ငြိမ်းချမ်းရေးကိစ္စကို နိုင်ငံရေးစွက်ဖက်မှုဟု မရှုမြင်ဘဲ ဘာသာရေးခေါင်းဆောင်များ အတူပူးပေါင်းပါ၀င်ကြရန် ကားဒီနယ်ချားလ်စ်ဘို တိုက်တွန်း

ငြိမ်းချမ်းရေးကိစ္စကို နိုင်ငံရေးစွက်ဖက်မှုဟု မရှုမြင်ဘဲ ဘာသာရေးခေါင်းဆောင်များ အတူပူးပေါင်းပါ၀င်ကြရန် ကားဒီနယ်ချားလ်စ်ဘို တိုက်တွန်း

မြန်မာပြည် စစ်ပွဲများ ရပ်စဲရေးအတွက် ငြိမ်းချမ်းရေးကိစ္စတွင် ဘာသာရေးခေါင်းဆောင်များ၏
ပါ၀င်ဆောင်ရွက်မှုကို နိုင်ငံရေးစွက်ဖက်မှုဟု မရှုမြင်ဘဲ သက်ဆိုင်ရာ ဘာသာရေးခေါင်းဆောင်များ
အသီးသီး အတူပူးပေါင်း ပါ၀င်ကြရန် ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး နှီးနှောပွဲနှင့် ပက်သက်ပြီး
မြန်မာနိုင်ငံ ကတ်သလစ်ခရစ်ယာန်ဂိုဏ်းချုပ်ဆရာတော် ကာဒီနယ်ချားလ်စ်ဘိုက မြန်မာတိုင်း(မ်)ကို
ပြောသည်။

ရန်ကုန်မြို့ ပြည်လမ်းရှိ International Business Centre တွင် ဧပြီလ ၂၆ ရက်နေ့မှ
၂၇ ရက်နေ့အထိ ကျင်းပပြုလုပ်သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် ဘာသာပေါင်းစုံမှ ဘာသာရေး
ခေါင်းဆောင်များ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယကကြီး ဦးတင်ဦးနှင့် ပါတီအချို့မှ အရပ်ဖက်
ကိုယ်စားလှယ်များနှင့် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
သူရဦးအောင်ကိုတို့ တက်ရောက်ခဲ့ကြသည်။

"ငြိမ်းချမ်းရေးအတွက်ဆိုရင် ကိုယ့်ဘာသာ ကိုယ့်နောက်လိုက်တွေကို နိုးဆော်ဖို့ အရေးကြီးတယ်။
ဘာသာရေးခေါင်းဆောင်တွေက ငြိမ်းချမ်းရေးကို လုပ်ခြင်းဟာ နိုင်ငံရေးကို ပါ၀င်စွက်ဖက်တာလည်း
မဟုတ်ဘူး။ ခေါင်းဆောင်တွေအားလုံးက အစိုးရလက်နက်ကိုင်တပ်မတော်ရော
လက်နက်ကိုင်တွေရော ငြိမ်းချမ်းရေးအကြောင်း စစ်တွေရပ်စဲဖို့ ကြိုးစားရမယ်။ ဒါက ငြိမ်းချမ်းရေး
အတွက် အကူညီအထောက်ပံ့ဖြစ်စေရုံပဲ" ကာဒီနယ်ချားလ်စ်ဘိုက ပြောသည်။

ယခု ပြုလုပ်သော ငြိမ်းချမ်းရေး ဆွေးနွေးပွဲမှ ထွက်ပေါ်လာသော ရလာဒ်များသည် အရပ်သားအစိုးရ
ဖြစ်သော လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော ၂၁ ရာစု ပင်လုံငြိမ်းချမ်းရေး
ညီလာခံကို ကူညီထောက်ပံ့ရန် ဖြစ်ကြောင်း၊ ဘာသာရေးခေါင်းဆောင်များကို နိုင်ငံရေးထဲ မပါ၀င်ရန်
တားမြစ်ပြောဆိုမှုများ ရှိနေသော်လည်း ငြိမ်းချမ်းရေးသည် ဆုတောင်းရုံနှင့် မပြီးဆုံးပဲ ကိုယ်တိုင်
ပါ၀င်ကြရန် လိုအပ်ကြောင်း၊ လူ့အခွင့်အရေး ငြိမ်းချမ်ရေးနှင့် တရားမျှတမှုတွေအတွက် စစ်ပွဲများ
ရပ်စဲရေးသည် ဘာသာရေးခေါင်းဆောင်တိုင်းအတွက် တာဝန်တစ်ရပ်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

မြန်မာနိုင်ငံသည် ဗုဒ္ဓဘာသာဝင် အများစုနေထိုင်ရာ နိုင်ငံဖြစ်ပြီး ဗုဒ္ဓဘာသာဝင် ရဟန်းသံဃာတော်
ငါးသိန်းကျော်နှင့် သီလရှင်ပေါင်း ငါးသောင်းကျော်ရှိကြောင်း၊ အလားတူ ခရစ်ယာန်ဘာသာရေး
ခေါင်းဆောင် ၃၀၀၀ ကျော်နှင့် အခြားသော ဘာသာရေးခေါင်းဆောင်များ စုပေါင်းပါက အင်အား
ခြောက်သိန်း ၀န်းကျင်ရှိသဖြင့် ဘာသာရေးခေါင်းဆောင်များ၏ ငြိမ်းချမ်းရေးပါ၀င်မှုသည်
အထူးအရေးကြီးကြောင်း ၎င်းက ထပ်မံပြောကြားသည်။

