တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ် အကောင်အထည်ဖော်မှုကို ပြန်လည်သုံးသပ်ရန် တောင်းဆိုမှုရှိလာ

တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ် အကောင်အထည်ဖော်မှုကို ပြန်လည်သုံးသပ်ရန် တောင်းဆိုမှုရှိလာ

၂၀၁၁ ခုနှစ်တွင် သမ္မတဟောင်း ဦးသိန်းစိန်က အစပျိုးခဲ့ပြီး လက်ရှိ အာဏာရပါတီက ဆက်ခံသော
သက်တမ်းအားဖြင့် ငါးနှစ်ကျော် လာပြီဖြစ်သည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို အကောင်အထည်ဖော်မှု
အားနည်းသည့်အတွက် ပြန်လည်သုံးသပ်မှုများ ပြုလုပ်ရန် လိုအပ်လာပြီဟု တစ်နိုင်ငံလုံးအပစ်ရပ်
စာချုပ်ကို လက်မှတ်ရေးထိုးထားသည့် အဖွဲ့များက တောင်းဆိုထားသည်။

တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ်ကို အကောင်အထည်ဖော်ဆောင်မှုအပိုင်းတွင် အားနည်းခဲ့သည်ဟု
ယခုသီတင်းပတ်အတွင်း နေပြည်တော်၌ ကျင်းပခဲ့သည့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး
သဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေးတွင် ကရင်အမျိုးသား
အစည်းအရုံး ဥက္ကဋ္ဌ စောမူတူးစေးဖိုးက ပြောကြားခဲ့သည်။

တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ်ကို လက်မှတ်ရေးထိုးပြီးနောက်တွင် အကောင်အထည်ဖော်ရမည့်
ကြားကာလ အစီအစဉ်များ ဆောင်ရွက်နိုင်ခြင်း မရှိသေးသည့်အပေါ် ကေအင်န်ယူဥက္ကဋ္ဌက
မေးခွန်းထုတ်ထားသည်။

"NCA ထိုးတာ တစ်နှစ်ကျော်ပေမဲ့ အကောင်အထည် မဖော်နိုင်သေးဘူး ဖြစ်နေပါတယ်။
ဘာတွေလိုအပ်နေလဲ။ ဘာတွေလွဲနေလဲ၊ ဆန်းစစ်ကြည့်ရမှာဖြစ်ပါတယ်" ဟု ၎င်းက ပြောသည်။

ကြားကာလဆောင်ရွက်ရမည့် ကိစ္စများတွင် ပြည်သူလူထု၏ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေးနှင့်
စီးပွားရေးဆိုင်ရာ အခြေခံ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ
ကိစ္စရပ်များ၊ ဒေသတွင်း တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး ကိစ္စရပ်များ၊ မူးယစ်ဆေးဝါး
တိုက်ဖျက်ရေးလုပ်ငန်းများနှင့် နိုင်ငံတကာအလှူရှင်များနှင့် ပူးပေါင်းပြီးအပစ်ရပ်ဒေသတွင်း
စွမ်းရည်မြှင့်တင်ရေးလုပ်ငန်းများ ပါ၀င်သည်။

တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ်တွင် ပါရှိသည့် ပြည်နယ်အဆင့် အပစ်အခတ်ရပ်စဲရေး စောင့်ကြည့်မှု
ပူးတွဲကော်မတီကို ပြည်နယ်အချို့တွင် ဖွဲ့စည်းနိုင်မှု မရှိသေးခြင်း၊ ပြည်နယ်အချို့တွင် အမျိုးသားအဆင့်
နိုင်ငံရေး ဆွေးနွေးပွဲများ ကျင်းပနိုင်မှု မရှိသေးခြင်းကြောင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို
ပြန်လည်သုံးသပ်သင့်သည်ဟု စောမူတူးစေးဖိုးက ပြောကြားခဲ့သည်။

လက်ရှိအချိန်အထိ ချင်းပြည်နယ်အတွက် အပစ်အခတ်ရပ်စဲရေး ပူးတွဲစောင့်ကြည့်မှုကော်မတီကို
ဖွဲ့စည်းနိုင်ခြင်း မရှိသေးပေ။

တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ်ကို လက်မှတ်ရေးထိုးခဲ့သည့် တိုင်းရင်းသား လက်နက်ကိုင်
အဖွဲ့အစည်းများ၏ ဒေသများတွင် အမျိုးသား အဆင့် နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပခဲ့သော်လည်း
ရခိုင်ပြည်နယ်တွင်မူ "လုံခြံုရေး အခြေအနေ"ကြောင့် ကျင်းပခွင့် မပြုသေးပေ။

ဆွေးနွေးညှိနှိုင်းပွဲများတွင် တန်းတူမှုနှင့် အကြေအလည် ညှိနှိုင်းဆွေးနွေးရေးဟု ပါ၀င်သော်လည်း
"ဆွေးနွေးညှိနှိုင်းပွဲဆန်သည့် ဆွေးနွေးပွဲများ" ပေါ်ပေါက်နေသည်ကို ပြန်လည် ဆန်းစစ်ရန်
လိုအပ်သည်ဟု စောမူတူးစေးဖိုး က ပြောသည်။

"Tailor make လို့ခေါ်တဲ့ လိုချင်တာကို ယူလာပြီး Dialogue မဆန်တဲ့ အစည်းအဝေးမှာ အတည်ပြုတဲ့
နည်းနဲ့ ကျွန်တော်တို့ နိုင်ငံရဲ့ နက်ရှိုင်းတဲ့ နိုင်ငံရေးပြဿနာကို ဖြေရှင်းလို့ မရဘူးလို့ ယုံကြည်ပါတယ်" ဟု
၎င်းက ပြောသည်။

မည်သည့်အစည်းအဝေးတွင် အစိုးရက ယင်းကဲ့သို့ လိုချင်သည့် ရလဒ်ကို ဆွေးနွေး
အတည်ပြုခဲ့သည်ကို ၎င်းက အသေးစိတ်ပြောဆိုခဲ့ခြင်း မရှိသော်လည်း ချင်းအမျိုးသားတပ်ဦးအဖွဲ့ဝင်
ဒေါက်တာရွှေခါးကမူ ရခိုင်ပြည်နယ်တွင် အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲ ကျင်းပခွင့်မပြုခြင်းမှာ
လက်မှတ် ရေးထိုးထားသည့် တစ်နိုင်ငံလုံး အပစ်ရပ် စာချုပ်ပါ ပြဋ္ဌာန်းချက်နှင့် လွဲချော်နေသည်ဟု
ထောက်ပြသည်။

"ကျွန်တော်တို့ ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) မှာ ဆုံးဖြတ်ချက်တချို့
ချမှတ်တဲ့နေရာမှာ အခု လိုမျိုး လိုချင်တဲ့ ရလဒ်ယူလာတာမျိုး ရှိတယ်လို့ ပြောလို့ရတယ်။ နောက်ပြီး
ရခိုင်မှာ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပခွင့် မပြုတာကလည်း NCA ပြဋ္ဌာန်းချက်နဲ့
လွဲချော်နေတယ်" ဟု ဒေါက်တာ ရွှေခါးက မြန်မာတိုင်း(မ်)ကို ပြောသည်။

ယခင် ငြိမ်းချမ်းရေး အစည်းအဝေးများ တွင် အစိုးရဘက်မှ တာဝန်ရှိသူများက အချိန်မအားဟုဆိုကာ
ဆွေးနွေးပွဲတွင် အချိန်အနည်းငယ်သာ ၀င်ရောက်ဆွေးနွေးလေ့ရှိသည်ကို ၎င်းတို့ဘက်က
ထောက်ပြခြင်း ဖြစ်ကြောင်း ပအိုဝ်းအဖွဲ့ နာယက ဦးခွန်ဥက္ကာက ပြောသည်။

"အလွတ်သဘောတွေ့တဲ့ အချိန်တွေမှာတော့ တချို့တာဝန်ရှိသူ၊ အကြီးအကဲတွေက မအားဘူးဆိုပြီး
တစ်နာရီလောက်ပဲထိုင်ပြီး ပြန်သွားလေ့ရှိတယ်။ လိုချင်တဲ့ရလဒ်ကို တစ်ခါတလေ ယူလာပြီး
အလောတကြီး အတည်ပြုတာတွေ သုံးခါလောက် ဖြစ်ခဲ့ဖူးတယ်" ဟု ၎င်းက ပြောသည်။

ယခင်အစိုးရလက်ထက် ငါးနှစ်အတွင်း တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ်
(NCA) ကို အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများက နှစ်နှစ်နီးပါး အချိန်ယူ
ရေးဆွဲခဲ့ပြီး အဆိုပါအဖွဲ့ရှစ်ဖွဲ့နှင့် အစိုးရတို့ အဆိုပါစာချုပ်ကို ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလတွင်
လက်မှတ် ရေးထိုးခဲ့သည်။

အဆိုပါ ငါးနှစ်ကျော်ကာလအတွင်း အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏
ငြိမ်းချမ်းရေး ဆွေးနွေးပွဲများမှာ တိုက်ပွဲသံများကြောင့် ရပ်တန့်သွားသည့်အခါရှိသကဲ့သို့ ညှိနှိုင်းပြီး
ရှေ့ဆက် တိုးသည့် အခါများလည်းရှိသည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အစိုးရ ၂၀၁၆၊ ဧပြီလတွင် စတင်အာဏာရယူခဲ့ချိန်မှ စ၍ ငြိမ်းချမ်းရေး
လုပ်ငန်းစဉ်ကို ပြောင်းလဲမှု ကြီးကြီးမားမား မလုပ်ဆောင်ဘဲ နဂိုမူလ လမ်းကြောင်းအတိုင်း
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ညှိနှိုင်းဆွေးနွေးမှုများ လုပ်ဆောင်ခဲ့သည်။

NCA စာချုပ်ကို လက်မှတ်ရေးထိုးထား သည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အစည်းများနှင့်
ဆက်သွယ်ဆောင်ရွက်ခဲ့သည့် အချိန်တစ်ပြိုင်နက်တွင် လက်မှတ်ရေးထိုးထားခြင်း မရှိသေးသည့်
အဖွဲ့အစည်းများနှင့် လည်း ဆွေးနွေးမှုများ အစိုးရက ပြုလုပ်ခဲ့သည်။

၂၀၁၆၊ ဩဂုတ်လကုန်တွင် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံကို ၂၁ ရာစုပင်လုံညီလာခံအဖြစ်
ပြောင်းလဲ ကျင်းပခဲ့ပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း အားလုံးနီးပါး ပါ၀င်တက်ရောက်ခဲ့
သော်လည်း စာတမ်းများ၊ အမြင်သဘောထားများသာ တင်သွင်း ဆွေးနွေးပြီး ဆွေးနွေးဆုံးဖြတ်ချက်
ရလဒ်များ မထွက်ရှိသည့် ညီလာခံသာ ဖြစ်ခဲ့သည်ဟု တိုင်းရင်းသားကိုယ်စားလှယ်များက
ထောက်ပြထားသည်။

ဒုတိယအကြိမ် ၂၁ ရာစု ပင်လုံညီလာခံကို ဖေဖော်ဝါရီလကုန်တွင် ကျင်းပရန် မူလက
စီစဉ်ခဲ့သော်လည်း ရွှေ့ဆိုင်းခဲ့ရပြီး ဒုတိယအကြိမ် ၂၁ ရာစုပင်လုံကို လာမည့် မေ ၂၄ ရက်တွင်
စတင်ကျင်းပရန် ယခုသီတင်းပတ် နေပြည်တော်အစည်းအဝေးအတွင်း အစိုးရနှင့် တိုင်းရင်းသား
လက်နက်ကိုင်အဖွဲ့အစည်းများက သတ်မှတ်ခဲ့သည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က အာဏာရပါတီဖြစ်လာချိန်တွင် ငြိမ်းချမ်းရေး ဆောင်ရွက်ရာ၌
လက်မှတ်ရေးထိုးပြီး အဖွဲ့များနှင့် တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ်ကို ပူးတွဲအကောင်အထည်
ဖော်ဆောင်ရေး ဖြစ်သော်လည်း စာချုပ်ကို လက်မှတ်မထိုးရ သေးသည့် အဖွဲ့အစည်းများလည်း
နိုင်ငံရေး ဆွေးနွေးပွဲများတွင် ပါ၀င်လာရေးကို အစိုးရဘက်က ပိုမိုတွန်းအားပေးပြီး ဆောင်ရွက်ခဲ့သည်။

သို့ရာတွင် အစိုးရသစ် တက်လာပြီးနောက် NCA စာချုပ်ကို လက်မှတ်ရေးထိုးသည့်အဖွဲ့ မရှိသေးပေ။

တစ်နှစ်ကျော် ကြာမြင့်လာပြီဖြစ်သည့် NCA လက်မှတ်ထိုးမှုအလွန် ငြိမ်းချမ်းရေး စာချုပ်ပါ
ကတိကဝတ်များ အကောင်အထည် ဖော်ဆောင်မှုမှာ ထင်သလောက် ခရီးမပေါက်သော်လည်း
လုပ်ငန်းစဉ်ကို ပြန်လည် သုံးသပ်ရန်ကိုမူ အစိုးရနှင့် လက်မှတ်ရေးထိုးထားသည့် အဖွဲ့ရှစ်ဖွဲ့က
တာဝန်ရှိသူများက သဘောတူညီထားသည်ဟု ဦးခွန်ဥက္ကာက ပြောသည်။

"အစိုးရဟောင်းကလည်း သူဆင်းခါနီး ဆိုတော့ ကောင်းကောင်းမလုပ်နိုင်ဘူး။
အစိုးရသစ်ကျတော့လည်း စနစ်တကျ ဖွဲ့စည်းပြီး လုပ်ငန်းလည်ပတ်ဖို့ အချိန်တစ်ခု စောင့်ခဲ့ရတယ်။
နောက်ပြီး NCA အပြင်ဘက်မှာ ထိုင်တဲ့ အဖွဲ့အစည်းတွေက ၀င်လာနိုးနိုး၊ စာချုပ်ကို
လက်မှတ်ရေးထိုးနိုးနိုးနဲ့ မူဘောင်ပဲ ညှိနှိုင်းမလိုလို အချိန်တွေပေးလိုက်ရတယ်။ ဒါကြောင့် NCA ကို
အကောင်အထည်ဖော်မှုက အားနည်းတယ်လို့ ပြောလို့ရတယ်" ဟု ၎င်းက ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး