ကမ္ဘာ့ဗုဒ္ဓသာသနာပြု ဆရာကြီး ဦးဂိုအင်ကာ၏ ဟောပြောပွဲကို ဒီဇင်ဘာ ၂၂ ရက်နှင့် ၂၃ ရက်နေ့
များ၌ ရန်ကုန်မြို့၊ အမျိုးသားကဇာတ်ရုံ၌ ကျင်းပသွားမည် ဖြစ်ကြောင်း ဟောပြောပွဲ ကျင်းပရေး
ကော်မတီမှဦးသန့်စင်က ပြောသည်။
အဆိုပါပွဲကို ဆရာကြီးဦးဂိုအင်ကာ၏ မိသားစု မြန်မာနိုင်ငံတွင်ရောက် ရှိနေထိုင်ခြင်း ၁၃၅ နှစ်ပြည့်
အထိမ်းအမှတ် အဖြစ်ကျင်းပခြင်းဖြစ်သည်ဟုဆိုသည်။
"ဆရာကြီး အမြဲပြောနေကျ မြန်မာ နိုင်ငံဟာ ဓမ္မနိုင်ငံဖြစ်တယ်။ ဆရာကြီးတို့မိသားစု ဒီဓမ္မနိုင်ငံမှာ
နေခဲ့တာ အခုဆို နှစ် ၁၃၅ နှစ်ရှိပြီဖြစ်တဲ့အတွက် ဒီအထိမ်းအမှတ်အဖြစ်ဟောပြောပွဲကျင်းပမှာပါ။
ဒီဇင်ဘာ ၂၂ ရက်နေ့မှာ ဆရာကြီး က အင်္ဂလိပ်လို ပြောမယ်၊ မြန်မာဘာသာ ပြန်ပေးမယ်။
ဒါပေမယ့် ဒီဇင်ဘာ ၂၃ ရက်နေ့မှာတော့ မြန်မာနိုင်ငံက သံရုံးတွေနဲ့ ဟိန္ဒူလူမျိုးတွေကို ဦးစားပေးတဲ့
အနေနဲ့ ဆရာကြီးက ဟိန္ဒူလိုပြောပြီး အင်္ဂလိပ်လို ဘာသာပြန်ပေးမယ်"ဟု ဆရာ ဦးသန့်စင်က
ပြောသည်။
ဒီဇင်ဘာ ၂၂ ရက်နေ့တွင် ညနေ ၅ နာရီ နှင့် ဒီဇင်ဘာ ၂၃ ရက်နေ့တွင် ညနေ ၆နာရီ အချိန်တွင်
ကျင်းပပြုလုပ်သွားမည့် ဟောပြောပွဲများသို့ မည်သူမဆို လာရောက်နိုင်ကြောင်း သိရသည်။
ဆရာကြီးဦးဂိုအင်ကာသည် ဒီဇင်ဘာလ ၂၁ ရက်တွင် မြန်မာနိုင်ငံသို့ ရောက်ရှမည်ဖြစ်ပြီး ဒီဇင်ဘာ
လ၂၂ နံနက်တွင် ဗဟန်းရှိ နေအိမ်တွင် သံဃာတော်များအား ဆွမ်းလောင်းမည် ဖြစ်သည်။
ဒီဇင်ဘာ ၂၃ ရက် နံနက်တွင် ဗဟန်း မြို့နယ်ရှိ ဓမ္မဇောတိ အပြည်ပြည်ဆိုင်ရာ ၀ိပဿနာရိပ်သာ
တွင် သံဃာတော်များအား ဆွမ်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆပ်ကပ်ခြင်းကို ကျင်းပမည်ဖြစ်သည်။
"ဆရာကြီးဦးဂိုအင်ကာက မြန်မာ နိုင်ငံရဲ့ကျေးဇူးတွေကိုသိပ်အလေးထားတယ်။ အိန္ဒိမှာ တရားဓမ္မ
ပြန်လည် ပြန့်ပွားလာတာဟာ မြန်မာနိုင်ငံရဲ့ ကျေးဇူးတွေကြောင့်ဆိုတာ အမြဲအမှတ် ထားတယ်"ဟု
ဦးသန့်စင်ကဆိုသည်။
ဦးဂိုအင်ကာသည်ဗဟန်းရှိ ဓမ္မဇောတိ ၀ိပဿနာရိပ်သာကို ၁၉၉၄ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး
မြန်မာနိုင်ငံတွင်ရိပ်သာခွဲပေါင်း ၁၇ ခု ရှိပြီဖြစ်သည်။
အလားတူ ကမ္ဘာ့နိုင်ငံအနှံ့ရှိ နိုင်ငံပေါင်း ၁၈၀ ကျော်တွင်ရိပ်သာများကိုဖွင့်လှစ်ကာ ဘာသာစကား
၅၈ မျိုးဖြင့် ဗုဒ္ဓတရားတော်နှင့် ၀ိပဿနာတရားတော်များကို သင်ကြားပို့ချပေးလျက်ရှိ ကြောင်းသိ
ရသည်။