ငြိမ်းချမ်းရေးသည် မြန်မာနိုင်ငံအတွက် မဖြစ်မနေ လျှောက်လမ်းရမည့် လမ်းကြောင်းတစ်ခုဖြစ်ပြီး
တိုင်းရင်းသားအချင်းချင်း စည်းလုံးညီညွှတ်မှု မရှိဘဲ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေခြင်းသည်
မညီညွတ်မှု၏ အဆုံးစွန်ကို ညွန်ပြနေသဖြင့် တိုင်းပြည်တိုးတက်မှု နောက်ကျနေဦးမည် ဖြစ်ကြောင်း၊
ယခင်စစ်အာဏာရှင် လက်ထက်တစ်လျှောက် ရိုက်ချိုးခံခဲ့ရသော ပညာရေးစနစ်နှင့် ပြည်သူလူထု၏
ကြောက်ရွံ့တတ်သည့် စိတ်ဓာတ်တို့ကို ပြောင်းလဲသွားရမည်ဖြစ်ကြောင်း မြဝတီဆရာတော်
အရှင်အရိယဝံသာဘိ၀ံသ က မိန့်ကြားသည်။

"ငြိမ်းချမ်းရေးက မဖြစ်မနေ သွားကို သွားရမယ့်လမ်း။ ဘာသာရေးနဲ့ လူမျိုးရေး၊ အစိုးရနဲ့ပြည်သူ ညီကို
ညီညွှတ်ရမယ်။ အထက်အောက်ဆိုတာကို မရှိရဘူး။ အခုတော့ ဗမာတွေအနေနဲ့ ငြိမ်းချမ်းရေးဆိုတာ
မယုံနိုင်စရာ စကားကြီး ဖြစ်နေတယ်။ စစ်မီးတောက်တယ်ဆိုတာ အဆုံးစွန်ထိပဲ မညီညွတ်လို့
ဖြစ်ရတာ။ အခု ဖြစ်နေတာတွေက သန်းခေါင်းထက် ညဉ့်မနက်ဘူး။ ဆက်ကြိုးစားဖို့ပဲ သံဒိဌာန်
ချတယ်။ အရင်က လုပ်ခွင့် မရှိဘူး၊ အခုဆို လုပ်ဖို့ပဲ လိုတယ်" ဟု ဆရာတော်က ပြောသည်။

"နောက်ပြဿနာတစ်ခုက ကချင်ဒေသက အချို့သော ခရစ်ယာန်ဘာသာရေးခေါင်းဆောင်တွေက
စစ်တိုက်ဖို့အတွက် စစ်တိုက်မှပဲ ငြိမ်းချမ်းရေးကို ရမယ်၊ လွတ်လပ်ရေးရမယ်။ တရားသောစစ်အတွက်
တိုက်ရမယ် ပြောပြန်တယ်။ တစ်ခါ ဒီဘက်က အချို့သော ဗုဒ္ဓဘာသာ ရဟန်းတော်အချို့က
တပ်မတော်နဲ့ နီးစပ်သူတွေက တရားသောစစ်အတွက် တိုက်ရမယ်ဆိုပြီး နှစ်ဖက်စလုံး အော်နေတယ်။
ဆရာတော်တို့အနေနဲ့ ပြောရရင် ဘယ်စစ်မှ မတရားဘူး။ လူတွေကို သေစေတယ်၊
ဒုက္ခရောက်စေတာကြောင့် ဘယ်ဘာသာကမှ စစ်ကို တရားတယ်လို့ မပြောဘူး" ဟု
ကာဒီနယ်ချားလ်စ်ဘိုက ပြောသည်။

အဆိုပါ နှစ်ရက်ကြာ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် တက်ရောက်လာသည့် ဘာသာပေါင်းစုံမှ
ဘာသာရေးခေါင်းဆောင်များနှင့် အရပ်ဖက် အဖွဲ့အစည်းအသီးသီးမှ ခေါင်းဆောင်များက
လက်နက်ကိုင် ငြိမ်းချမ်းရေးနှင့် ဘာသာပေါင်းစုံငြိမ်းချမ်းရေးတို့အတွက် အစိုးရ၊
ဘာသာရေးခေါင်းဆောင်များနှင့် အောက်ခြေပြည်သူလူတို့အကြား ပေါ်ပေါက်လျက်ရှိသည့်
အားသားချက် အားနည်းချက်များကို ထည့်သွင်းဆွေးနွေးခဲ့ကြသည်။

ထိုနောက် ဆွေးနွေးပွဲရရှိလာသည့် ဘာသာရေးခေါင်းဆောင်အသီးသီးတို့၏ ငြိမ်းချမ်းရေးနှင့်
ပက်သက်သည့် တိုက်တွန်းတောင်းဆိုချက်များကို မေလ ၂၄ရက်နေ့တွင် ကျင်းပပြုလုပ်မည့်
၂၁ ရာစုပင်လုံ ငြိမ်းချမ်းရေးညီလာခံသို့ ပေးပို့သွားမည် ဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှု
၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ပြောကြားထားသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး