အနည်းဆုံးအခကြေးငွေ ပြန်လည်ပြင်ဆင်သတ်မှတ်နိုင်ဖို့ အနည်းဆုံးအခကြေးငွေ
သတ်မှတ်ရေးဆိုင်ရာ ပြည်နယ်၊တိုင်း လုပ်ငန်းကော်မတီတွေ ဖွဲ့စည်းဆောင်ရွက်နေပေမဲ့
လက်ရှိအချိန်ထိ မွန်ပြည်နယ်တစ်ခု တည်းရဲ့ ကိုယ်စားလှယ်စာရင်းသာ လက်ခံရရှိသေး
တယ်လို့ အလုပ်သမားညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစိုးဝင်းက ပြောပါတယ်။
''ကျန်တာတွေတော့ ဒီတစ်ပတ်ထဲ စာရင်းရောက်မှာပါ'' လို့ ဦးစိုးဝင်းက ယခုလ ၂၄ ရက်က
ပြောပါတယ်။
အနည်းဆုံးအခကြေးငွေ ပြင်ဆင်သတ်မှတ်နိုင်ဖို့အတွက် လုပ်ငန်းပေါင်းစုံပါဝင်တဲ့
အမျိုးသားကော်မတီတစ်ရပ်ကို ဖေဖော်ဝါရီ ၁၆ ရက်က အသစ်ပြန်လည်ဖွဲ့စည်းခဲ့တာဖြစ်ပြီး
အနည်းဆုံးအခကြေးငွေ ပြန်လည် သုံးသပ်ရေးလုပ်ငန်းတွေ လုပ်ဆောင်နိုင်ဖို့အတွက်
ဥပဒေပြဋ္ဌာန်းချက်ပါအတိုင်း ပြည်နယ်၊တိုင်းလုပ်ငန်းကော်မတီတွေဖွဲ့စည်းနိုင်ဖို့
ဆောင်ရွက်နေတာ ဖြစ်ပါတယ်။
ပြည်နယ်၊ တိုင်းလုပ်ငန်းကော်မတီဖွဲ့စည်းမှုအနေနဲ့ ပြည်နယ်တိုင်းတချို့ရဲ့
ကိုယ်စားလှယ်စာရင်းတွေ သက်ဆိုင်ရာ အလုပ်သမားသမဂ္ဂအဖွဲ့အစည်းတွေကတစ်ဆင့်ရရှိ
ထားပေမဲ့ အလုပ်သမားညွှန်ကြားမှုဦးစီးဌာနဆီပေးပို့ပြီး အမျိုးသားကော်မတီကို အတည်ပြုနိုင်ဖို့
ပေးပို့မှသာ လုပ်ငန်းကော်မတီဖွဲ့စည်းမှုပြီးမြောက်မှာဖြစ်တယ်လို့ အမျိုးသားကော်မတီအဖွဲ့မှာ
ပါဝင်တဲ့ အလုပ်သမားကိုယ်စားလှယ်တွေက ပြောပါတယ်။
လုပ်ငန်းကော်မတီတွေဖွဲ့စည်းပြီးမှသာ အနည်းဆုံးအခကြေးငွေ ပြန်လည်သုံးသပ်နိုင်ဖို့
ပြည်နယ်၊တိုင်းအလိုက်အချက်အလက်တွေကို လေ့လာတင်ပြနိုင်မှာဖြစ်ပြီး လေ့လာတင်ပြလာတဲ့
အချက်အလက်တွေအပေါ် အမျိုးသားကော်မတီက သုံးသပ်ကာ အတည်ပြုနှုန်းထားတစ်ရပ်ကို
သတ်မှတ်နိုင်မှာ ဖြစ်ပါတယ်။
အသစ်ပြန်လည်ဖွဲ့စည်းထားတဲ့ အနည်းဆုံးအခကြေးငွေ ပြန်လည်သုံးသပ်ရေးဆိုင်ရာ
အမျိုးသားကော်မတီအဖွဲ့ဝင်တွေရဲ့အဆိုအရ ကော်မတီပြန်လည်ဖွဲ့စည်းခဲ့ပြီးနောက်ပိုင်း
ကနေ လက်ရှိ နှစ်လကျော်ကာလထိ အစည်းအဝေးတစ်ကြိမ်သာခေါ်ယူနိုင်သေးပြီး
