မြန်မာရွှေ့ပြောင်းအလုပ်သမားများ နေထိုင်ခွင့်ဗီဇာပြုလုပ်ပြီးနောက် ၁၅ ရက်တွင်း
အလုပ်လုပ်ကိုင်ခွင့်ပါမစ်ပြုလုပ်ရန် ထိုင်းအစိုးရ၏ရက်ကန့်သတ်ချက်သည်
လုံလောက်မှုမရှိသဖြင့် ရက်တိုးမြှင့်သတ်မှတ်ပေးရန် တင်ပြတောင်းဆိုသွားမည်ဖြစ်ကြောင်း
ထိုင်းနိုင်ငံအခြေစိုက် အလုပ်သမားရေးလုပ်ဆောင်နေသည့် အေအေစီအဖွဲ့ဝင် ဦးရဲမင်းက
ပြောသည်။
ထိုင်းနိုင်ငံတွင်းရှိ နိုင်ငံကူးပတ်စ်ပို့ရရှိထားပြီး မြန်မာရွှေ့ပြောင်းလုပ်သားများအပါအဝင်
မည်သူမည်ဝါဖြစ်ကြောင်း အသိအမှတ်ပြုလက်မှတ် ( စီအိုင်) ရရှိထားသော မြန်မာရွှေ့ပြောင်း
လုပ်သားများအနေဖြင့် နေထိုင်ခွင့်ဗီဇာပြုလုပ်ပြီး ၁၅ ရက်အတွင်း အလုပ်လုပ်ကိုင်ခွင့်
ပါမစ်ပြုလုပ်ရန်၊ ထိုုသို့ပြုလုပ်ခြင်းမရှိပါက နိုင်ငံတွင်းနေထိုင်ခွင့်ကိုဆိုင်းငံ့ပြီး နေရပ်သို့ ပြန်လည်
ပို့ဆောင်သွားမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံ အစိုးရက ယခုလ ၂၁ ရက်က ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
''ရုတ်တရက်ကြီး အမိန့်ထုတ်လိုက်တော့ မြန်မာအလုပ်သမားတွေ တော်တော်လေးကို
အခက်အခဲဖြစ်နေတယ်။ အလုပ်ရုံတွေမှာက စာရင်းဇယားပြန်လည်ပြုစုတာနဲ့၊ ရုံးပိတ်ရက်တွေနဲ့
ဆိုတော့ အလုပ်သမားတွေအတွက် ၁၅ ရက်ကမလုံလောက်ဘူး။ ဒါကြောင့် ရက် ၆ဝ ထိ
တိုးမြှင့်ပေးဖို့ ကျွန်တော်တို့ တောင်းဆိုဖို့ စီစဉ်နေပါတယ်''ဟု ဦးရဲမင်းက ဧပြီ ၂၄
ရက်က ပြောသည်။
လက်ရှိတွင် ဗီဇာရပြီးသော်လည်း အလုပ်လုပ်ကိုင်ခွင့်ပါမစ် မပြုလုပ်ထားခြင်းကြောင့်
မြန်မာပြည်သို့ သင်္ကြန်ကာလတွင်း ခေတ္တပြန်ပြီးနောက် ထိုင်းနိုင်သို့ ပြန်လည်ဝင်
ရောက်ရာတွင် ဖမ်းဆီးခံရခြင်းများ၊ ထိုင်းနိုင်သို့ ပြန်လည်ဝင်ရောက်ခွင့် ပိတ်ပင်ခံရခြင်းများ
ဖြစ်ပွားလျက်ခြင်းဖြစ်သည်။
''ဒီ၁၅ရက် ကိစ္စကို ဆွေးနွေးဖူးတယ်။ အချိန်တိုတယ်။ အလုပ်သမားတွေအနေနဲ့လည်း
ကျွမ်းကျင်မှုမရှိတော့ စဉ်းစားပေးဖို့ပေါ့။ တကယ်တော့ အလုပ်ရှင်တွေက သတင်းပို့ပေး
ထားရုံပဲ။ သူတို့အလုပ်ရှင်တွေ ပူးပေါင်းဆောင်ရွက်မှု လိုတယ်'' ဟု အလုပ်သမား၊
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်က
ဧပြီ ၂၅ ရက်က ပြောသည်။
ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လုပ်ကိုင်လျက်ရှိသည့် မြန်မာရွှေ့ပြောင်း
လုပ်သားများကို ထိုင်းအစိုးရက ၂ဝ၁၄ ခုနှစ်ကစတင်ပြီး ယာယီနေထိုင်အလုပ်လုပ်ကိုင်ခွင့်
လက်မှတ်များထုတ်ပေးခဲ့ခြင်းဖြစ်ပြီး ထိုလက်မှတ်ရှိသူများကို မည်သူမည်ဝါဖြစ်ကြောင်း
သက်သေခံလက်မှတ်ကို ယခုနှစ် မတ်လက စတင်ပြီး မြန်မာနှင့်ထိုင်း နှစ်နိုင်ငံပူးပေါင်း၍
ထုတ်ပေးလျက်ရှိခြင်းဖြစ်သည်။
ထိုင်းနိုင်ငံတွင် မြန်မာရွှေ့ပြောင်း အလုပ်သမားပေါင်း လေးသန်းကျော်ထိရှိနေပြီး
ယာယီနေထိုင်အလုပ်လုပ်ခွင့် ပန်းရောင်ကတ်ကိုင်ဆောင်သူနှင့် ယာယီနိုင်ငံကူးလက်မှတ်
ကိုင်ဆောင်ထားသူပေါင်း နှစ်သန်းဝန်းကျင်ခန့်ရှိ နေခြင်းဖြစ်သည်။















