၂ဝ၁၆-၁၇ ပညာသင်နှစ်အထိတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့်ကိုယ်ပိုင်ကျောင်း
အရေအတွက် ၅၈၅ ကျောင်းအထိရှိလာခဲ့ပြီ။ထိုအရေအတွက်အရဆိုလျှင် တစ်နှစ်လျှင်
ကိုယ်ပိုင်ကျောင်းပေါင်း ၁ဝဝ ကျော်နှုန်း တိုးချဲ့ဖွင့်လှစ်လာခြင်းပင်ဖြစ်သည်။
ကိုယ်ပိုင်ကျောင်း မှတ်ပုံတင်ဥပဒေကို ၂ဝ၁၁ ခုနှစ်၊ ဒီဇင်ဘာ ၂ ရက်တွင် ပြည်ထောင်စု
လွှတ်တော်က အတည်ပြုခြင်းဖြင့် ကိုယ်ပိုင်ကျောင်းများ တည်ထောင်ဖွင့်လှစ်ခွင့်ကို
အစိုးရက တရားဝင်ခွင့်ပြုခဲ့သည်။ ထိုသို့ တည်ထောင်ခွင့်ပြုလိုက်ခြင်းကြောင့်
အခြေခံပညာရေးနှင့်ပတ်သက်ပြီး မိဘများအတွက် ရွေးချယ်ခွင့်တစ်ခု
တိုးလာစေခဲ့သည်။
ကိုယ်ပိုင်ကျောင်းများ ဖွင့်လှစ်ခွင့်ပြုလိုက်သည့် ၂ဝ၁၂ ၁၃ ပညာသင်နှစ်တွင်
ကိုယ်ပိုင်ကျောင်းပေါင်း ၅ဝ ကျော်သာရှိသော်လည်း လက်ရှိ ငါးနှစ်ထဲသို့ရောက်ရှိလာချိန်
၂ဝ၁၆၁၇ ပညာသင်နှစ်အထိ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကိုယ်ပိုင်ကျောင်း
အရေအတွက် ၅၈၅ ကျောင်းအထိ ရှိလာခဲ့ပြီဖြစ်သည်။ ထိုအရေအတွက်အရဆိုလျှင်
တစ်နှစ်လျှင် ကိုယ်ပိုင်ကျောင်းပေါင်း၁ဝဝ ကျော်နှုန်း တိုးချဲ့ဖွင့်လှစ်လာခြင်းပင်ဖြစ်သည်။
ရာခိုင်နှုန်းအရဆိုလျှင် ၁ဝဝရာခိုင်နှုန်းကျော်ပင်ဖြစ်သည်။
ကိုယ်ပိုင်ကျောင်းများသည် အစိုးရကျောင်းများနှင့်နှိုင်းစာလျှင် သင်ထောက်ကူ
ပစ္စည်းစုံလင်စွာဖြင့် သင်ကြားနိုင်ခြင်း၊ ကျောင်းသား ဆရာ အချိုးမျှတစွာရှိခြင်း၊ပြင်ပ
သင်ရိုးညွှန်းတမ်း (ကွန်ပျူတာ၊ အနုပညာဘာသာရပ်) များ သင်ကြားပေးနိုင်ခြင်းနှင့်
သက်သောင့်သက်သာ စာသင်ကြားနိုင်ခြင်းတို့ကြောင့် ငွေကြေးတတ်နိုင်သော
မိဘများအတွက် ကိုယ်ပိုင်ကျောင်းများသည် ပိုမိုကောင်းမွန်သည့် အခွင့်အလမ်း
တစ်ခုအဖြစ် ရွေးချယ်စရာဖြစ်လာခဲ့သည်။ ထို့ပြင် ကိုယ်ပိုင်ကျောင်းများသည်
အရည်အသွေးရှိသော ပညာရေးကို ရရှိသည်ဟု ယုံကြည်ချက်လည်းရှိနေခဲ့
ကြသည်။
''အစိုးရကျောင်းမှာက လူအရမ်းများပြီး သိပ်အာရုံမစိုက်နိုင်တာတွေရှိတယ်။
ကိုယ်ပိုင်ကျောင်းမှာတော့ အာရုံပိုစိုက်နိုင်တယ်။ အစိုးရကျောင်းထက်တော့
အရည်အသွေးပိုင်းက ပိုပြီးတော့သာတယ်'' ဟု ကိုယ်ပိုင်အထက်တန်းကျောင်းတွင်
တက်ရောက်နေသည့် ညီမနှင့် ပတ်သက်ပြီး ကိုဝေယံထွဋ်က ပြောသည်။
ကိုယ်ပိုင်များစတင်ဖွင့်လှစ်သည့် ပညာသင်နှစ်ကတည်းက ၄င်းတို့မိသားစုသည်
ကိုယ်ပိုင်ကျောင်းကို ရွေးချယ်ခဲ့ကြခြင်းဖြစ်ကြောင်း၊ ကျောင်းသင်ရိုးအပြင်
ဖြည့်စွက်သင်ရိုးများအဖြစ် အနုပညာ၊ ကွန်ပျူတာနှင့်အားကစားဘာသာရပ်တို့ကို
ထည့်သွင်းသင်ကြားခြင်းကြောင့် အများတတ်နိုင်သည့်အစိုးရကျောင်းများထက်စာလျှင်
အရည်အသွေးရှိသော ပညာရေးကို ရရှိသည်ဟု ယူဆခြင်းကြောင့် ကိုယ်ပိုင်ကျောင်းကို
ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း ၄င်းက ပြောသည်။
ကိုယ်တိုင်လည်း အစိုးရကျောင်းက အောင်မြင်လာသူတစ်ဦးဖြစ်သည့်အတွက်
အစိုးရကျောင်း ထားချင်သော်လည်း အလုပ်တစ်ဖက်နှင့်မို့ သားသမီးကို အချိန်မပေးနိုင်ခြင်းနှင့်
ကုန်ကျစရိတ်ချင်း မကွာမှုကြောင့် သားသမီးပညာရေးအတွက် ကိုယ်ပိုင်ကျောင်းကို
ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း အမေ့အိမ်ကိုယ်ပိုင်အထက်တန်းကျောင်းတွင် သားဖြစ်သူကို
ကျောင်းထားပေးသည့် ဖခင်ဖြစ်သူဦးသားကြီးက ပြောသည်။
''အစိုးရကျောင်းထားလည်း ဖယ်ရီအတွက်ပါ စဉ်းစားရမယ်။ ကျူရှင်လခကတစ်သိန်းခွဲအနိမ့်ဆုံး
ရှိတယ်။ ကျူရှင်အပြင် သီးသန့်ဆရာက တစ်ဘာသာကို သုံးသောင်းအနိမ့်ဆုံး၊ ခြောက်ဘာသာ
ဆိုတော့ နှစ်သိန်းနီးပါရှိတယ်။ မုန့်ဖိုးနဲ့ တခြားတိုလီမိုလီစရိတ်တွေပြန်တွက်လိုက်ရင်
ကိုယ်ပိုင်ကျောင်းနဲ့ ဘာမှမကွာတော့ဘူး''ဟု ၄င်းက ပြောသည်။
အစိုးရကျောင်းများထက်စာလျှင် ပုဂ္ဂလိကကျောင်းများသည် ကျောင်းစရိတ်မြင့်မားသော်လည်း
ပညာအရည်အသွေးကို အာမခံခြင်း၊ ပုဂ္ဂလိကကျောင်းများသည် ငွေကြေးအင်အားတောင့်
တင်းစွာဖြင့် ထူထောင်ထားပြီး လုံလောက်သော သင်ထောက်ကူပစ္စည်းများ ပြည့်စုံခြင်း
စသည့် ကွာခြားချက်များရှိနေခြင်းကြောင့် လက်ရှိအနေအထားတွင် ပုဂ္ဂလိကကျောင်းများသည်
အစိုးရကျောင်းများနှင့် နှိုင်းယှဉ်လျှင် ပိုမိုသည့်အရည်အသွေးရှိနေသည်ဟု ယူဆရမည်ပင်။
''ဆရာရဲ့ အရေအတွက်တင်မကဘူး။ အရည်အချင်းပါကွာတယ်။ ကိုယ်ပိုင်ကျောင်းတွေက
နာမည်မရှိတဲ့လူတွေကို မခန့်ဘူး။ နာမည်ရှိတဲ့ အပြင်မှာကျော်ကြားနေတဲ့လူတွေကိုခေါ်သင်တာ''
ဟု မြငါ့အ ွှကည ကိုယ်ပိုင် အထက်တန်းကျောင်းတွင် ဘောဂဗေဒဘာသာရပ်ကို သင်ကြားလျက်
ရှိသည့် ဆရာစိုး(သံစဉ်ဘောဂ) က ပြောသည်။
''အစိုးရကျောင်းသားတွေက ပင်ပင်ပန်းပန်းနဲ့ ကျောင်းတွေမှာ ပန်ကာလောက်တောင်မမှန်တဲ့
နေရာကနေ ကိုယ်ပိုင်ကျောင်းတွေက အဲကွန်းခန်းနဲ့စာသင်ရတဲ့ အဆင့်ကိုရောက်သွားပြီ။
ဒါကြောင့်မို့လို့ငွေကြေးတတ်နိုင်တဲ့လူတွေက သူတို့ရဲ့သားသမီးတွေကို သက်သက်သာသာနဲ့
ပညာသင်စေချင်တော့ ကိုယ်ပိုင်ကျောင်းကိုရွေးချယ်လာကြတာဖြစ်တယ်''ဟု ၄င်းက
ပြောသည်။
အစိုးရက တရားဝင်ထုတ်ပြန်ထားသည့် စာရင်းအရ လက်ရှိ ၂ဝ၁၆၁၇ ပညာသင်နှစ်အထိ
ဖွင့်လှစ်ထားရှိသည့် အစိုးရကျောင်းပေါင်း ၄၆,ဝဝဝ ကျော်တွင် တက်ရောက်သင်ကြားလျက်ရှိသော
ကျောင်းသူကျောင်းသားပေါင်း ကိုးသန်းကျော်ရှိပြီး သင်ကြားပြသလျက်ရှိသည့် ဆရာ၊
ဆရာမပေါင်း လေးသိန်းနီးပါးရှိကြောင်း၊ ၂ဝ၁၆၁၇ ပညာသင်နှစ်အထိ ဖွင့်လှစ်ထားရှိသည့်
ပုဂ္ဂလိကျောင်းပေါင်း ၅၈၅ ကျောင်းတွင် တက်ရောက်သင်ကြားလျက်ရှိသော ကျောင်းသူ
ကျောင်းသားပေါင်း ၁၄ဝ,ဝဝဝ ကျော်ရှိပြီး သင်ကြားပြသလျက်ရှိသည့် ဆရာ၊ဆရာမပေါင်း
၈,၃ဝဝ ကျော်ရှိကြောင်း သိရသည်။
ကိုယ်ပိုင်ကျောင်းဆိုသည်မှာ ကိုယ်ပိုင်သင်ရိုးညွှန်းတမ်းများကို ကိုယ်ပိုင်သင်ကြားရေးပုံစံဖြင့်
သင်ကြားရမည်ဖြစ်ပြီး လက်ရှိအနေအထားတွင် ကိုယ်ပိုင်ကျောင်းမှတ်ပုံတင်ဥပဒေအရ
ကိုယ်ပိုင်ကျောင်းများ၏စစ်မှန်သော အနှစ်သာရ ပေါ်လွင်မှု မရှိသေးကြောင်း၊ အစိုးရက
ခွင့်ပြုပြဋ္ဌာန်းထားသည့်သင်ရိုးညွှန်းတမ်းနှင့် စာမေးပွဲများကိုသာ မူဝါဒအရ လိုက်နာရန်
ညွှန်ကြားထားခြင်းကြောင့် ကိုယ်ပိုင်ကျောင်းများ၏ အနှစ်သာရသည် မူလအဓိပ္ပာယ်နှင့်
ကွဲလွဲမှုများရှိနေကြောင်း၊ ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် (ြနြျွ )
အတွင်းရေးမှူးအဖွဲ့ဝင် ဒေါ်သူသူမာက ပြောသည်။
ကိုယ်ပိုင်ကျောင်းများသည် အရည်အသွေးနှင့် ဝန်ဆောင်မှုပိုင်းတွင် အစိုးရကျောင်းများ
ထက်သာသော်လည်း အစိုးရကျောင်းဖြစ်စေ၊ ကိုယ်ပိုင်ကျောင်းဖြစ်စေ ပညာသင်ကြားပေးနေ
သည့် ဌာနသည် ကျောင်းသား ကျောင်းသူများ အမှန်တကယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့်
စဉ်းစားတွေးခေါ်မှုအလေ့အထကို လေ့ကျင့်သင်ကြားပေးသည့်ကျောင်းများမဟုတ်ဘဲ
အမှတ်များများရရှိရေးနှင့်စာမေးပွဲအောင်ရန်အတွက် လေ့ကျင့်သင်ကြားပေးနေသည့်
ဌာနများဟု ယေဘုယျဆိုရမည်ပင်။
သို့သော် အစိုးရက သတ်မှတ်ပြဋ္ဌာန်းထားသည့် ပညာရေးသင်ကြားမှုစနစ်နှင့် လေ့ကျင့်
သင်ကြားမှုပုံစံများ၏ အားနည်းချက်ကြောင့် ပညာရေးရင်းနှီးမြှုပ်နှံမှုကို အလေးထားသည့်
မိဘများအတွက် ပုဂ္ဂလိကကျောင်းများသည် တစ်ခုတည်းသော ပိုမိုကောင်းမွန်သည့်
ရွေးချယ်စရာတစ်ခုအဖြစ် ရှိလာခဲ့ခြင်းဖြစ်သည်။
ထို့ပြင် အစိုးရကျောင်းများ၏ စာသင်ခန်း အရည်အသွေးညံ့ဖျင်းခြင်း၊ ကျယ်ပြန့်လုံလောက်သည့်
အားကစားကွင်းမရှိခြင်း၊ စာသင်ခန်းတစ်ခုတွင် လိုအပ်သည်ထက် ကျောင်းသားအရေ
အတွက်များပြားနေခြင်း၊ ဆရာ၊ ဆရာမ လုံလောက်မှုမရှိခြင်း၊ အမိန့်၊ တာဝန်နှင့် ရုံးလုပ်ငန်းများ
ကို အချိန်မီလုပ်ဆောင်ရခြင်းအတွက် သင်ကြားရေးပိုင်းတွင် အားနည်းမှုဖြစ်ပေါ်လျက်ရှိခြင်း
စသည့်အချက်များကလည်း အစိုးရကျောင်းတွေကို ကျောခိုင်းပြီး ပုဂ္ဂလိကကျောင်းများဆီ
မျက်နှာမူ ဦးတည်မှုဖြစ်စေသည့် အကြောင်းဟု ဆိုရမည်ပင်။
''အများတတ်နိုင်တဲ့ အစိုးရကျောင်းတွေကို အရည်အသွေးကောင်းအောင်မလုပ်ဘဲနဲ့ ပုဂ္ဂလိက
လွတ်လပ်ခွင့်ကို ရောင်းပေးလိုက်မယ်ဆိုရင် အားလုံးက အရည်အသွေးရှိတဲ့ဆီကိုပဲ
သွားချင်ကြမှာပဲ။ အဲဒီမှာ ပြဿနာရှိ လာနိုင်တာက အရည်အသွေးရှိတဲ့ ပညာရေးဘက်ကို
လူတိုင်းက မသွားနိုင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ပိုက်ဆံပေးရတာကို။`

''အဲဒီနှစ်ခုကို ကျွန်မတို့က မျှတတဲ့ မူဝါဒတွေ ထားပြီးတော့ နိုင်ငံအစိုးရကျောင်းတွေရဲ့
အရည်အသွေးကို မြှင့်တင်ရင်း တစ်ပြိုင်နက်တည်းမှာပဲ ပုဂ္ဂလိက ကဏ္ဍကိုလည်း
လွတ်လပ်ခွင့်ပေးရမယ်။ ပုဂ္ဂလိက ကျောင်းတွေကိုလည်း သူတို့ကျောင်းရဲ့ ပညာရေး
ရည်မှန်းချက် အောက်တွေမှာ သူတို့ကိုရှင်သန်ခွင့်ပေးသင့်တယ်'' ဟု ဒေါ်သူသူမာက
ပြောသည်။
နိုင်ငံတကာနှင့် နှိုင်းယှဉ်လျှင် မြန်မာ့ပညာရေးသည် နိမ့်ကျနေပြီး အရည်အသွေးရှိပညာရေးကို
သွားနိုင်ဖို့အတွက် အများတက်ရောက်နိုင်သည့်အစိုးရကျောင်းများ၏ အရည်အသွေး
တိုးတက်လာစေရန် မူဝါဒများ ထားရှိပေးရန် လိုအပ်နေကြောင်း ၄င်းက ပြောသည်။
















