ကမ္ဘာ့နိုင်ငံအသီးသီးတွင် နေစွမ်းအင်နှင့် လေ စွမ်းအင်အပါအဝင် အစိမ်းရောင် စွမ်းအင်
အရင်းအမြစ်များကို ပိုမိုအသုံးပြုလာကြသော်လည်း ပြီးခဲ့သည့်အစိုးရလက်ထက်တွင်
ရေးဆွဲထုတ်ပြန်ခဲ့သည့် အမျိုးသား စွမ်းအင်ပင်မစီမံချက် (Energy Master Plan) အရ
အစိမ်းရောင်၊ သို့မဟုတ် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်မှ ၁၀ ရာခိုင်နှုန်းကျော်သာ လျှပ်စစ်ဓာတ်အား
ထုတ်ယူရန် သတ်မှတ်ထားသည်။
အမျိုးသားစွမ်းအင်ပင်မစီမံချက်ကို ၁၅ နှစ်စာ ခန့်မှန်းတွက်ချက်ထားခြင်းဖြစ်ပြီး၊ ၂၀၃၀ ပြည့်နှစ်တွင်
မြန်မာနိုင်ငံ၏ စွမ်းအင်မျိုးစုံသုံးစွဲမှုသည် ဇီဝဒြပ်ထုလောင်စာ ၃၃ ရာခိုင်နှုန်း၊ ရေနံမှ ၂၂ ရာခိုင်နှုန်း၊
ကျောက်မီးသွေးမှ ၂၀ ရာခိုင်နှုန်း၊ သဘာဝဓာတ်ငွေ့ ၁၃ ရာခိုင်နှုန်း၊ ရေအားလျှပ်စစ် ၁၁ ရာခိုင်နှုန်း၊
လေနှင့် နေရောင်ခြည်ကဲ့သို့သော ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကို ၁ ရာခိုင်နှုန်းဖြစ်သည်။
ကမ္ဘာလုံးဆိုင်ရာ သဘာဝပတ်ဝန်းကျင် ရန်ပုံငွေအဖွဲ့ (WWF) ၏ ပြီးခဲ့သည့်နှစ်အတွင်း
ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာအရ လာမည့် ၂၀၅၀ ပြည့်နှစ်တွင် တစ်နိုင်ငံလုံးအတွက်
လျှပ်စစ်ဓာတ်အား မဂ္ဂါ၀ပ် ၆၄,၀၀၀ လိုအပ်မည်ဖြစ်ရာ ယင်းလိုအပ်ချက်၏ ၁၀၀ ရာခိုင်နှုန်းကို
အစိမ်းရောင်စွမ်းအင်မှ ထုတ်ယူနိုင်ပြီး၊ နေရောင်ခြည်စွမ်းအင်မှလျှပ်စစ်ဓာတ်အား အများဆုံး
ထုတ်ယူနိုင်မည်ဖြစ်သည်။
လိုအပ်သော လျှပ်စစ်ဓာတ်အားအတွက် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဖြစ်သည့် နေရောင်ခြည်စွမ်းအင်မှ
၆၄ ရာခိုင်နှုန်း၊ လေစွမ်းအင်မှ ၁၇ ရာခိုင်နှုန်း၊ ဇီဝလောင်စာမှ ၁၇ ရာခိုင်နှုန်း၊ ရေစွမ်းအင်မှ
၁၄ ရာခိုင်နှုန်း၊ ဘူမိအပူနှင့် သမုဒ္ဒရာစွမ်းအင်များမှ ၁ ရာခိုင်နှုန်းစီ ထုတ်လုပ်နိုင်မည်ဟု ဆိုသည်။
"ကျွန်တော်တို့က ခုန်ကျော်သွားလို့ ရတယ်။ သူများမှားထားသမျှ ခြေလှမ်းတွေကို ကျွန်တော်တို့က
လိုက်ပြီးတော့ လုပ်စရာမလိုဘူး။ တစ်ခါတည်း ခုန်ကျော်ပြီးတော့ Green Energy
(အစိမ်းရောင်စွမ်းအင်) ကို တန်းသွားလို့ရတယ်" ဟု WWF (မြန်မာ) ၏ စွမ်းအင်မန်နေဂျာ
ဦးရွှန်းစိုဦးက ပြောသည်။
နေရောင်ခြည်နှင့် လေစွမ်းအင်သည် အစပိုင်းတွင် အကုန်အကျများနိုင်သော်လည်း ရေရှည်တွင်
အခြားစွမ်းအင် အရင်းအမြစ်များနှင့် ကုန်ကျစရိတ် အတူတူဖြစ်သည့်အပြင် ရုပ်ကြွင်းလောင်စာဖြင့်
လျှပ်စစ်ထုတ်လုပ်ခြင်းထက် အလုပ်အကိုင် အခွင့်အလမ်း နှစ်ဆမှ သုံးဆခန့်အထိ
ဖန်တီးပေးနိုင်သည်ဟု ၎င်းက ပြောသည်။
အစိမ်းရောင်စွမ်းအင်မှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းဖြင့် နှစ်စဉ်ကာဗွန် ရ၅ မက်ထရစ်တန်
လျှော့ချစေနိုင်ပြီး၊ ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်တွင် ဆိုးကျိုးသက်ရောက်မှုများ လျော့ကျစေနိုင်သည်
ဟုလည်း ဦးရွှန်းစိုဦးက ပြောသည်။
လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ မြန်မာနိုင်ငံတွင် လျှပ်စစ်ဓာတ်အားသုံးစွဲမှု
၁၅ ရာခိုင်နှုန်းမှ ၁၇ ရာခိုင်နှုန်းအထိ တိုးတက်လျက်ရှိသည်။
လက်ရှိတွင် တစ်နိုင်ငံလုံးလူဦးရေ၏ ၃၇ ရာခိုင်နှုန်း ကိုသာ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနိုင်သေးပြီး၊
၂၀၃၀ ပြည့်နှစ်တွင် လျှပ်စစ်ဓာတ်အား ၂၃,၅၉၄ မဂ္ဂါ၀ပ် ထုတ်လုပ်ရန် ရည်မှန်းထားသည်။
လက်ရှိတွင် ရေအားလျှပ်စစ်မှ ရ၀ ရာခိုင်နှုန်းဖြင့် အများဆုံး ထုတ်လုပ်လျက်ရှိပြီး၊ သဘာဝဓာတ်ငွေ့မှ
၂၉ ရာခိုင်နှုန်းဖြင့် ဒုတိယအများဆုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်လျက်ရှိသည်။
အမျိုးသားစွမ်းအင် ပင်မစီမံချက်အရ ၂၀၃၀ ပြည့်နှစ်တွင် ကျောက်မီးသွေးမှ ၃၀ ရာခိုင်နှုန်း
လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရန် ရည်ရွယ်ထားသည်။
ချင်း၊ ကချင်နှင့် ရှမ်းပြည်နယ်များတွင် ဘူမိအပူမှ လျှပ်စစ်ထုတ်ယူနိုင်သည့်နေရာ ၉၆ ခုခန့်
တွေ့ရှိထားပြီး အဆိုပါဘူမိစွမ်းအင် အရင်းအမြစ်နေရာများမှ မဂ္ဂါ၀ပ် ၆၀ မှ ၁၀၀ ခန့်အထိ
ထုတ်လုပ်နိုင်ကြောင်း မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်း၏ စွမ်းအင်နှင့် ပြန်လည် ပြည့်ဖြိုးမြဲ
စွမ်းအင်ကော်မတီဥက္ကဋ္ဌ ဦးသောင်းဝင်းက ပြောသည်။
မြန်မာနိုင်ငံသည် စွမ်းအင်ထုတ်ယူရရှိနိုင်သည့် ရာသီဥတုအခြေအနေများရှိသည့်အပြင်
မြေပေါ်မြေအောက် ရေသယံဇာတများနှင့် ပြည့်စုံပြီး သီးနှံမျိုးစုံနှင့် အိမ်မွေး တိရစ္ဆာန်များ
ဖြစ်ထွန်းသောကြောင့် ဇီဝလောင်စာမှ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရန် အဆင်ပြေသည်ဟုလည်း
၎င်းက ပြောသည်။
မြန်မာနိုင်ငံအတွက် အကောင်းဆုံး ပြည့်ဖြိုးမြဲစွမ်းအင်မှ ရေအားလျှပ်စစ်ဖြစ်ပြီး၊ သဘာဝပတ်ဝန်းကျင်
ထိခိုက်ပျက်စီးမှုများကြောင့် ရေအရင်းအမြစ်နည်းပါးလာခြင်းက ရေအားလျှပ်စစ်ထုတ်ယူမှုကို
ထိခိုက်နိုင်ကြောင်း ပြည်တွင်းမှ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အဖွဲ့အစည်းတစ်ခုဖြစ်သည့်
မြန်မာ့အစိမ်းရောင်ကွန်ရက်မှ အဖွဲ့ဝင်ပညာရှင် ဒေါက်တာခင်မောင်ညိုက ပြောသည်။
သဘာဝဓာတ်ငွေ့ဖြင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရန် မြန်မာနိုင်ငံတွင် သဘာဝဓာတ်ငွေ့မှ
လျှပ်စစ်ဓာတ်အားထုတ်သော နည်းပညာ မရှိသေးကြောင်းနှင့် နေရောင်ခြည်စွမ်းအင်ဖြင့်
လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရာတွင်လည်း အိမ်သုံးအတွက် လုံလောက်နိုင်သည်ဟု
၎င်းက ပြောသည်။
"နေရောင်ခြည် စွမ်းအင်ကတော့ စက်ရုံအလုပ်ရုံအတွက်တော့ မလုံလောက်ဘူး။ အိမ်အတွက်ပဲ
ရမယ်။ လုပ်ရင်လည်း စရိတ်အရမ်းကြီးတယ်" ဟု ဒေါက်တာခင်မောင်ညိုက ပြောသည်။
ဦးသိန်းစိန်အစိုးရအဖွဲ့ သက်တမ်းမကုန်ခင်အထိ လက်မှတ်ရေးထိုးထားသည့် ရေအားလျှပ်စစ်
စီမံကိန်းပေါင်း ၅၂ ခုရှိပြီး၊ သဘာဝပတ်ဝန်းကျင်နဲ့ လူမှုပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်ပျက်စီးနိုင်မှုအပေါ်
ပြည်သူလူထု၏ ကန့်ကွက်မှုများကြောင့် ပြီးခဲ့သည့် အစိုးရလက်ထက်တွင် ရေအားလျှပ်စစ်စီမံကိန်းများ
အကောင်အထည်ဖော်ရေး နှောင့်နှေးခဲ့သည်။
ပြီးခဲ့သည့် အစိုးရလက်ထက် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၏ အဆိုအရ ငါးနှစ်တာကာလအတွင်း
လျှပ်စစ်မဂ္ဂါ၀ပ် ၈၀၀ သာ ထွက်ရှိနိုင်မည့် ရေအားလျှပ်စစ်စီမံကိန်းကိုးခုကိုသာ ပြီးစီးအောင်
ဆောင်ရွက်နိုင်ခဲ့သည်။
တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ပြင်းပြင်းထန်ထန် ကန့်ကွက်ခြင်းခံခဲ့ရသည့်အတွက် ဧရာဝတီမြစ်ဆုံ
ရေအားလျှပ်စစ်မံကိန်းကို ၂၀၁၁ ခုနှစ်၊ စက်တင်ဘာလတွင် ဆိုင်းင့ံခဲ့သည်။
အမေရိကန်ဒေါ်လာ ၃ ဒသမ ၆ ဘီလျံကုန်ကျမယ့် မြစ်ဆုံရေအား လျှပ်စစ်စီမံကိန်းကို
တရုတ်နိုင်ငံပိုင်ကုမ္ပဏီက အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်ပြီး၊ လျှပ်စစ်မဂ္ဂါ၀ပ် ၆,၀၀၀ ထွက်ရှိမည့်
အကြီးစားစီမံကိန်းကြီးတစ်ခု ဖြစ်သည်။
ပြီးခဲ့သည့် အစိုးရလက်ထက် လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ ၂၀၁၀ ပြည့်နှစ်မှ
၂၀၁၂ ခုနှစ်အတွင်း နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ သည့် ကျောက်မီးသွေးသုံး
ဓာတ်အားပေး စက်ရုံစီမံကိန်း ၁၁ ခုရှိသော်လည်း ဒေသခံလူထုနှင့် အရပ်ဘက်အဖွဲ့အစည်းများ၏
ကန့်ကွက်မှုများကြောင့် မည့်သည့်ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံ စီမံကိန်းမှ
ရှေ့တိုးဆောင်ရွက်နိုင်ခြင်း မရှိခဲ့ပေ။
မြန်မာနိုင်ငံတွင် လေနှင့် နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ မရှိသေးသော်လည်း
၂၀၃၀ ပြည့်နှစ် အဆိုပါပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်များမှ ၉ ရာခိုင်နှုန်းအထိ ဓာတ်အားထုတ်လုပ်ရန်
ရည်မှန်းထားသည်။
မြန်မာနိုင်ငံအလယ်ပိုင်း မြင်းခြံ၊ မိတ္ထီလာနှင့် မင်းဘူးတွင် လျှပ်စစ်မဂ္ဂါ၀ပ် ၅၀၀ ခန့် ထွက်ရှိနိုင်မည့်
နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံစီမံကိန်းများကို အမေရိကန်နှင့် ထိုင်းကုမ္ပဏီများက
အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။
ပြီးခဲ့သည့် အစိုးရလက်ထက်တွင် ရခိုင်၊ ချင်း၊ ရှမ်း၊ ကယား၊ ကရင်၊ မွန်ပြည်နယ်နှင့် ရန်ကုန်၊ ဧရာဝတီ၊
တနင်္သာရီတိုင်းဒေသကြီးများတွင် စုစုပေါင်းလျှပ်စစ်မဂ္ဂါ၀ပ် ၅,၀၀၀ လောက် ထုတ်လုပ်ရန်
မျှော်မှန်းထားသည့် လေစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံများ အကောင်အထည်ဖော်ရန်
နိုင်ငံတကာကုမ္ပဏီများက စီမံကိန်းဖြစ်မြောက်နိုင်စွမ်းလေ့လာခြင်းများ ရှိခဲ့သည်။
ဧရာဝတီတိုင်းဒေသကြီး ချောင်းသာဒေသတွင် လျှပ်စစ်မဂ္ဂါ၀ပ် ၃၀ ထုတ်လုပ်နိုင်မည့် လေစွမ်းအင်သုံး
ဓာတ်အားပေးစက်ရုံ တည်ဆောက်ရေးအတွက် ယခင်အစိုးရလက်ထက်တွင် လျှပ်စစ်စွမ်းအား
၀န်ကြီးဌာနနှင့် တရုတ်နိုင်ငံမှ Three Gorges ကော်ပိုရေးရှင်း တို့ လက်မှတ်ရေးထိုးခဲ့သည်။
















