နိုင်ငံလုံးဆိုင်ရာ ဥပဒေကျောင်းသားများညီလာခံ ကျင်းပမည်

နိုင်ငံလုံးဆိုင်ရာ ဥပဒေကျောင်းသားများညီလာခံ ကျင်းပမည်

နိုင်ငံအဝန်းရှိ တက္ကသိုလ်များမှ ဥပဒေကျောင်းသားများစုပေါင်းမှုဖြင့် နိုင်ငံလုံးဆိုင်ရာ
ဥပဒေကျောင်းသားများ ညီလာခံကို မနက်ဖြန်တွင် ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမ၌
ကျင်းပသွားမည်ဖြစ်ကြောင်း ဦးဆောင်စီစဉ်သူ ဒဂုံတက္ကသိုလ်ဥပဒေကျောင်းသာများအဖွဲ့
(DULSA)မှ ကိုကောင်းမြတ်အာကာက ပြောသည်။

''ကျွန်တော်တို့အနေနဲ့ ဒီညီလာခံကနေ ဥပဒေကျောင်းသားတွေကို စုစည်းမယ်။ ပြီးရင်
အာရှဥပဒေကျောင်းသားများအဖွဲ့ (ALSA) မှာ အဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံဖြစ်အောင်လည်း
ကြိုးပမ်းသွားမယ်။ မနှစ်တုန်းက ကျွန်တော်တို့ မြန်မာဥပဒေကျောင်းသား တစ်ယောက်က
လေ့လာသူအနေနဲ့ တက်ရောက်ထားတယ်။ ညီလာခံပြီးရင် အဖွဲ့မှာ တရားဝင်အဖွဲ့ဝင်
နိုင်ငံဖြစ်အောင် လုပ်ဆောင်မယ်'' ဟု ၄င်းက ပြောသည်။

ဥပဒေရေးရာနှင့် ပတ်သက်သော ဗဟုသုတများ နားလည်နိုင်စွမ်းနှင့် ဥပဒေကျောင်းသားများ၏
အခက်အခဲများကို ဥပဒေကျောင်းသားများအကြား အချင်းချင်းဖလှယ်နိုင်စေရန်၊ မတူညီသည့်
လူမှုအဖွဲ့အစည်းများအချင်းချင်း ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် လူမှုကူညီရေးစိတ်ဓာတ်များ
တိုးတက်လာစေရန်၊ ဒေသအသီးသီးက ကျောင်းသားကျောင်းသူအချင်းချင်း ချစ်ကြည်
ရင်းနှီးစေသော ဆက်ဆံရေးကို တည်ဆောက်ရန် ရည်ရွယ်ကာ ညီလာခံကျင်းပခြင်း
ဖြစ်သည်ဟု ဆိုသည်။

အဆိုပါ ညီလာခံတွင် မတူညီသည့် ဥပဒေနယ်ပယ်အသီးသီးက ပညာရှင်များ တက်ရောက်
သွားမည်ဖြစ်ပြီး အာရှဥပဒေကျောင်းသားများအဖွဲ့အစည်း (Asian Law Student's
Associtaion ALSA) မှ ကျောင်းသားကျောင်းသူနှစ်ယောက်က ၄င်းတို့ နိုင်ငံရှိ ဥပဒေ
စနစ်များအကြောင်း ရှင်းလင်းပြောကြားမည်ဖြစ်သည်။

အဆိုပါ ညီလာခံတွင် နိုင်ငံတစ်ဝန်းတက္ကသိုလ်များရှိ ဥပဒေဌာန ၁၈ ခုမှ ကျောင်းသား
ကျောင်းသူ စုစုပေါင်း ၂ဝဝဝန်းကျင်ခန့် တက်ရောက်ရန် ဖိတ်ကြားထားပြီး ဥပဒေကျောင်းပြီး
သူများနှင့် ဥပဒေပညာရပ်ကို စိတ်ဝင်စားသူအားလုံး တက်ရောက်နိုင်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး