ဘင်္ဂါလီအရေး ကြားဝင်ဖြေရှင်းပေးရန် တရုတ်အစိုးရ ကမ်းလှမ်း

ဘင်္ဂါလီအရေး ကြားဝင်ဖြေရှင်းပေးရန် တရုတ်အစိုးရ ကမ်းလှမ်း

ဘင်္ဂါလီပြဿနာနှင့် ပတ်သက်ပြီး မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံကြား တရုတ်အစိုးရဘက်က
သံတမန်နည်းလမ်းအရ ကူညီဖြေရှင်းပေးရန် အဆင်သင့်ရှိကြောင်း တရုတ်အစိုးရ
အထူးကိုယ်စားလှယ် ဆန်ကျောက်ကျိယန် က ပြောကြားခဲ့ကြောင်း ယခုလ ၂၅ ရက်ထုတ်
ရိုက်တာသတင်းတွင် ဖော်ပြသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ လေးရက်ကြာ သွားရောက်ခဲ့သည့် ၎င်း၏ ခရီးစဉ်ကာလအတွင်း
ဘင်္ဂလားဒေ့ရှ်နိုင်ငံ အစိုးရတာဝန်ရှိ သူများနှင့်တွေ့ဆုံစဉ် ယခုကဲ့သို့ ထုတ်ဖော် ကမ်းလှမ်းခဲ့ခြင်း
ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်ကို
ကိုးကား၍ ဖော်ပြခဲ့ခြင်း ဖြစ်သည်။

တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၊ ဘင်္ဂလား ဒေ့ရှ်နိုင်ငံများ အပါအဝင် စီးပွားရေးနှင့်
အခြေခံအဆောက်အအုံ တည်ဆောက်ရေးဆိုင်ရာ ပံ့ပိုးမှုများတွင် ခိုင်မာသည့် ဆက်ဆံရေး
ရှိထားခြင်းဖြစ်ပြီး လက်ရှိအစိုးရ လက်ထက်တွင် ပိုမိုကောင်းမွန်သော ဆက်ဆံရေးရရှိရန်
ကြိုးစားလျက်ရှိခြင်းဖြစ်သည်ဟု ရိုက်တာသတင်းဌာနက ရေးသားသည်။

"ဒါက ပြည်တွင်းရေးကိစ္စပဲ။ ဘယ်သူပဲ ကြားဝင်ဝင်၊ တရုတ်ပဲဖြစ်ဖြစ်၊ ဂျပန်ပဲဖြစ်ဖြစ် မရဘူး။
ဒါက ကျွန်တော်တို့ ပြည်တွင်းပြဿနာ ပဲ။ နိုင်ငံတကာ ပြဿနာမဟုတ်ဘူး။ အသေးစိတ်ကတော့
သေချာပြောရမယ်" ဟု ရခိုင်အမျိုးသားပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင် က ပြောသည်။

ဘင်္ဂါလီအရေးကိစ္စသည် ပြည်တွင်းရေး ကိစ္စဖြစ်ပြီး မည်သည့် နိုင်ငံတကာ အဖွဲ့အစည်း၏
၀င်ရောက်စွက်ဖက်မှုကိုမှ မလိုလားကြောင်း ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ဟောင်း
ကိုဖီအာနန်ခေါင်းဆောင်သည့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင် ဖွဲ့စည်းစဉ်က
ရခိုင်တိုင်းရင်းသားများက ကန့်ကွက်ခဲ့ဖူးသည်။

ဘင်္ဂါလီအရေးကိစ္စတွင် တရုတ်အစိုးရက ကြားဝင်ကူညီပေးရန် မြန်မာအစိုးရထံ ကမ်းလှမ်းချက်
တစ်စုံတစ်ရာ ရှိထားခြင်းရှိ၊မရှိ မြန်မာအစိုးရတာဝန်ရှိသူများထံ ဆက်သွယ်မေးမြန်းခဲ့သော်လည်း
အတည်ပြုနိုင်ခဲ့ခြင်း မရှိပေ။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး