ပြန်ကြားရေးဝန်ကြီးဌာန၏ ဒစ်ဂျစ်တယ်သတင်းစာကို မကြာမီ ထုတ်ဝေတော့မည်ဖြစ်ကြောင်း
ပြည်ထောင်စုဝန်ကြီးဒေါက်တာ ဖေမြင့်က ယမန်နေ့တွင် ပြောသည်။
ပြန်ကြားရေး ၀န်ကြီးဌာနက ထုတ်ဝေလျက်ရှိသည့် သတင်းစာများကို မိုဘိုင်းတယ်လီဖုန်းဖြင့်
အများပြည်သူ ဖတ်ရှုနိုင်ရန် ဒစ်ဂျစ်တယ်ပုံစံ ကြိုးစားဆောင်ရွက်သည့် သဘောဖြစ်ကြောင်း
၎င်းကဆိုသည်။
"သတင်းစာတွေရှိရဲ့သားနဲ့ ထပ်ပြီးတော့ စီးပွားရေးသဘော၊ ပုဂ္ဂလိကနဲ့ ပြိုင်ဆိုင်ဖို့ သဘော စသဖြင့်
မယူဆစေချင်ဘူး။ ကိုယ့်အလုပ်ကို ကောင်းအောင်၊ ဆောင်ရွက်နေတာ ဖြစ်တယ်လို့
ပြောချင်ပါတယ်" ဟု ဒေါက်တာ ဖေမြင့်က ပြောသည်။
အစိုးရပိုင် ဒစ်ဂျစ်တယ်သတင်းစာကို မေလ ပထမပတ်တွင် စတင်စမ်းသပ်ထုတ်ဝေသွားမည်ဖြစ်ပြီး
တရားဝင်ထုတ်ဝေမည့်ကာလကို ထပ်မံအသိပေးထုတ်ပြန်သွားမည်ဖြစ်ကြောင်း ပြန်ကြားရေး
၀န်ကြီးဌာန၊ သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း၊ ဦးဆောင်ညွှန်ကြားရေးမှူး ဦးကျော်စိုးက ပြောသည်။
"ဒီဟာက ပြည်သူတွေကို သတင်းဝန်ဆောင်မှု အချိန်နဲ့ တစ်ပြေးညီပေးချင်တဲ့ ရည်ရွယ်ချက်ပါပဲ။
ကျွန်တော်တို့ရဲ့ လုပ်ငန်းတာဝန်အရ ဆောင်ရွက်တာပဲဖြစ်ပါတယ်။ တခြား လက်ဝါးကြီးအုပ်တာလည်း
မဟုတ်ပါဘူး။ အကျိုးတူလုပ်နိုင်ဖို့အတွက်လည်း သတင်းစာကတစ်ဆင့် ခေါ်ယူခဲ့ပါတယ်" ဟု
၎င်းကပြောသည်။