ထိထိရောက်ရောက်လုပ်ဆောင်နိုင်တာ မရှိသေးဘူးလို့ သိရပါတယ်။
''ဒီလထဲမှာတော့ အစည်းအဝေးခေါ်နိုင်တော့မယ် မထင်ဘူး။ ရှေ့လထဲလောက်မှပဲ ခေါ်နိုင်မယ်။
ပြင်ဆင်နိုင်ဖို့အတွက် အမြန်ဆုံးဖြစ်အောင်တော့ ဆောင်ရွက်နေပါတယ်'' လို့ အလုပ်သမား၊
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်က
ပြောပါတယ်။
သတ်မှတ်နှစ်နှစ်ကာလ မကျော်လွန်မီ အနည်းဆုံးအခကြေးငွေ ပြန်လည်ပြင်ဆင်သတ်မှတ်ဖို့
လုပ်ဆောင်နေပေမဲ့ ပြည်နယ်တိုင်းအဆင့် လုပ်ငန်းကော်မတီတွေ ဖွဲ့စည်းမှုကြန့်ကြာရင်
အနည်းဆုံးအခကြေးငွေ ပြင်ဆင်သတ်မှတ်မှုကလည်း ကြန့်ကြာနေဦးမှာဖြစ်တယ်လို့
စက်မှုလက်မှုနှင့်ဝန်ဆောင်မှုလုပ်ငန်းသမဂ္ဂများအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးနော်အောင်က
ပြောပါတယ်။
''အဓိက ပြဿနာက လုပ်ငန်းကော်မတီတွေ ဖွဲ့စည်းပြီးရင်တောင် အမျိုးသားကော်မတီ
အစည်းအဝေးကို အစိုးရက ခေါ်မှ လုပ်လို့ရတာ။ ဆိုတော့ အစိုးရက ဘယ်တော့
အစည်းအဝေးခေါ်မှန်းမသိ။ တစ်ခါ ဆွေးနွေးပြီးရင်နောက်တစ်ခါအတွက်က ဘယ်တော့မှန်း
မသိတော့ ကြန့်ကြာတာအမှန်ပဲ'' လို့ ၄င်းက ပြောပါတယ်။
၂ဝ၁၅ ခုနှစ်၊ မတ်လက အတည်ပြုပြဋ္ဌာန်းထားခဲ့တဲ့ အနည်းဆုံးအခကြေးငွေ ဥပဒေအရ
အနည်းဆုံးအခကြေးငွေနှုန်းထားကို အနည်းဆုံး နှစ်နှစ်တစ်ကြိမ် ပြန်လည်ပြင်ဆင်သတ်မှတ်
ရမှာ ဖြစ်ပါတယ်။

''လုပ်ငန်း ကော်မတီတွေဖွဲ့ပြီးမှ အနည်းဆုံးအခကြေးငွေကို ပြန်လည်သုံးသပ်တာကို
လုပ်ဆောင်နိုင်မှာမို့ ကော်မတီတွေ အမြန်ဆုံးဖွဲ့စည်းနိုင်ဖို့ ကျွန်မတို့ဘက်ကတော့
တတ်နိုင်သမျှ လောဆော်နေတာပါပဲ။ အချိန်မီ လုပ်ဆောင်နိုင်ဖို့လိုအပ်ပါတယ်'' လို့
အနည်းဆုံးအခကြေးငွေသတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီအဖွဲ့ဝင် မြန်မာနိုင်ငံလုံး
ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ကိုယ်စားလှယ် ဒေါ်ခိုင်ဇာအောင်က ပြောပါတယ်။
နိုင်ငံတကာအလုပ်သမားအဖွဲ့အစည်းရဲ့ အကြံပြုချက်အပါအဝင် ပြန်လည်သုံးသပ်မှု
လုပ်ဆောင်ဖို့ ရရှိတဲ့ အနည်းငယ်သော အချိန်အတိုင်းအတာအရ အနည်းဆုံး အခကြေးငွေ
ပြင်ဆင်သတ်မှတ်မယ်ဆိုရင်တောင် ဒေသနဲ့လုပ်ငန်းသဘာဝအလိုက်သတ်မှတ်မှုထက်
တစ်ပြည်လုံးအတိုင်းအတာ သတ်မှတ်မှုကိုသာ ဆောင်ရွက်နိုင်ဦးမှာ ဖြစ်တယ်လို့ ၄င်းက
ပြောပါတယ်။
''ခုတိုင်းက ဒေသနဲ့မြို့နယ်အလိုက် ပြန်သတ်မှတ်မယ်ဆိုရင် အချိန်မလုံလောက်ဘူး။
ဒါ့ပြင် အများကြီး ပြန်လည်သုံးသပ်တာတွေ လုပ်ဖို့လိုအပ်သေးတယ်။ တိကျတဲ့
သုတေသနလုပ်ငန်းတွေလိုအပ်တယ်'' လို့ ဒေါ်ခိုင်ဇာအောင်က ပြောပါတယ်။
၂ဝ၁၅ ခုနှစ်၊ မတ်လမှာ အနည်းဆုံးအခကြေးငွေ ဥပဒေကို ပြဋ္ဌာန်းနိုင်ခဲ့ပေမဲ့အနည်းဆုံး
အခကြေးငွေနှုန်းထားကို သြဂုတ်လရောက်မှသာ အတည်ပြုသတ်မှတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။
တစ်နာရီ ကျပ် ၄၅ဝ နှုန်းနဲ့တစ်နေ့ အလုပ်ချိန်ရှစ်နာရီအတွက် အနည်းဆုံးအခကြေးငွေ
ကျပ် ၃,၆ဝဝ နှုန်း သတ်မှတ်ပြီးနောက်ပိုင်း အလုပ်ရှင်၊ အလုပ်သမား ပဋိပက္ခတွေ ပိုမိုဖြစ်ပွား
စေခဲ့ပါတယ်။
အဆိုပါ နှုန်းထားသတ်မှတ်ပြီးနောက်ပိုင်း လုပ်ခလစာပေးချေနိုင်ခြင်း မရှိတဲ့အတွက်
လုပ်ငန်းပိတ်သိမ်းသွားတဲ့ စက်ရုံ အလုပ်ရုံတွေရှိသလို လုပ်ခလစာပေးချေနိုင်ပေမဲ့
အနည်းဆုံးလုပ်ခလစာနှုန်းထားပေါ် အကြောင်းပြုပြီး အလုပ်သမားလျှော့ချခဲ့တဲ့ စက်ရုံ
အလုပ်ရုံတွေလည်းရှိတာမို့ အလုပ်လက်မဲ့နှုန်းထားပိုမိုလာတဲ့ အခြေအနေလည်း
ရှိခဲ့ပါတယ်။
''အကောင်းဆုံးကတော့ ဒေသအလိုက်၊ လုပ်ငန်းအမျိုးအစားအလိုက် ခွဲခြားသတ်မှတ်ပေးတဲ့
နည်းက အသင့်လျော်ဆုံးပါပဲ။ အဲဒီလိုဖြစ်စေချင်တယ်။ ဒါပေမဲ့ အဲဒီအတွက်ကအချိန်လိုတယ်။
ခွဲခြားသတ်မှတ်ပေးတာက ကောင်းတော့ကောင်းပေမဲ့ အခုကတော့တစ်ပြည်လုံးအတိုင်း
အတာကပဲ အဆင်ပြေဦးမယ်'' လို့ စီးပွားရေးပညာရှင် ဦးခင်မောင်ညို (ဘောဂဗေဒ)က
ပြောပါတယ်။
တိုင်းပြည်တွင်းဖြစ်ပေါ်နေတဲ့ ငွေကြေးဖောင်းပွမှုနှုန်းထားအရ သတ်မှတ်ထားတဲ့အနည်းဆုံး
အခကြေးငွေနှုန်းထားဟာ အဆင်ပြေတဲ့နှုန်းထားတစ်ရပ်လို့ ဆိုလို့မရပေမဲ့ တိုင်းပြည်ရဲ့
စီးပွားရေးဖွံ့ဖြိုးမှု တုံ့နှေးနေဆဲ အခြေအနေကိုလည်း နှုန်းထားသစ်သတ်မှတ်ရာမှာ
ထည့်သွင်းစဉ်းစားသင့်တယ်လို့ ၄င်းက ပြောပါတယ်။
''ပြဿနာက ကျပ် ၃,၆ဝဝ နှုန်းထားမှာလည်းအလုပ်ရှင်ဘက်မှာရော၊ အလုပ်သမားဘက်မှာပါ
ရှိနေတယ်။ အလုပ်သမားရဲ့ မပြေလည်မှုကိုစဉ်းစားဖို့လိုအပ်သလို တစ်ဖက်က အလုပ်ရှင်တွေ
အလုပ်ပိတ်သိမ်းတဲ့အခါ ဖြစ်ပေါ်လာတဲ့ အလုပ်လက်မဲ့နှုန်းထားကလည်းရှိနေတယ်။
ဒါကိုလည်းမေ့ထားလို့မရဘူး။ လက်တွေ့ကျတဲ့ စဉ်းစားမှုမျိုးဖြစ်ဖို့လိုတယ်'' လို့ဦးခင်မောင်ညို
(ဘောဂဗေဒ)က ပြောပါတယ်။
စက်ရုံ အလုပ်ရုံ အလုပ်သမားတွေကတော့ ပြန်လည်ပြင်ဆင်သတ်မှတ်မယ်ဆိုရင်
အနည်းဆုံးအခကြေးငွေကို တစ်ရက် ကျပ် ၅,၆ဝဝ နှုန်းသတ်မှတ်ပေးဖို့ တောင်းဆိုထား
ပါတယ်။ ကုန်စျေးနှုန်းကြီးမြင့်မှု၊လူနေမှု စရိတ်မြင့်မားမှုတွေကြောင့် အလုပ်သမားတွေအတွက်
လုံလောက်တဲ့ အနည်းဆုံးအခကြေးငွေနှုန်းထားကို သတ်မှတ်ပေးဖို့ အလုပ်သမားတွေက
တောင်းဆိုထားတာ
ဖြစ်ပါတယ်။
အနည်းဆုံး အခကြေးငွေကို အလုပ်သမားတွေတောင်းဆိုတဲ့ နှုန်းထားတစ်ရပ် သတ်မှတ်ပေး
မယ်ဆိုရင်တောင် ကုန်စျေးနှုန်းနဲ့ လူနေမှုစရိတ်မြင့်မားမှုကို မထိန်းချုပ်သရွေ့ အလုပ်သမားတွေ
အတွက် လောက်ငတဲ့ နှုန်းထားဖြစ်မှာ မဟုတ်ဘူးလို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသား
ကော်မတီအဖွဲ့ဝင် ဒေါ်ခိုင်ဇာအောင်က ပြောပါတယ်။
''အဓိကတော့ လူနေမှုအဆင့်အတန်းရှိရှိဖြစ်ဖို့ပဲ။ အခုက ဘယ်လောက်ပဲ ရသင့်ရထိုက်တဲ့
နှုန်းထားဖြစ်ပြီလို့ပြောဦး လူနေမှုအဆင့်အတန်းရှိပြီလားလို့ပြောရင် မဖြစ်သေးဘူးလို့ပြောရမှာပဲ။
ဘာကြောင့်လဲဆိုတော့ တစ်ဖက်မှာရှိနေတဲ့ တခြားစရိတ်တွေကလည်း မြင့်တက်နေတာမို့လို့ပဲ။
ဒါကြောင့် တခြားဘက်က စရိတ်တွေ မြင့်တက်မှုကိုလည်း ထိန်းချုပ်နိုင်ဖို့ လိုအပ်တယ်။ ဒါမှ
အလုပ်ရှင် အလုပ်သမား တူညီတဲ့ မျှခြေတစ်ခုကို ရောက်မှာ'' လို့၄င်းက ပြောပါတယ်။
















