ကြားဖြတ်ရွေးကောက်ပွဲ အနိုင်ရကိုယ်စားလှယ်သုံးဦးကို ပြည်ခိုင်ဖြိုးပါတီက ကန့်ကွက်ထား

ကြားဖြတ်ရွေးကောက်ပွဲ အနိုင်ရကိုယ်စားလှယ်သုံးဦးကို ပြည်ခိုင်ဖြိုးပါတီက ကန့်ကွက်ထား

 

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ကြားဖြတ်ရွေးကောက်ပွဲ အနိုင်ရကိုယ်စားလှယ်သုံးဦးကို
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ကန့်ကွက်ထားသည်ဟု ပြည်ထောင်စုရွေးကောက်ပွဲ
ကော်မရှင် အတွင်းရေးမှူး ဦးတင်ထွန်းက ပြောသည်။

ကြားဖြတ်ရွေးကောက်ပွဲရက်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အနိုင်ရကိုယ်စားလှယ်အချို့မှာ
ကိုယ်စားလှယ်လောင်းကျင့်ဝတ်ဖောက်ဖျက်ခြင်း၊ ဥပဒေမဲ့ ပြုကျင့်ခြင်း၊ပြည်ထောင်စုရွေးကောက်ပွဲ
ကော်မရှင်ကထုတ်ပြန်ထားသည့် ညွှန်ကြားချက်များကို ဖောက်ဖျက်ခြင်းနှင့် လက်ရှိပြဋ္ဌာန်းထားသည့်
ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများကို ဖောက်ဖျက်ခြင်း စသည့်အချက်များဖြင့် ကော်မရှင်ကိုကန့်ကွက်
လွှာပေးပို့ထားသည်ဟု ၄င်းက ပြောသည်။

ကြားဖြတ်ရွေးကောက်ပွဲနှင့်ပတ်သက်သည့် ကန့်ကွက်လွှာများပေးပို့ရာတွင် လက်ရှိအချိန်ထိ
ပြည်ထောင်စုကြ့ံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ကိုယ်စားလှယ်လောင်းသုံးဦးက အမျိုးသားဒီမိုကရေစီ
အဖွဲ့ချုပ်၏ အနိုင်ရကိုယ်စားလှယ်သုံးဦးကိုကန့်ကွက်ထားသည့်စာများသာ ရောက်ရှိသေးသည်ဟု
ဦးတင်ထွန်းက ပြောသည်။

ထိုသို့ကန့်ကွက်ခံထားရသူများမှာ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်မှ အနိုင်ရပြည်သူ့လွှတ်တော်
ကိုယ်စားလှယ် ဦးနေကျော်၊ လှိုင်သာယာမြို့နယ်မှ အနိုင်ရ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
ဦးဝင်းမင်းနှင့် ကော့မှူးမြို့နယ်မှ အနိုင်ရပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇင်ဝင်းတို့ဖြစ်ပြီး
၄င်းတို့နှင့် မဲဆန္ဒတူ ယှဉ်ပြိုင်ခဲ့ကြသည့်ပြည်ခိုင်ဖြိုးပါတီမှ ကိုယ်စားလှယ်လောင်းများက
ကန့်ကွက်လွှာပေးပို့ခဲ့ကြခြင်းဖြစ်သည်။

''ကန့်ကွက်လွှာတွေကို ကိုင်တွယ်စိစစ်ဦးမှာတော့ မဟုတ်သေးပါဘူး။ တိုင်ကြားစာတွေ
နောက်ထပ်ရောက်လာနိုင်ဖို့ ရှိဦးမယ်လေ။ အဲဒါတွေပြီးရင်တော့ ခုံရုံးဖွဲ့ပြီးတော့ စိစစ်ရမှာပေါ့။
အခုထိတော့သုံးစောင်ပဲ ရောက်ပါ သေးတယ်''ဟု ဦးတင်ထွန်းက ပြောသည်။

ကန့်ကွက်ခံထားရသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ လှိုင်သာယာမြို့နယ်အနိုင်ရ လွှတ်တော်
ကိုယ်စားလှယ် ဦးဝင်းမင်းက ကြားဖြတ်ရွေးကောက်ပွဲတွင် ဥပဒေ၊ညွှန်ကြားချက်များနှင့်
ဆန့်ကျင်သည့် လုပ်ရပ်များကို ပြုမူဆောင်ရွက်ခဲ့ခြင်း မရှိကြောင်းနှင့်မဲဆွယ်စည်းရုံးရေး
ကာလတွင်လည်း ပြည်ခိုင်ဖြိုးပါတီမှ ကိုယ်စားလှယ်လောင်းနှင့် ထိပ်တိုက်တွေ့ဆုံခဲ့ခြင်းမျိုး
မရှိခဲ့ကြောင်း ဆိုသည်။

''ကျွန်တော့်ကို ကန့်ကွက်ထားတယ်ဆိုတာကော်မရှင်ကလည်း အကြောင်းမကြားသေးပါဘူး။
ဘာကြောင့်တိုင်သလဲဆိုတာကိုကျွန်တော်ကိုယ်တိုင် နားမလည်ပါဘူး။ ဥပဒေမဲ့လုပ်ခဲ့တာ
ဘာမှမရှိပါဘူး။ အားလုံးကို ဥပဒေ၊ညွှန်ကြားချက်တွေနဲ့အညီ ဆောင်ရွက်ခဲ့တာပဲဖြစ်ပါတယ်။
စည်းရုံးရေးကာလမှာလည်း အဲဒီအတိုင်းပါပဲ။ ဥပဒေနဲ့အညီ လုပ်ခဲ့တာတွေပါပဲ''ဟု ၄င်းက
ပြောသည်။

လွှတ်တော်ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများအရ တိုင်းဒေသကြီးနှင့် ပြည်နယ်ရွေးကောက်ပွဲ
ကော်မရှင်အဖွဲ့ခွဲများက အနိုင်ရလွှတ်တော်ကိုယ်စားလှယ်ကို ကြေညာသည့်ရက်မှစ၍
၄၅ ရက်အတွင်း ယှဉ်ပြိုင်အရွေးခံသူများနှင့် မဲဆန္ဒရှင်များက ပြည်ထောင်စုရွေးကောက်ပွဲ
ကော်မရှင်ထံ ကန့်ကွက်လွှာများ ပေးပို့နိုင်သည်။

''မေ ၁၅ ရက်အထိ ကျွန်တော်တို့ဆီ ကန့်ကွက်လွှာတွေ ပို့နိုင်ပါတယ်'' ဟု ကော်မရှင်
အတွင်းရေးမှူး ဦးတင်ထွန်းက ဆိုသည်။

ပြည်ခိုင်ဖြိုးပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့်က အနိုင်ရကိုယ်စားလှယ်များကို
ကန့်ကွက်လွှာတင်ထားသည့် ပြည်ခိုင်ဖြိုးမှ ကိုယ်စားလှယ်လောင်းများသည် ၄င်းတို့၏
ကိုယ်ပိုင်သဘောထားဖြင့်သာ ကန့်ကွက်လွှာများကို တင်သွင်းခြင်းဖြစ်သည့်အတွက် ပါတီနှင့်
သက်ဆိုင်ခြင်းမရှိဟု ဆိုသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ရွေးကောက်ပွဲစည်းရုံးခွင့် မရှိသည့်ရက်တွင်
နိုင်ငံပိုင်ရုပ်သံများမှတစ်ဆင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အကြောင်းအရာများပါဝင်သည့်
အစိုးရတစ်နှစ်ပြည့်မိန့်ခွန်းကို ပြောကြားခဲ့ခြင်းကို ပြည်ခိုင်ဖြိုးပါတီက ကန့်ကွက်ရန် ပြင်ဆင်
လျက်ရှိသည်ဟု ဆိုသည်။

''အခုထိတော့ အဲဒီကိစ္စနဲ့ပတ်သက်ပြီး ကန့်ကွက်လွှာ မပို့ရသေးပါဘူး။ ကျွန်တော်တို့
ပါတီဗဟိုအလုပ်အမှုဆောင် ကော်မတီအစည်းအဝေးကျရင် ဒါကိုဆုံးဖြတ်ဖို့ ရှိပါတယ်။
ဘယ်တော့လောက်ဖြစ်မယ်ဆိုတာတော့မပြောနိုင်သေးပါဘူး။ အစည်းအဝေးနောက်ပိုင်း
ကျရင်တော့ ကန့်ကွက်လွှာပို့ဖြစ်ဖို့များပါတယ်''ဟု ဒေါက်တာနန္ဒာလှမြင့်က ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး