ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့၌ ယခုလ ၂၈ ရက်နှင့် ၂၉ ရက်တွင် ကျင်းပပြုလုပ်မည့် အာဆီယံ
ထိပ်သီးအစည်းအဝေးသို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်
တက်ရောက်မည်ဟု နိုင်ငံတော်သမ္မတရုံးက အတည်ပြု ပြောကြားသည်။
မနီလာ၌ ကျင်းပမည့် အာဆီယံ အစည်းအဝေးကာလ အတွင်း ဒေါ်အောင်ဆန်းစုကြည်သည်
ရခိုင်ပြည်နယ်အရေးနှင့် ပတ်သက်ပြီး အစိုးရကဆောင်ရွက်နေသည့် လက်ရှိ အခြေအနေကို
ရှင်းလင်းတင်ပြနိုင်ခြေ ရှိသည်ဟု အာဆီယံရေးရာ ကျွမ်းကျင်သူများက ခန့်မှန်းထားသည်။
၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလအတွင်း ရန်ကုန်မြို့၌ ကျင်းပခဲ့သည့် အာဆီယံနိုင်ငံခြားရေး ၀န်ကြီးများ
အလွတ်သဘော အစည်းအဝေးတွင် ရခိုင်ပြည်နယ်အရေးနှင့် ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က
အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများကို ရှင်းလင်းပြောကြားခဲ့ပြီး လာမည့်အာဆီယံထိပ်သီး
အစည်းအဝေးတွင်လည်း ရခိုင်ပြည်နယ်အရေး လက်ရှိ ဖြစ်ပေါ်နေသည့် တိုးတက်မှုအခြေအနေများကို
ရှင်းလင်း တင်ပြနိုင်ခြေရှိသည်ဟု ဆိုသည်။
အာဆီယံထိပ်သီးအစည်းအဝေးဆိုင်ရာ ထုတ်ပြန်ချက်များအရ အာဆီယံထိပ်သီး အစည်းအဝေး
ကာလအတွင်း ကိုရီးယား ကျွန်းဆွယ်အရေးကိစ္စ စိုးရိမ်ဖွယ်ရာဖြစ်လာနေသည့် မြောက်ကိုရီးယားနှင့်
အမေရိကန်ကြား ဆက်ဆံရေး၊ တောင်တရုတ်ပင်လယ် အငြင်းပွားမှု အပါအဝင် ဒေသတွင်း
ကိစ္စရပ်အချို့ကို ဆွေးနွေးမည်ဖြစ်သည်။
အာဆီယံခေါင်းဆောင်များသည် ထိပ်သီးအစည်းအဝေး ကာလအတွင်း ဖိလစ်ပိုင်သမ္မတ ဒူတာတေး၏
မူးယစ်ဆေးဝါး နိမ်နှင်းရေး စစ်ပွဲအကြောင်းပြုပြီး တရားဥပဒေမဲ့ သတ်ဖြတ်မှုများအကြောင်း
အလေးထား ဆွေးနွေးရန် လိုအပ်သည်ဟု နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ အရှေ့တောင်
အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ ဒါရိုက်တာမစ္စတာ ချမ့်ပါ့ဖိတယ်လ်က ပြောကြားသည်။
လက်ရှိအာဆီယံဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံ၏ ထုတ်ပြန်ချက်အရ အာဆီယံခေါင်းဆောင်များသည်
အာဆီယံပါလီမန် ညီလာခံဆိုင်ရာ ကိုယ်စားလှယ်များနှင့် တွေ့ဆုံရန်ရှိပြီး အာဆီယံ
လူငယ်ကိုယ်စားလှယ်များနှင့် တွေ့ဆုံပြီးနောက် အာဆီယံပါလီမန်၏ လုပ်ငန်းစဉ်များ
အရှိန်မြှင့်တင်ရန်နှင့် ပေါင်းစည်းချိတ်ဆက်မှုများကို မြှင့်တင်ရန် ဆွေးနွေးကြမည် ဖြစ်သည်။
















