူရှင်များ၏ ပေးဝေနေမှုကြောင့် သောက်သုံးရေလုံလောက်စွာ ရရှိနေသည်ဟု
ယမန်နေ့က ပြောသည်။

''အခုမိုးရွာထားတော့ ရေလှူတဲ့လုပ်ငန်းတွေတော့ မရှိတော့ဘူး။ ရေက
နွေရာသီအတွက်လုံလောက်ပါတယ်။ သိပ်အဆိုးရွားကြီးမဟုတ်ပါဘူး'' ဟုလည်း
၄င်းက ပြောသည်။

လက်ရှိတွင် ပြည်နယ်အစိုးရက ပင်းတယမြို့ပေါ်ရပ်ကွက်များသို့ သောက်သုံးရေဖြန့်ဝေရေး
လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး မြို့နယ်အတွင်းရှိ ကျေးရွာများကိုလည်း ရေပိုက်လိုင်း
သွယ်တန်းရေးအတွက် စီမံကိန်းများလျာထားဆောင်ရွက်ပေးနေသည်ဟု ဦးညီညီက
ဆက်လက်ပြောသည်။

လတ်တလော သောက်သုံးရေပြတ်လပ်မှုဒဏ် ခံစားနေရသည်ဆိုသည့် ရှမ်းပြည်နယ်
အတွင်းရှိ ကျေးရွာ ၂ဝ အတွက် ရေရှည်သောက်သုံးရေရရှိရေးမည်သို့ ဆောင်ရွက်
သွားမည်ကိုသိရှိနိုင်ရန် ကျေးလက်ဒေသရေရရှိရေးတာဝန်ယူဆောင်ရွက်နေသည့်
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦးထံ ဆက်သွယ်မေးမြန်း
သော်လည်းအဆက်အသွယ် မရရှိခဲ့ပေ။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး