သက်တမ်းတစ်ဝက်ကျော်လာပြီဖြစ်သည့် မြန်မာနိုင်ငံ၏ အကြီးဆုံး ရတနာကမ်းလွန်သဘာဝ
ဓာတ်ငွေ့စီမံကိန်းတွင် သဘာဝဓာတ်ငွေ့ ထပ်တိုးထုတ်လုပ်နိုင်မည့် ပတ္တမြားစီမံကိန်းကို
မေ ၂ ရက်တွင် ဖွင့်လှစ်ခဲ့သည်။
ရတနာစီမံကိန်းတွင် အော်ပရေတာဖြစ်သည့် ပြင်သစ် ရေနံကုမ္ပဏီ Total က ၃၁ ဒသမ
၂ ရာခိုင်နှုန်း၊ အမေရိကန်ရေနံကုမ္ပဏီ Chevron Unocal က ၂၈ ဒသမ ၃ ရာခိုင်နှုန်း၊
ထိုင်းနိုင်ငံမှ PTTEP က ၂၅ ဒသမ၅ ရာခိုင်နှုန်းနှင့် နိုင်ငံပိုင် မြန်မာ့ရေနံနှင့်
သဘာဝဓာတ်ငွေ့လုပ်ငန်းက ၁၅ ရာခိုင်နှုန်းစီ ပါဝင်ရင်းနှီးမြှုပ်နှံထားသည်။
ရတနာသဘာဝဓာတ်ငွေ့သိုက်၏ ထပ်တိုးစီမံကိန်းတစ်ခုဖြစ်သည့် ပတ္တမြား
စီမံကိန်းကို ဖွင့်လှစ်နိုင်ခဲ့သည့် အတွက် လက်ရှိ ထုတ်လုပ်မှုနှုန်း အတိုင်း
၂ဝ၂ဝ ပြည့်နှစ်အထိ ထုတ်နိုင်မည်ဖြစ်သည်။ ပတ္တမြားစီမံကိန်းစတင်ခြင်းနှင့် Total
၏ ဆောင်ရွက်ချက်များနှင့် ပတ်သက်၍ ကုမ္ပဏီ၏ အထွေထွေမန်နေဂျာ မစ္စတာ
ဇာဗီးယားပရယ်ကို မြန်မာတိုင်း(မ်)က တွေ့ဆုံမေးမြန်းထားသည်။
မြန်မာနိုင်ငံမှာ သက်တမ်းအရင့်ဆုံးနဲ့ အကြီးဆုံးဖြစ်တဲ့ ရတနာသဘာဝ
ဓာတ်ငွေ့စီမံကိန်းအကြောင်း နည်းနည်းပြောပြပါ။
ရတနာစီမံကိန်းကို ၁၉၉၅ ခုနှစ်မှာ စတင်အကောင်အထည်ဖော်ခဲ့တယ်။ လွန်ခဲ့တဲ့
နှစ် ၂ဝ ကျော်ကပေါ့။ ၁၉၉၈ ခုနှစ်မှာထုတ်လုပ်မှုစတင်တယ်။ အခုထိလည်း
အမြင့်ဆုံးနှုန်းဖြစ်တဲ့ နှစ်စဉ် သဘာဝဓာတ်ငွေ့ ကုဗမီတာ ရှစ်ဘီလျံထုတ်လုပ်နေဆဲပါ။
ပတ္တမြားထပ်တိုးစီမံကိန်း (ဖိအားနိမ့်ရေနံတူးစင်) ကို ဆောင်ရွက်နိုင်ခဲ့တဲ့အတွက်
ကျေနပ်မိပါတယ်။ ၂ဝ၂ဝ ပြည့်နှစ်ကျော်အထိ လက်ရှိအမြင့်ဆုံးနှုန်းအတိုင်း
ဆက်လက်ထုတ်လုပ်နိုင်မှာပါ။
နိုင်ငံတကာရေနံစျေးနှုန်း ကျဆင်းနေဆဲဖြစ်တဲ့အချိန်မှာ ပတ္တမြားစီမံကိန်းကို
အကောင်အထည်ဖော်ဖြစ်ခဲ့တဲ့အကြောင်း သိချင်ပါတယ်။
ပတ္တမြားစီမံကိန်းကို ရေနံစိမ်းစျေးကျဆင်းနေတဲ့ ၂ဝ၁၄ ခုနှစ်မှာ စတင်
ဆောင်ရွက်ခဲ့တာပါ။ ဒီစီမံကိန်းကို မဖြစ်မနေဆောင်ရွက်ရတဲ့ ရည်ရွယ်ချက်ကတော့
ကျွန်တော်တို့ရဲ့ဝယ်ယူသုံးစွဲသူတွေကို ဆက်လက်ပြီး သဘာဝဓာတ်ငွေ့
ပို့ပေးနိုင်ဖို့အတွက်ပါပဲ။ ရတနာသဘာဝဓာတ်ငွေ့ကို ထိုင်းနိုင်ငံကို တင်ပို့
ရောင်းချတဲ့နည်းတူ မြန်မာနိုင်ငံပြည်တွင်းသုံးအတွက်လည်း ဖြန့်ဖြူးပေးနေပါတယ်။
စုစုပေါင်း ပြည်တွင်းသုံးသဘာဝဓာတ်ငွေ့ရဲ့၁၅ ရာခိုင်နှုန်းကို ရတနာက ဖြန့်ဖြူး
ပေးနေပါတယ်။
ပတ္တမြားစီမံကိန်းကနေ သဘာဝဓာတ်ငွေ့ စထုတ်နေပြီလား။
သဘာဝဓာတ်ငွေ့ စတင်ထုတ်လုပ်နိုင်ပါပြီ။ ဒီနေ့ပဲ ကျွန်တော်တို့ ဖွင့်ပွဲလုပ်ပါတယ်။
ပတ္တမြားစီမံကိန်းကို ဆောင်ရွက်နိုင်ခဲ့တဲ့အတွက်ပြည်တွင်းသုံးအတွက်
သဘာဝဓာတ်ငွေ့ထပ်တိုးဖြန့်ဖြူးပေးနိုင်မယ့် အခြေအနေရှိလား။
ကျွန်တော်တို့အနေနဲ့ သဘာဝဓာတ်ငွေ့ ထပ်တိုးပေးနိုင်ပါတယ်။ ဒါပေမဲ့ အဲဒီ
သဘာဝဓာတ်ငွေ့တွေဟာ အမှန်တကယ်အသုံးပြုနိုင်ဖို့တော့ လိုပါတယ်။
သဘာဝဓာတ်ငွေ့ကို လိုအပ်သလို ထပ်တိုးထုတ်လုပ်နိုင်ပါ တယ်။ ဒါပေမဲ့
သဘာဝဓာတ်ငွေ့အသုံးပြုမယ့်လျှပ်စစ်ဓာတ်အားပေးစက်ရုံတွေ ရှိဖို့လိုပါတယ်။
ဒါမှသာ လျှပ်စစ်မီးရမှာပါ။ မေးခွန်းက သဘာဝဓာတ်ငွေ့ထုတ်လုပ်မှု အနေအထား
မဟုတ်ပါဘူး။ မေးခွန်းက ဘယ်လို စီမံဆောင်ရွက်မလဲဆိုတာပါ။ လက်ရှိအစိုးရအနေနဲ့
ဒါကို ဦးစားပေးဆောင်ရွက်နေတယ်လို့ကျွန်တော်တို့ နားလည်ထားပါတယ်။
ရတနာစီမံကိန်းကနေ ဘယ်လောက်အထိထပ်တိုးဖြန့်ဖြူးပေးနိုင်ပါသလဲ။
ကျွန်တော်တို့ နည်းနည်းထပ်တိုးပေးနိုင်ပါတယ်။ လက်ရှိနေ့စဉ် သဘာဝဓာတ်ငွေ့
ကုဗပေသန်း ၂၃ဝ လောက် ပြည်တွင်းသုံး ဖြန့်ဖြူးပေးနိုင်ပါတယ်။ လိုအပ်ရင် တိုးပြီး
ထုတ်လုပ်နိုင်ပါတယ်။ ဒါပေမဲ့ ရတနာစီမံကိန်းရဲ့ ထုတ်လုပ်နိုင်မှုအနေအထားက
၂ဝ၂၁ လောက်ကျရင် လျော့ကျသွားမှာပါ။ အဲဒီအခါကျရင် ရတနာစီမံကိန်းကနေ
ဘယ်လောက်ရနိုင်မယ်၊ တခြားစီမံကိန်းတွေကနေ ဘယ်လောက်ရနိုင်မယ်ဆိုတာ
အစိုးရအနေနဲ့ စဉ်းစားဆုံးဖြတ်ရပါလိမ့်မယ်။
ရတနာစီမံကိန်းရဲ့ အမြင့်ဆုံးထုတ်လုပ်မှုက လေးနှစ်စာပဲရှိတဲ့ သဘောလား။
ဟုတ်ပါတယ်။ ဒါကြောင့် အစိုးရအနေနဲ့လည်း အပူတပြင်းကြိုးစား ဆောင်ရွက်နေ
ပါတယ်။ နှစ်အတော်ကြာထိ ဆက်လက်ထုတ်လုပ်နိုင်ဦးမှာ ဖြစ်ပေမဲ့ အမြင့်ဆုံး
ထုတ်လုပ်မှု မကျဆင်းခင် လေးနှစ်လောက်ပဲ အချိန်ရပါမယ်။
ရေနံစျေးနှုန်း နိမ့်နေဆဲဆိုတော့ သဘာဝဓာတ်ငွေ့စျေးနှုန်းနဲ့ အကျိုးအမြတ်ရရှိမှု
ဘယ်လိုရှိပါသလဲ။
ယနေ့အချိန်ထိတော့ ရတနာစီမံကိန်းက အကျိုးအမြတ်ရနေဆဲပါပဲ။ ရေနံစျေးကလည်း
တစ်စည်ကို ဒေါ်လာ ၅ဝ ဝန်းကျင်လောက်နဲ့ ငြိမ်နေတယ်။ အကျိုးအမြတ်အနေနဲ့
သဘာဝဓာတ်ငွေ့ဝင်ငွေ နည်းလာတာတော့ အမှန်ပါပဲ။ မြန်မာနိုင်ငံအတွက်လည်း
ဝင်ငွေနည်းလာတဲ့သဘောပါပဲ။ ရေနံစျေးက ခန့်မှန်းရ ခက်ပါတယ်။ သေချာတာ
ကတော့ ကျွန်တော်တို့ရဲ့ ထုတ်လုပ်မှုစရိတ်တွေ တတ်နိုင်သမျှလျှော့ချဖို့ပါပဲ။
ပတ္တမြားစီမံကိန်းကို သတ်မှတ်ဘတ်ဂျက်ထက် ၂ဝ ရာခိုင်နှုန်းလျော့နည်းပြီး
ဆောင်ရွက်နိုင်ခဲ့တဲ့အတွက် ဝမ်းသာစရာကောင်းပါတယ်။ ရင်းနှီးမြှုပ်နှံသူ
အားလုံးနဲ့ နိုင်ငံတော်အတွက် ကောင်းမွန်တဲ့အကျိုးကျေးဇူးပါပဲ။

တခြား ကမ်းလွန်ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ကွက်တွေမှာ ဆောင်ရွက်နေတဲ့
အနေအထားကိုလည်း သိချင်ပါတယ်။
Total က မြန်မာနိုင်ငံမှာ ပထမဆုံးဝင်ရောက်ရင်းနှီးမြှုပ်နှံတဲ့ နိုင်ငံခြားကုမ္ပဏီပါပဲ။
တခြားရေနံနဲ့ သဘာဝဓာတ်ငွေ့သိုက်တွေ ထပ်မံရှာဖွေတွေ့ရှိဖို့လည်း
ကျွန်တော်တို့ကြိုးပမ်းနေပါတယ်။ စုစုပေါင်း ကမ်းလွန် ရေနံလုပ်ကွက် ခုနစ်ခုမှာ
Total က ပါဝင်ရင်းနှီးမြှုပ်နှံလုပ်ကိုင်နေပါတယ်။ အဲဒီလုပ်ကွက်တွေမှာ ရေနံရှာဖွေရေး
လုပ်တာ၊ သဲကြောတွေ့ရှိတဲ့ လုပ်ကွက်တွေမှာ အစမ်းတွင်းတူးတာတွေလုပ်နေပါတယ်။
ဒီနေရာမှာ ရေနံရှာဖွေရေးလုပ်ငန်းတိုင်း ရေနံနဲ့ သဘာဝဓာတ်ငွေ့သိုက်တွေ
တွေ့ရှိနေတာ မဟုတ်ဘူးဆိုတာ အထူးပြောလိုပါ တယ်။ လက်ရှိတွေ့ထားတဲ့
သဘာဝဓာတ်ငွေ့သိုက်တွေကို စီးပွားဖြစ်ထုတ်လုပ်နိုင်ခြင်း ရှိ၊မရှိ အတည်ပြုဖို့နဲ့
ဆက်လက်လုပ်ဆောင်ရမယ့်အရာတွေ အများကြီးရှိနေပါတယ်။ ဒီလုပ်ငန်းက
အဝေးကြီး အကြာကြီး လုပ်ရတဲ့ဟာဖြစ်ပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရနဲ့ပတ်သက်လို့ ဘာများပြောချင်ပါသလဲ။
စွမ်းအင်ကဏ္ဍဆိုတာ နိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အရမ်းအရေးကြီးတယ်
ဆိုတာ ပြောကြားလိုပါတယ်။ အစိုးရအနေနဲ့ သင့်တင့်ကောင်းမွန်တဲ့ စွမ်းအင်မူဝါဒချမှတ်ဖို့
ကြိုးပမ်းနေပါတယ်။ ဒါကောင်းပါ တယ်။ မကြာခင်မှာ ဘယ်လိုစွမ်းအင်စီမံကိန်းတွေကို
အကောင်အထည်ဖော်မယ်ဆိုတဲ့ဆုံးဖြတ်ချက်တွေ ချမှတ်နိုင်မယ်လို့ ထင်ပါတယ်။
မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်နိုင်မှု အလားအလာက အကောင်းဘက်မှာ ရှိနေပါတယ်။
မြန်မာနိုင်ငံက ကာဗွန်ထုတ်လုပ်မှုနည်းတဲ့ နိုင်ငံဖြစ်နေတာ ကျေနပ်ဖို့ကောင်းပါတယ်။
ဒါကအရေးကြီးပါတယ်။ ဘာလို့ဆို Global Warming (ကမ္ဘာကြီးပူနွေးလာမှု) ရဲ့
အကျိုးဆက်တွေကို အများဆုံးခံစားနေရတဲ့ နိုင်ငံတွေထဲမှာ မြန်မာနိုင်ငံ ပါဝင်နေလို့ပါပဲ။
















