ထိုင်းတွင် မြန်မာရေလုပ်သားတစ်ဦးသေနတ်ဖြင့် ပစ်ခံရ

ထိုင်းတွင် မြန်မာရေလုပ်သားတစ်ဦးသေနတ်ဖြင့် ပစ်ခံရ

 

ငါးဖမ်းစက်လှေပိုင်ရှင်က သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် မြန်မာရွှေ့ပြောင်းရေလုပ်သား
တစ်ဦး နောက်ကျောထုတ်ချင်းပေါက် ဒဏ်ရာရရှိခဲ့ကြောင်း အဆိုပါငါးဖမ်းလှေတွင်
အလုပ်လုပ်ကိုင်လျက်ရှိသည့် မြန်မာရွှေ့ပြောင်းရေလုပ်သားတစ်ဦးဖြစ်သူ ဦးစိုးဝင်းက
ပြောသည်။

ထိုင်းနိုင်ငံတောင်းပိုင်း ဖန်ငခရိုင်၊ ကူရဘူရီမြို့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ငါးဖမ်းလှေမထွက်ခွာမီ
စျေးဝယ်သွားရောက်ခဲ့သည့် မြန်မာရွှေ့ပြောင်းရေလုပ်သား မောင်မောင်ဌေးကို သူဌေးက
ရိုက်နှက်ခဲ့ပြီးနောက် သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ၄င်းက ပြောသည်။

''ဒဏ်ရာ အခြေအနေကတော့ သက်သာပါတယ်။ ဒါပေမဲ့ ဆေးရုံက ဆင်းတာမြန်တော့
သေနတ်ဒဏ်ရာအနာက ပြန်ဖြစ်ချင် ဖြစ်လာနိုင်တယ်။ ဒဏ်ရာသက်သာလာရန် အိမ်ပြန်မှာပါ'' ဟု
လုပ်ဖော်ကိုင်ဖက် ငါးဖမ်းရေလုပ်သားဖြစ်သူ ဦးစိုးဝင်းက ယခုလ ၂၄ ရက်တွင် ပြောသည်။

သေနတ်ဖြင့် ပစ်ခတ်ခံရသူမှာ ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ် ကျောက်ကျပ်ကျေးရွာမှ
မောင်မောင်ဌေး အသက် (၂၁)နှစ် ဖြစ်ပြီး အဆိုပါ ငါးဖမ်းစက်လှေတွင် လွန်ခဲ့သည့်
တစ်နှစ်ခန့်က စတင်အလုပ် လုပ်ကိုင်ခဲ့ခြင်းဖြစ်သည်။ ''ကျွန်တော်တို့ ထိုင်းသူဌေးကို
အမှုဖွင့်သွားမှာပါ။ သူက သေစေလိုတဲ့ဆန္ဒနဲ့ လုပ်တဲ့အတွက် လူသတ်မှုနဲ့ အမှုဖွင့်
သွားမယ်''ဟု ဦးစိုးဝင်းက ပြောသည်။

အဆိုပါ ပစ်ခတ်မှုနှင့် ပတ်သက်ပြီး ထိုင်းငှားဖမ်းစက်လှေပိုင်ရှင်ကို ထိုင်းတော်ဝင်ရေတပ်မတော်က
အမှုဖွင့်ထားသလို မြန်မာဘက်မှလည်း အမှုဖွင့်တိုင်းကြားနိုင်ရန် မြန်မာသံရုံးကတစ်ဆင့် ချိတ်ဆက်
ဆောင်ရွက်နေကြောင်း ကူညီဆောင်ရွက်လျက်ရှိသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများကွန်ရက်
(ဖူးခက်) ဥက္ကဋ္ဌ ဦးရွှေထွန်းအေးက ပြောသည်။

''ကျွန်တော်တို့ မျက်မြင်တော့ မတွေ့ရသေးဘူး။ ရဲကတော့ စက်လှေသူဌေးကို ဖမ်းဆီးထားပြီလို့
ပြောတယ်။ ကျွန်တော်တို့ကတော့ အလုပ်သမားတွေလိုအပ်ချက်တွေကော၊ သူတို့ရဲ လုံခြံုရေး
အတွက်ပါ ဆောင်ရွက်သွားမှာပါ'' ဟု ၄င်းက ပြောသည်။

အဆိုပါထိုင်းငါးဖမ်းစက်လှေတွင် ထိုင်းအလုပ်သမားသုံးဦးနှင့် မြန်မာရွှေ့ပြောင်းအလုပ်သမား
၂၂ ဦး လုပ်ကိုင်လျက်ရှိပြီး မြန်မာရွှေ့ပြောင်းရေလုပ်သားများမှာ တရားဝင်အလုပ်သမားများ
ဖြစ်ကြောင်း စက်လှေတွင် နှစ်နှစ်ကျော်ကြာ အလုပ်လုပ်ကိုင်ခဲ့သူ ဦးစိုးဝင်းက ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး