ရခိုင်ပြည်နယ် မောင်တောခရိုင်ဒေသတွင်း နယ်မြေရှင်းလင်းရေး ဆောင်ရွက်ရာတွင် ဥပဒေပိုင်းဆိုင်ရာ
ချိုးဖောက်ခဲ့သော တပ်မတော်ပိုင်းနှင့် ရဲတပ်ဖွဲ့တာဝန်ရှိသူများကို သက်ဆိုင်ရာဌာနအလိုက်
အရေးယူဆောင်ရွက်လျက်ရှိကြောင်း ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်
စစ်ဆင်ရေး ညွှန်ကြားရေးမှူးချုပ်ရုံး ညွှန်ကြားရေးမှူး ဗိုလ်ချုပ်အောင်ရဲဝင်းက ပြောသည်။
"ကျွန်တော်တို့ သတင်းထုတ်ပြန်နိုင်တာ အကုန်လုံးထုတ်ပြန်ပေးသွားမှာပါ။ ထုတ်လည်း
ထုတ်ပေးခဲ့တာတွေရှိပါတယ်။ ရဲလည်း ရဲဘက်က စစ်ဆေးနေတာတွေ၊ တပ်လည်း တပ်ဘက်က
စစ်ဆေးနေတာတွေလည်း ရှိတယ်။ ကိုယ်လည်းအဲလောက်ပဲ ပြောနိုင်တယ်"ဟု ၎င်းက
မြန်မာတိုင်း(မ်) ကို ယမန်နေ့တွင် ပြောသည်။
ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောဒေသတွင်း နယ်မြေရှင်းလင်းရေးဆောင်ရွက်ရာတွင်
တပ်မတော်တပ်ဖွဲ့ဝင်များအပါအဝင် ရဲတပ်ဖွဲ့ဝင်များ လူ့အခွင့်အရေးချိုးဖောက်မှုများ ရှိနေကြောင်း
ကုလသမဂ္ဂနှင့် နိုင်ငံတကာ အဖွဲ့အစည်းများက ပြောကြားထားပြီး လူ့အခွင့်အရေး ချိုးဖောက်မှုများကို
စုံစမ်းစစ်ဆေးရန် ဒုတိယသမ္မတ ဦးမြင့်ဆွေ ဦးဆောင်သည့် စုံစမ်းစစ်ဆေးရေးကော်မရှင် အပါအဝင်၊
တပ်မတော်အဆင့်မြင့်အရာရှိ ငါးဦး ပါ၀င်သည့် စုံစမ်းစစ်ဆေးရေးအဖွဲ့များကို ဖွဲ့စည်းထားခဲ့ပြီး
ဖြစ်သည်။
မြန်မာနိုင်ငံ အမျိုးသားလုံခြံုရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်းက ယခုလဆန်းပိုင်းတွင်
ပြည်တွင်းအခြေစိုက် နိုင်ငံတကာ သံတမန်များနှင့် ကုလသမဂ္ဂအဖွဲ့ အစည်းများမှ
ကိုယ်စားလှယ်များကို တွေ့ဆုံ ပြီး ရခိုင်ပြည်နယ်အကြောင်း ရှင်းလင်းခဲ့ရာတွင် လူ့အခွင့်အရေး
ချိုးဖောက်မှုရှိသည်ဟူသော စွပ်စွဲချက်များနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးရေးကော်မရှင်က
ရခိုင်ပြည်နယ်အတွင်း ထိခိုက်မှုရှိခဲ့သည့် နေရာများနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားခရိုင်သို့
သွားရောက် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း၊ လူ့အခွင့်အရေး ချိုးဖောက်မှု ကျူးလွန်ကြောင်း
ထင်ရှားသည့် သက်သေ အထောက်အထားများရှိပါက တရားဥပဒေအရ ထိရောက်စွာ
အရေးယူသွားမည်ဖြစ်ကြောင်း အတည်ပြုပြောကြားခဲ့သည်။
"ကျွန်တော်တို့ ရရှိတဲ့ စုံစမ်းစစ်ဆေးမှု အခြေအနေအားလုံးကိုတော့ အပြီးသတ် ဆွေးနွေးပြီးပါပြီ။
အပြီးသတ် အစီရင်ခံစာကိုတော့ သမ္မတဆီ တိုက်ရိုက်တင်ပြီးလား၊ မပြီးသေးဘူးလားဆိုတာတော့
ကျွန်တော်လည်း ကော်မရှင်နဲ့ နည်းနည်းအဆက်ပြတ်နေလို့ အတိအကျမပြောနိုင်ဘူးဖြစ်နေတယ်" ဟု
မောင်တောဒေသ စုံစမ်းစစ်ဆေးရေး ကော်မရှင် အဖွဲ့ဝင် ဦးအောင်ကြည်က ပြောသည်။
ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်၏ အကြံပြုချက်များကို အမြန်ဆုံး
အကောင်အထည်ဖော်နိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း၊ ရခိုင်ပြည်နယ်တွင်းဖြစ်ပွားခဲ့သည့်
အခြေအနေများသည် ကာလရှည်ကြာ တည်ရှိခဲ့သည့် ပြဿနာရင်းခံများကြောင့် အချိန်ယူဖြေရှင်းရန်
လိုအပ်ကြောင်း မြန်မာနိုင်ငံ အမျိုးသားလုံခြံုရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်းက ပြောသည်။
ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်၏ အကြံပြုချက်အတိုင်း ကျောက်ဖြူ၊ ရမ်းဗြဲနှင့်
ပေါက်တောမြို့နယ်များရှိ ဘင်္ဂါလီ၊ ရခိုင်နှင့် ကမန်တိုင်းရင်းသား ဒုက္ခသည်စခန်းများကို ပိတ်သိမ်းရန်
စီစဉ်ဆောင်ရွက် လျက်ရှိရာ ကျောက်ဖြူမြို့နယ်ရှိ ရခိုင်ဒုက္ခသည်စခန်းများကို ယနေ့စတင်
ရွှေ့ပြောင်းမည်ဖြစ်ကြောင်း ကျောက်ဖြူမြို့နယ် အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါ ရခိုင်ဒုက္ခသည်စခန်းများရှိ ရခိုင်အိမ်ထောင်စု ၆၅ စုကို ကျောက်ဖြူမြို့နယ်အတွင်းရှိ
ပြင်ဖြူမော်ကျေးရွာသို့ရွှေ့ပြောင်းပေးသွားမည်ဖြစ်ကြောင်း၊ ဘင်္ဂါလီ ဒုက္ခသည် စခန်းများကို
လတ်တလောတွင် ပိတ်သိမ်း ရွှေ့ပြောင်းရေး မဆောင်ရွက်နိုင်သေးကြောင်း အဆိုပါတာဝန်ရှိသူက
ပြောသည်။
"မနက်ဖြန်ဆိုစရွှေ့ပါပြီ။ ရခိုင်စခန်းက လူတွေပေါ့။ တခြားစခန်းက လူတွေတော့
မရွှေ့နိုင်သေးပါဘူး" ဟု ကျောက်ဖြူမြို့နယ် အုပ်ချုပ်ရေးမှူး အဖွဲ့တာဝန်ရှိသူက ပြောသည်။
အဆိုပါ စခန်းများပြောင်းရွှေ့ရန် ကိစ္စရပ်ကို နေပြည်တော်နှင့် ရခိုင်ပြည်နယ် နယ်စပ်ရေးရာနှင့်
လုံခြံုရေးဝန်ကြီးတို့က တိုက်ရိုက် ကိုင်တွယ်ခြင်းဖြစ်ပြီး ပြည်နယ်အစိုးရအဖွဲ့အနေဖြင့်
လုပ်ငန်းဆောင်ရွက်မှု အသေးစိတ်ကို မသိရှိရကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့
တာဝန်ရှိသူတစ်ဦးက ပြောသည်။
"ရွှေ့ပြောင်းရေး အသေးစိတ်အချက် အလက်တွေကိုတော့ ကျွန်တော်တို့ အစိုးရအဖွဲ့အနေနဲ့
မသိပါဘူး။ သိရသလောက်ကတော့ ပြန်လည်နေရာချထားဖို့အတွက် အိမ်တွေဆောက်နေတယ်လို့
သိရပါတယ်" ဟု ရခိုင်ပြည်နယ် စည်ပင်သာယာရေးဝန်ကြီး ဦးမင်းအောင်က ပြောသည်။
မြေပြင် လက်တွေ့အခြေအနေ အချို့ကြောင့် ရမ်းဗြဲနှင့်ပေါက်တောမြို့နယ်အတွင်းရှိ
ဒုက္ခသည်စခန်းများကို လတ်တလောတွင် ရွှေ့ပြောင်းနိုင်ခြင်းမရှိသေးကြောင်း ရခိုင်ပြည်နယ်
အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ အဆင့်မြင့်တာဝန်ရှိသူတစ်ဦးက ပြောသည်။
"ရခိုင်ပြည်နယ်အတွင်းမှာရှိတဲ့ စခန်းအကုန်လုံးကို ဖျက်သိမ်းနိုင်အောင် ကြိုးစား
လုပ်ဆောင်နေပါတယ်။ ဒါပေမဲ့ အဆင်မပြေ နိုင်တဲ့နေရာတွေ ရှိနေသေးတယ်။ ဒါတွေကိုတော့
မဖျက်သိမ်းသေးဘူး။ အဆင်ပြေတဲ့ နေရာတွေကိုပဲ ဖျက်သိမ်းနေတာဖြစ်ပါတယ်" ဟု ရခိုင်ပြည်နယ်
အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတင်မောင်ဆွေက ယခုလ ၁၈ ရက်က ပြောသည်။
ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်၏ အကြံပြုချက်အရ ကျောက်ဖြူမြို့နယ် ကညင်ချောင်း
ဒုက္ခသည်စခန်းမှ လူဦးရေ ၄၀၀ ကျော်၊ ရမ်းဗြဲမြို့နယ်ရှိ ကမန်ဒုက္ခသည် စခန်းမှ ၉၆ ဦးနှင့်
ကျောက်တစ်လုံး ဒုက္ခသည် စခန်းမှ လူဦးရေ ၁,၁၁၉ ဦးတို့ကို မိုးမကျမီ အပြီးရွှေ့ပြောင်းသွားရန်
စီစဉ်လျက်ရှိသည်။
နိုင်ငံတော်သမ္မတရုံး ထုတ်ပြန်ချက်များအရ ဧပြီလအတွင်း ရခိုင်ပြည်နယ်မြောက်ပိုင်း
မောတောခရိုင်ဒေသ၌ အကြမ်းဖက်လုယက် တိုက်ခိုက်မှု၊ ဓားပြမှုများဖြစ်ပွားခဲ့ပြီး မူးယစ်ဆေးဝါး
ဖမ်းဆီးရမိမှုများ ပိုမိုများပြားလာကြောင်း သိရသည်။
















