ရခိုင်အရေး ကုလဆုံးဖြတ်ချက် လက်မခံကြောင်း ဒေါ်အောင်ဆန်းစုကြည် ငြင်းဆို

ရခိုင်အရေး ကုလဆုံးဖြတ်ချက် လက်မခံကြောင်း ဒေါ်အောင်ဆန်းစုကြည် ငြင်းဆို

ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက ရခိုင်ပြည်နယ်သို့ နိုင်ငံတကာ အချက်အလက်
ရှာဖွေဖော်ထုတ်ရေးအဖွဲ့ စေလွှတ်ရန် မတ် ၂၄ ရက်က ချမှတ်ခဲ့သည့် ဆုံးဖြတ်ချက်အပေါ်
မြန်မာနိုင်ငံက လက်မခံကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်က ဘယ်လ်ဂျီယံနိုင်ငံ၊ ဘရပ်ဆဲလ်မြို့
ခရီးစဉ်အတွင်း ပြောဆိုခဲ့ကြောင်း အေအက်ဖ်ပီသတင်း၌ ဖော်ပြသည်။

ရခိုင်ပြည်နယ်အတွင်းက လုံခြံုရေးတပ်ဖွဲ့ ၀င်များ၏ ဆောင်ရွက်ချက်များအပေါ် နိုင်ငံတကာ
လွတ်လပ်သော စုံစမ်းစစ်ဆေးမှုအဖွဲ့ ဖွဲ့စည်းစေလွှတ်ရန် မြန်မာနိုင်ငံလူ့အခွင့် အရေးဆိုင်ရာ
ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စယန်ဟီးလီက ကုလသမဂ္ဂလူ့အခွင့် အရေးကော်မရှင်ထံ
မတ် ၁၃ ရက်က အစီရင်ခံစာ တင်သွင်းခဲ့ပြီးနောက် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီက
စေလွှတ်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါဆုံးဖြတ်ချက်အပေါ် မြန်မာနိုင်ငံ အနေဖြင့် လက်မခံကြောင်း၊ အစိုးရက တရားဝင် ပြန်လည်
တုံ့ပြန်ထားခဲ့ပြီး ဥရောပ ခရီးစဉ်အတွင်း ဘရပ်ဆဲလ်မြို့သို့ရောက်ရှိစဉ် ကုလ၏ ဆုံးဖြတ်ချက်ကို
လက်မခံကြောင်း ဒေါ်အောင်ဆန်းစုကြည်က ထပ်မံထုတ်ဖော် ပြောဆိုခဲ့ခြင်းဖြစ်သည်။

"ကျွန်မတို့ ဒါကို လုံးဝ သဘောမတူပါဘူး။ ဒီဆုံးဖြတ်ချက်က မြေပြင်မှာ အမှန်တကယ်ဖြစ်ပျက်နေတဲ့
အရာတွေနဲ့ ကိုက်ညီတဲ့ ဆုံးဖြတ်ချက်လို့ ကျွန်မတို့ မထင်ပါဘူး" ဟု ဘရပ်ဆဲလ်မြို့တွင် မေ ၂ ရက်က
ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ၎င်းက ပြောကြားခဲ့သည်။

ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောခရိုင်ဒေသက အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်စဉ်နောက်ပိုင်း
လုံခြံုရေးတပ်ဖွဲ့ဝင်များ၏ နယ်မြေရှင်းလင်းရေး ဆောင်ရွက်မှုများတွင် ဥပဒေမဲ့ လုပ်ဆောင်မှုများ၊
အဓမ္မပြုကျင့်မှုများ၊ နှိပ်စက်ညဉ်းပမ်းမှုများ၊ လူမျိုးတုံး သတ်ဖြတ်မှုများနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများ
ရှိနေကြောင်း ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများက စွပ်စွဲထားခဲ့ခြင်းဖြစ်သည်။

အဆိုပါ စွပ်စွဲချက်များအပေါ် မြန်မာနိုင်ငံက ပြန်လည်တုံ့ပြန်ငြင်းဆိုထားခဲ့ပြီး မောင်တောဒေသ
ဖြစ်စဉ်များနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှုကော်မရှင်များဖွဲ့စည်းပြီး စစ်ဆေးဆောင်ရွက်လျက်
ရှိကြောင်း နိုင်ငံတကာသို့ အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။

"ကျွန်မတို့ကိုယ်တိုင် စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်။ ပြီးတော့ အရေးယူ ဆောင်ရွက်မှု
တွေလည်း လုပ်ဆောင်နေပါတယ်" ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

တပ်မတော်အဆင့်မြင့်အရာရှိ ငါးဦး ပါ၀င်သည့် စုံစမ်းစစ်ဆေးရေးအဖွဲ့ကို တပ်မတော်က ဖေဖော်ဝါရီ
၉ ရက်က ဖွဲ့စည်းခဲ့ပြီး နိုင်ငံတကာက စွပ်စွဲထားသလို နယ်မြေရှင်းလင်းခြင်းများ ဆောင်ရွက်ရာတွင်
လုံခြံုရေးတပ်ဖွဲ့ဝင်များက အင်အားအလွန်အကျွံသုံးစွဲခြင်း၊ လူ့အခွင့်ချိုးဖောက်မှု အပါအဝင် ဥပဒေနှင့်
မညီညွတ်သော ဖြစ်စဉ်ဖြစ်ရပ်များ ရှိ၊ မရှိ စစ်ဆေးသွားမည်ဖြစ်ကြောင်း တပ်မတော် သတင်းမှန်
ထုတ်ပြန်ရေးအဖွဲ့က သတင်း ထုတ်ပြန်ထားပြီး မောင်တောဒေသ နယ်မြေရှင်းလင်းရေး
လုပ်ငန်းစဉ်တွင် ဥပဒေချိုးဖောက်မှု ကျူးလွန်ခဲ့သူများကို အရေးယူရန် ဆောင်ရွက်လျက်ရှိကြောင်း
တာဝန်ရှိသူများက ပြီးခဲ့သည့်သီတင်းပတ်အတွင်း မြန်မာတိုင်း(မ်) ကို ပြောကြားထားသည်။

ရခိုင်ပြည်နယ်အတွင်း အချိန်ကြာမြင့်စွာ တည်ရှိခဲ့သည့် ပြဿနာများအတွက် ခိုင်မာသော
ဖြေရှင်းနည်းလမ်းတွေ ဆက်လက် ရှာဖွေရန် လုပ်ဆောင်နေကြောင်း မြန်မာနိုင်ငံ လုံခြံုရေးဆိုင်ရာ
အကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်းက ဧပြီ ၁၁ ရက်တွင် မြန်မာနိုင်ငံအခြေစိုက် နိုင်ငံတကာ
အသိုင်းအဝိုင်းမှ သံတမန်ကိုယ်စားလှယ်များနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

ရခိုင်ပြည်နယ်အတွင်း အစိုးရက ဆောင်ရွက်ကြိုးပမ်းနေသည့် ဖွံ့ဖြိုးတိုးတက်ရေး၊ တရားမျှတရေးနှင့်
တည်ငြိမ်အေးချမ်းရေး ဆောင်ရွက်ချက်များအပေါ် နိုင်ငံတကာ အသိုင်းအဝိုင်း၏ အပြုသဘောဆောင်
နားလည်လက်ခံမှုကို မျှော်လင့်မိကြောင်း ၎င်းက ထုတ်ဖော်ပြောဆိုခဲ့သည်။

ဧပြီလ တတိယပတ်အတွင်းမှစ၍ ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောဒေသတွင်း
နေအိမ်မီးလောင်မှုများ၊ လုယက်သတ်ဖြတ်မှုများ၊ ဓားပြ တိုက်မှုများ၊ ဒေသခံကျေးရွာသားများ
ပျောက်ဆုံးမှု၊ သတ်ဖြတ်ခံရမှုများနှင့် မသင်္ကာဖွယ်လူအချို့ဖမ်းဆီးရမိမှုများ ဖြစ်ပွားခဲ့သည်ဟု
နိုင်ငံတော်အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်ထားသည်။

ဘူးသီးတောင်-မောင်တော ကားလမ်း သုံးမိုင်ဂိတ်စစ်ဆေးရေး ဂိတ်စခန်း၌ ဖမ်းဆီးရမိသော
စိတ်ကြွမူးယစ်ဆေးပြားများ သယ်ဆောင်လာသည့် ကားပေါ်တွင် တပ်မတော် အရာရှိတစ်ဦးနှင့်
တပ်သားတစ်ဦး လိုက်ပါလာသည်ကို တွေ့ရှိကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေး
ကော်မတီက မေ ၂ ရက်တွင် သတင်းထုတ်ပြန်ထားသည်။

နိုင်ငံတော် သမ္မတရုံး သတင်းထုတ်ပြန်ရေးကော်မတီက ထုတ်ပြန်ထားသည့် စာရင်းအရ
အကြမ်းဖက်မှုဖြစ်ပွားပြီးနောက် ဖမ်းဆီးရမိသူများကို ရာဇသတ်ကြီးပုဒ်မ ၃၀၂၊ ၃၀၇၊ ၃၃၃၊ ၃၂၄၊ ၃၄၊
၁၉၅၁ ခုနှစ် လက်နက် (ယာယီ) ပုဒ်မ ၁၉ (က)၊ ၁၈၇၈ ခုနှစ် လက်နက် အက်ဥပဒေပုဒ်မ ၁၉ (င)၊
၁၉၄၉ ခုနှစ် လက်နက် (အရေးပေါ်ပြစ်ဒဏ်စီရင်မှုယာယီ) ပုဒ်မ ၂ (၁) (က)၊ ၂ (၂)၊ မတရားအသင်း
ပုဒ်မ ၁၇(၁)(၂)၊နှင့် ပြည်သူပိုင်ပစ္စည်း ပုဒ်မ ၆ ဖြင့် အမှုဖွင့်တရားစွဲဆိုခြင်းဖြစ်ပြီး သံသယဖြင့်
ဖမ်းဆီးစစ်ဆေးလျက်ရှိသူ ၆၀၀ ကျော်ရှိသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး