Horizon International Schools များကို အမည်များပြောင်းလဲဖွင့်လှစ်မည်

Horizon International Schools များကို အမည်များပြောင်းလဲဖွင့်လှစ်မည်

 

ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်ရှိ HorizonInternational Schools များသည်
ပညာရေးဝန်ကြီးဌာနက ချမှတ်ထားသော မြန်မာသင်ရိုးညွှန်းတမ်းများကို သင်ကြားခြင်း
မရှိဘဲ ကိုယ်ပိုင်အထက်တန်းကျောင်းမှတ်ပုံတင်ခြင်း ဥပဒေနှင့် သက်ဆိုင်ခြင်းမရှိကြောင်းနှင့်
အဆိုပါကျောင်းများကို အမည်ပြောင်းလဲဖွင့်လှစ်မည်ဖြစ်ကြောင်း အဆိုပါကျောင်းများ၏
စီမံအုပ်ချုပ်ရေးအဖွဲ့ကိုယ်စား အုပ်ချုပ်မှုဒါရိုက်တာဦးရဲထွန်းက ယခုလ ၂ ရက် ရက်စွဲဖြင့်
ကြေညာချက်ထုတ်ပြန်သည်။

မြန်မာနိုင်ငံရှိ Horizon ကျောင်းများအားလုံးမှာ ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော
ကိုယ်ပိုင်ကျောင်း မှတ်ပုံတင်ဥပဒေနှင့် နည်းဥပဒေအရ ကိုက်ညီခြင်းမရှိဘဲ ဖွင့်လှစ်ထား
သဖြင့် ကိုယ်ပိုင်ကျောင်းနည်းဥပဒေအရ အမှုဖွင့်ထားကြောင်း ပြီးခဲ့သောဧပြီလနောက်ဆုံး
ပတ်တွင် နိုင်ငံပိုင်သတင်းစာအချို့၌ ဖော်ပြပါရှိခဲ့သည်။ အဆိုပါသတင်းနှင့်ပတ်သက်ပြီး
ကျောင်းသားမိဘများကို အသိပေးအကြောင်းကြားရန် လိုအပ်လာကြောင်း၊ သတင်းမှာ
ကိုယ်ပိုင်ကျောင်းမှတ်ပုံတင်ခြင်းဥပဒေနှင့် International Schools ကြား နားလည်မှု
လွဲမှားခြင်းဖြစ်သည်ဟု ယုံကြည်ကြောင်း ကျောင်း၏ ကြေညာချက်တွင် ဖော်ပြထားသည်။

Horizon ကျောင်းများသည် Cambridge primary, secondary, IGCSE နှင့် IB Diploma
Programs အစရှိသော နိုင်ငံတကာ သင်ရိုးညွှန်းတမ်းများကို သင်ကြားနေသော နိုင်ငံတကာ
သီးသန့်ကျောင်းများဖြစ်ပြီး Cambridge နှင် IB Examination centers များအဖြစ် တရားဝင်
အသိအမှတ်ပြုခံထားရသော ကျောင်းများဖြစ်ကြောင်း၊ ထိုနိုင်ငံတကာအဆင့်မီပညာရေးနှင့်
သက်ဆိုင်သောအဖွဲ့အစည်းများ၏ ကြီးကြပ်လမ်းညွှန်မှုအောက်တွင် သင်ကြားနေခြင်းဖြစ်ကြောင်း၊
ကိုယ်ပိုင်ကျောင်း မှတ်ပုံတင်ခြင်းဥပဒေမှာ မြန်မာသင်ရိုးညွှန်းတမ်းများကို ပို့ချနေသော
ကိုယ်ပိုင်ကျောင်းများနှင့် သက်ဆိုင်ကြောင်းနှင့် အထက်ပါအကြောင်းအရာများကို ပညာရေး
ဝန်ကြီးဌာနသို့ ရှင်းလင်းတင်ပြထားကြောင်းပါရှိသည်။

သို့ရာတွင် ကျောင်းအမည်တွင်ပါရှိသော (School) ''ကျောင်း'' ဟူသောစကားလုံးကြောင့်
ယခုကဲ့သို့ နားလည်မှုလွဲခြင်းများဖြစ်သည်ဟုယူဆသဖြင့် ကျောင်းစီမံအုပ်ချုပ်ရေးအဖွဲ့၏
သဘောတူညီမှုဖြင့် ရန်ကုန်မြို့ရှိ Horizon ကျောင်းများကို Shu Khinn Thar International
College, Bahan International Science Academy, Bahan International Kindergarten၊
မန္တလေးမြို့ရှိ ကျောင်းများကို Mandalay International Science Academy, Mandalay
International Kindergarten၊ နေပြည်တော်ရှိကျောင်းကို Nay Pyi Taw International
Kindergarten ဟု လက်ရှိကျောင်းအမည်များအစား ပြောင်းလဲမည်ဖြစ်ကြောင်း
ဖော်ပြထားသည်။

Horizon International Schools (HIS) ကို ၂ဝဝဝ ပြည့်နှစ်တွင် စတင်တည်ထောင်ခဲ့ပြီး
လက်ရှိတွင် မြို့ကြီးသုံးမြို့၌ ကျောင်းခွဲပေါင်း ခြောက်ကျောင်းဖွင့်လှစ်ထားသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး