အစိုးရနှင့် တစ်နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်စာချုပ် (အင်န်စီအေ)ကို လက်မှတ်ရေးထိုးထားသည့်
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများအကြား ပဋိပက္ခများ ဖြေရှင်းရာ၌ အောက်ခြေအဆင့်တွင်
ညှိနှိုင်းဖြေရှင်းသင့်သည်ဟု ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ
ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-U) ၏ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က ယမန်နေ့က
ကျင်းပသည့် JMC-U အစည်းအဝေးတွင် ပြောကြားခဲ့သည်။
ရန်ကုန်မြို့ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး ဗဟိုဌာနတွင်
ပူးတွဲကော်မတီက ပုံမှန်အစည်းအဝေးကို မေ ၅ ရက်အထိ ဆက်လက်ကျင်းပသွားမည်ဖြစ်သည်။
"အင်န်စီအေမှာ ပါ၀င်တဲ့ သဘောတူညီချက်တွေကို ချိုးဖောက်မှုမရှိအောင် သတိထား
လိုက်နာဆောင်ရွက်သွားဖို့ ကျွန်တော့်အနေနဲ့ တိုက်တွန်းလိုပါတယ်။ အင်န်စီအေလက်မှတ်ထိုးထားတဲ့
အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေကြားမှာ တချို့ကိစ္စတွေမှာ မြေပြင်တပ်မှူးအချင်းချင်း
ညှိနှိုင်းပြီးတော့ တချို့ကြီးတဲ့ကိစ္စတွေ ငယ်အောင်၊ ငယ်တဲ့ကိစ္စတွေ ပပျောက်သွားအောင်
ဆောင်ရွက်ဖို့ လိုအပ်ပါတယ်" ဟု ၎င်းက ပြောသည်။
အင်န်စီအေစာချုပ်ကို လက်မှတ်ရေးထိုး ထားသည်ဖြစ်၍ တိုင်းရင်းသားလက်နက်ကိုင်
အဖွဲ့အစည်းများက စာချုပ်ပါအချက်အလက်များ၊ ကတိကဝတ်များကို လိုက်နာရန်
လိုအပ်ကြောင်းလည်း ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က ပြောသည်။
အင်န်စီအေစာချုပ်ကို လက်မှတ်ရေးထိုးပြီးနောက်တွင် အပစ်ရပ်နယ်မြေအတွင်း တစ်ဖက်နှင့်
တစ်ဖက်အကြား နယ်မြေစိုးမိုးမှုအတွက် တပ်လှုပ်ရှားခြင်း၊ အင်အားတိုးချဲ့ခြင်း၊ ထိုးစစ်ဆင်ခြင်း၊
တစ်ဖက်နှင့် တစ်ဖက် ရန်မူသည့် သို့မဟုတ် စော်ကားမှုဖြစ်စေသည့် လုပ်ရပ်များ ပြုလုပ်ခြင်းကို
ရှောင်ရှားရန်ဖြစ်ပြီး နှစ်ဖက်အောက်ခြေအဆင့်တွင် ဖြစ်ပေါ်သည့် ပဋိပက္ခကို အင်အားအသုံးပြု၍
ဖြေရှင်းခြင်း မပြုလုပ်ရန်လည်း အင်န်စီအေ စာချုပ်တွင် ဖော်ပြထားသည်။
အစည်းအဝေးအတွင်း ပူးတွဲကော်မတီ (ပြည်ထောင်စုအဆင့်)၏ ၂၀၁၇ ခုနှစ်၊ ပထမသုံးလပတ်
အစီရင်ခံစာကို ထုတ်ဝေခြင်း၊ ရပ်ကွက်/ကျေးရွာများတွင် စောင့်ကြည့်မှု ပြုလုပ်မည့်
နှစ်ဖက်လက်ခံနိုင်သည့် ဒေသခံများအတွက် လုပ်ငန်းလမ်းညွှန်ကို အတည်ပြုခြင်းတို့လည်း
ပြုလုပ်မည်ဖြစ်သည်။
လုံခြံု ရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများ၊ တိုင်ကြားမှု စီမံခန့်ခွဲရေး နည်းစနစ်ကိုလည်း
ဆွေးနွေးသွားမည်ဖြစ်သည်။
တစ်နိုင်ငံလုံးအပစ်အခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (အင်န်စီအေ) အရ စစ်ရေးကိစ္စများ၊
စာချုပ်ကို လက်မှတ်ရေးထိုးထားသည့် နှစ်ဖက်အဖွဲ့အစည်းများနှင့် ပတ်သက်သည့် ပဋိပက္ခများ၊
အငြင်းပွားဖွယ် ကိစ္စရပ်များကို ဖြေရှင်းရန် ဖွဲ့စည်းထားသည့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ
ပူးတွဲစောင့်ကြည့်အဖွဲ့၏ သက်တမ်းမှာ တစ်နှစ်ခွဲကျော် ရှိလာပြီဖြစ်သည်။
တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ် (အင်န်စီအေ)ပါ အကောင်အထည်ဖော်ရမည့် အချက်အလက်
အချို့အပေါ် ဆောင်ရွက်နိုင်မှု မရှိသေးခြင်းနှင့် အဓိပ္ပာယ်ဖွင့်ဆိုမှုအပိုင်းတွင် ၀ိ၀ါဒကွဲပြားဖွယ်
ကိစ္စများလည်း ရှိနေသည်ဟု JMC-U ၏ ဒုဥက္ကဋ္ဌ (၁)ဖြစ်သူ ကရင်အမျိုး သားအစည်းအရုံးမှ
ဗိုလ်ချုပ်စောအိုင်းဇက်ဖိုးက ပြောသည်။
"အခုလက်ရှိအနေနဲ့ ကျွန်တော်တို့ ငြိမ်းချမ်းရေး ဆွေးနွေးဖက်တွေအကြား နယ်မြေသတ်မှတ်မှု၊
တပ်နေရာချထားမှု အတိအကျ မသတ်မှတ်နိုင်သေးတဲ့အပြင် အင်န်စီအေစာချုပ် သဘောတူညီချက်
အချက်အလက်၊ ကြားကာလဆောင် ရွက်ရမယ့် ကိစ္စအပါအဝင် တချို့အကြောင်း အရာတွေအပေါ်မှာ
၀ိ၀ါဒ ကွဲပြားမှုတွေ ရှိနေသေးပါတယ်" ဟု ၎င်းက ပြောခဲ့သည်။
ကြားကာလဆောင်ရွက်ရမည့်ကိစ္စများဆိုသည်မှာ အင်န်စီအေစာချုပ်ကို လက်မှတ်ရေးထိုးပြီးသည့်
အချိန်နှင့် ပြည်ထောင်စုသဘောတူစာချုပ်ကို ချုပ်ဆိုနိုင်မည့် နိုင်ငံရေးဆွေးနွေးပွဲများ ပြီးဆုံးသည့်
အချိန်အတွင်း အစိုးရနှင့် အင်န်စီအေလက်မှတ်ရေးထိုးသည့် တိုင်းရင်းသားလက်နက်ကိုင်
အဖွဲ့အစည်းများ ညှိနှိုင်းဆောင်ရွက်ရမည့် လုပ်ငန်းများဖြစ်သည်။
အဆိုပါကြားကာလဆောင်ရွက်မည့် အစီအစဉ်များတွင် ဒေသခံများ၏ ကျန်းမာရေး၊ ပညာရေး၊
လူမှုရေးနှင့် စီးပွားရေးဆိုင်ရာ အခြေခံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ၊ သဘာဝပတ်ဝန်းကျင်
ထိန်းသိမ်းရေး၊ တိုင်းရင်းသား ဘာသာစကား၊ စာပေနှင့် ယဉ်ကျေးမှုများကို ထိန်းသိမ်းမြှင့်တင်ရေး
လုပ်ငန်းများ၊ ဒေသတည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေးဆိုင်ရာကိစ္စများ၊ ဒေသဖွံ့ဖြိုးရေးနှင့်
စွမ်းရည်မြှင့်တင်ရေးအတွက် ပြည်တွင်း ပြည်ပ အကူအညီရယူခြင်းနှင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး
လုပ်ငန်းများ ပါ၀င်သည်။
အပစ်ရပ်ဒေသရှိ ဒေသခံများကို အကျိုးသက်ရောက်မှုရှိနိုင်သည့် အကြီးစားစီမံကိန်းများ
ဆောင်ရွက်ရာတွင် ဒေသခံများ၊ အပစ်ရပ် တိုင်းရင်းသားအဖွဲ့အစည်းများနှင့်
ညှိနှိုင်းဆောင်ရွက်ရန်လည်း ကြားကာလ အစီအစဉ်တွင် ပါ၀င်သည်။
အပစ်အခတ်ရပ်စဲရေးတွင် တပ်ပိုင်းဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ မိုင်းရှင်းလင်းရေးကို
အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအကြား ညှိနှိုင်းပြီး ပူးပေါင်းဆောင်ရွက်ရန်
ပါရှိသော်လည်း လက်ရှိအချိန်အထိ မိုင်းရှင်းလင်းခြင်း လုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့်
ဆောင်ရွက်နိုင်ခြင်း မရှိသေးပေ။
အင်န်စီအေစာချုပ်ပါ ပစ်ခတ်မှုရပ်စဲရေးအတွက် အကောင်အထည်ဖော်ရမည့် လုပ်ငန်းများ
ဆောင်ရွက်ရာတွင် ကောင်းမွန်မှုရှိမှသာ ကျန်သည့် လက်နက်ကိုင်အဖွဲ့အစည်းများ ငြိမ်းချမ်းရေး
လုပ်ငန်းစဉ်တွင် ပါ၀င်လာနိုင်မည်ဟု စောအိုင်းဇက်ဖိုးက ပြောသည်။
"ဒါကြောင့် ကျွန်တော်တို့ JMC အကောင်အထည်ဖော်မှုတွေဟာ တခြားလက်နက်ကိုင်တွေက
အင်န်စီအေအပေါ်မှာ ယုံကြည်လာဖို့အတွက် စံနမူနာကောင်းတွေဖြစ်ဖို့ လိုအပ်ပါတယ်" ဟု
၎င်းက ပြောသည်။
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် လူထုစိတ်ဝင်စားမှု မြင့်တက်လာသည်ဟု JMC-U ၏ ဒုတိယဥက္ကဋ္ဌ (၂)
ဦးမောင်မောင်ငြိမ်းက ပြောသည်။
အင်န်စီအေစာချုပ်ကို လက်မှတ်ရေးထိုးထားသော်လည်း ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ
(RCSS) နှင့် တပ်မတော်တို့အကြား လက်မှတ်ရေးထိုးချိန် ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလမှစတင်၍
သုံးကြိမ်ထက်မနည်း တိုက်ပွဲများပြန်လည် ဖြစ်ပွားခဲ့သည်။
















