ကျန်းမာရေးစောင့်ရှောက်မှုစနစ် အားနည်းခြင်း ပြဿနာကို ဆင်းရဲသားပြည်သူများ ရင်ဆိုင်နေရ

ကျန်းမာရေးစောင့်ရှောက်မှုစနစ် အားနည်းခြင်း ပြဿနာကို ဆင်းရဲသားပြည်သူများ ရင်ဆိုင်နေရ

မြန်မာနိုင်ငံ၏ အစိုးရကျန်းမာရေး အသုံးစရိတ်မှာ လွန်စွာနည်းပါးနေသည့်အပြင် လေလွင့်မှုများရှိ
နေသဖြင့် ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှုတွင် လိုအပ်ချက်များရှိနေသည်ဟု ပြည်သူ့ကျန်းမာ
ရေးလုပ်ငန်းများကို ဆောင်ရွက်နေကြသည့် ပညာရှင်များကပြောသည်။

"ကျန်းမာရေးဌာနတွေမှာ အခြေခံပစ္စည်းကိရိယာတွေ လုံလောက်မှုမရှိဘူး၊ ကျန်းမာရေးဝန်ထမ်းတွေ
လည်း အလုံအလောက်မရှိဘူး၊ ၀န်ထမ်းအမျိုးအစား ဆီလျော်မှုမရှိဘူးစတဲ့ အခြေအနေတွေကို
တွေ့လျက်ရှိပါတယ်"ဟု ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ (ယူနီဆက်ဖ်) ၏ အကြံပေးအရာရှိ
ဒေါက်တာဖုန်းမြင့် က ပြောသည်။

မြန်မာနိုင်ငံတွင် ကျန်းမာရေးစောင့်ရှောက်မှုစနစ်မှာ လွန်စွာနိမ့်ကျလျက်ရှိပြီး အဓိကအကြောင်းရင်း
မှာ ကျန်းမာရေးစောင့်ရှောက်မှုအတွက် နိုင်ငံ ဂျီဒီပီ (နိုင်ငံ၏ တစ်ဦးချင်းအသားတင် ထုတ်လုပ်မှု)၏
သုည ဒသမ ၅ ရာခိုင်နှိုင်းမှ သုံးရာခိုင်နှုန်းသာ၊သုံးနေခြင်းဖြစ်သည်။

ယေဘုယျအားဖြင့် မြန်မာနိုင်ငံ၏ ကျန်းမာရေးစောင့်ရှောက်မှုစနစ်သည် အစိုးရ၊ တစ်သီးပုဂ္ဂလအလှူ
ရှင်များနှင့် ပြင်ပအကူအညီများမှ အထောက်အပံ့များဖြင့် ရပ်တည်နေရသည်။

အစိုးရနှင့် နိုင်ငံတကာအဖွဲ့အစည်းအချို့သည် နိုင်ငံအတွင်း တီဘီအဆုတ်နာရောဂါ၊ ခုခံအား
ကျဆင်းမှုရောဂါ (အိပ်ချ်အိုင်ဗီ- အေအိုင်ဒီအက်စ်)နှင့် ငှက်ဖျားရောဂါ တိုက်ဖျက်ရေးအတွက်
အဓိကထားသည့် ကျန်းမာရေးအစီအစဉ်များကို အကောင်ထည်ဖော်နေကြသည်။

သို့သော် ကျေးလက်ဒေသများတွင် အခြေခံ ကျန်းမာရေးစောင့်ရှောက်မှု ရရှိရေးသည် အရေးကြီး
သည့် ပြဿနာတစ်ရပ်အဖြစ် ရှိနေဆဲဖြစ်ပြီး ကျန်းမာ ရေးစောင့်ရှောက်မှု အားနည်းခြင်း ကြောင့်
ကျေးလက်လူထုအကြား ရောဂါ ဖြစ်ပွားနှုန်းများပြားနေရခြင်းဖြစ်သည် ဟု ၂၀၁၂ ခုနှစ်အတွက်
ကလေးသူငယ်များဆိုင်ရာအခြေအနေ အစီရင်ခံစာ၌လည်း ထည့်သွင်းဖော်ပြထားသည်။

ပြည်မြို့ ခုတင်၂၀၀ ဆံ့ အထွေထွေကုဆေးရုံမှ ဆေးရုံအုပ်ကြီး ဒေါက်တာတင့်ရွှန်းက ၎င်းတို့ဆေးရုံ
၌ ဆေးပစ္စည်း အချို့မှာ ပျက်စီးနေပြီး အခြားပစ္စည်းများ လည်း လိုအပ်နေသည်ဟု ပြောသည်။

"ပြည်ဆေးရုံကြီးမှာ စက်ပစ္စည်း ၁၂ မျိုး လောက် လိုအပ်လျက်ရှိနေပြီး ဆေးရုံသုံး ပစ္စည်းတချို့မှာ
ပျက်စီးနေပါတယ်။ လူနာခုတင်တွေကလည်း လုံလောက်မှု မရှိပါဘူး။ လိုအပ်ချက်တွေကို ကျန်းမာ
ရေးဝန်ကြီးဌာနကို တင်ပြထားသော်လည်း အကူအညီအထောက်အပ့့ံများ မလုံလောက်သော
ကြောင့် ပြည်သူတွေရဲ့ အကူအညီအထောက်အပံ့ကို တောင်းယူရတာပါ"ဟု နို၀င်ဘာလ ၁၅ ရက်
နေ့ က နာရေးကူညီမှုအသင်း၏ ပြည်ဆေးရုံကြီးသို့ စက်ပစ္စည်းလှူဒါန်းပွဲတွင် ၎င်းက ပြောသည်။

"ဆေးရုံတက်လာကြတဲ့ လူနာအများစုက ဆင်းရဲသားလူနာတွေ ဖြစ်တယ်။ ဒါ ကြောင့် ပုဂ္ဂလိက
ဆေးရုံတွေနဲ့အပြိုင် ၀န်ဆောင်မှုပေးနိုင်အောင် ကြိုးစားချင် ပါတယ်လို့"ဟု ၎င်းကပြောသည်။

ပြည်သူ့ဆေးရုံများတွင် အခြေခံ အဆောက်အအုံနှင့် စက်ပစ္စည်းများ လုံလောက်မှုမရှိဘဲ ယေဘုယျ
အားဖြင့် ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့မှလွဲ၍ ကျန်ဒေသများ၌ ကျန်းမာရေးစောင့် ရှောက်မှု အလွန်
ချို့တဲ့နေပြီး အထူးသဖြင့် ဝေးလံခေါင်သီသောအရပ်များတွင် ပို၍ဆိုးဝါးလျက်ရှိနေသည်ဟု ကျန်းမာ
ရေးဝန်ကြီးဌာနတွင် တာဝန်ထမ်း ဆောင်နေသည့် ညွှန်ကြားရေးမှူးတစ်ဦးက ပြောသည်။

ကျန်းမာရေး စောင့်ရှောက်မှုစနစ်သည် ယေဘုယျအားဖြင့် အခမဲ့ဖြစ်သော်လည်း ပြည်သူ့ဆေးပေး
ခန်းများနှင့် ပြည်သူ့ဆေးရုံများတွင် ဆေးဖိုးနှင့် ကုသမှုစရိတ်ကို စရိတ်မျှပေးစနစ်ဖြင့် ပေး ဆောင်ရ
သည်။

ဆင်းရဲသား လူနာအများစုသည် အစိုးရဆေးရုံများ၌ဆေးဖိုးနှင့် ကုသစရိတ်ရရှိရန် နည်းပေါင်းများစွာ
ဖြင့် ရှာဖွေပြီး လတ်တလော အခြေအနေကို ရင်ဆိုင်ဖြေရှင်းနိုင်သော်လည်း ကြာရှည် သောက်သုံး
ရမည့် ဆေးဝါးများစရိတ်ကို မတတ်နိုင်သည့်အဖြစ်နှင့် ရောဂါကို ပျောက်ကင်းအောင် မကုနိုင်သည့်
အခက်အခဲများကို ကြံုတွေ့ရကြောင်း ပြည်မြို့ သုခကုသိုလ်ဖြစ်ဆေးခန်းမှ တာဝန်ခံ ဒေါက်တာ
ထွန်းအောင်က ပြောသည်။

"ကျွန်တော်တို့ဖွင့်ထားတဲ့ ဒီအခမဲ့ ဆေးခန်းမှာကို နာတာရှည်ရောဂါတွေ ဖြစ်တဲ့ သွေးတိုး၊ ဆီးချို၊
လူနာတွေ၊ နောက်ပြီး ကင်ဆာရောဂါခံစားနေရတဲ့ လူနာ တွေလည်း လာပြကြသလို၊ နာတာရှည်
ကျောက်ကပ် ဝေဒနာသည်တွေ လာပြကြတယ်။ ဒါပေမယ် ကျွန်တော်တို့ဘက် ကလည်း ဆေးရုံ
တစ်ရုံလောက်တော့ မကုပေးနိုင်ပါဘူး။ အထွေထွေရောဂါ လောက်ကိုပဲ တတ်နိုင်ပါတယ်" ဟု ၎င်း
က ပြောသည်။

လက်ရှိတွင် ရန်ကုန်သို့ မဖြစ်မနေသွား ရောက်ကုသခံရမည့် ကင်ဆာရောဂါ လူနာများကို ရန်ကုန်
တွင်ရှိသော သုခကုသိုလ်ဖြစ် ဆေးခန်းနှင့် ချိတ်ဆက်ပြီး ဆက်လက်ကုသပေးနိုင်ရန် စီစဉ်ထား
ကြောင်း ဒေါက်တာထွန်းအောင်က ပြောသည်။

"ဆင်းရဲသား ပြည်သူအများစုသည် အခမဲ့ဆေးခန်းများကို အဓိကအားကိုး နေကြရပြီး လာရောက်
ပြသကြသူများမှာ ငွေကြေးလုံးဝမတတ်နိုင်ကြသည့် လူနာများ လာရောက်ကြတာရှိပါတယ်" ဟု
၎င်းကပြောသည်။

ကြံုရာကျပန်း လုပ်ကိုင်ရပ်တည်နေကြရသူအများစုမှာ တစ်နေ့လျှင် ၀င်ငွေ ကျပ် ၁,၀၀၀ ကျော်မျှ
သာရှိကြပြီး ပြင်ပ ဆေးခန်းများသို့ သွားရောက်ကုသကြပါက ၀င်ငွေဆုံးရှုံးသည့်အပြင် ရေရည်
သောက်ရမည့် ဆေးဝါးဖိုးကိုလည်း မတတ်နိုင်ကြကြောင်း ဒေါက်တာထွန်း အောင်က ပြောသည်။

"ကျွန်မအမျိုးသားက ဆည်မြောင်းဌာနက ၀န်ထမ်းပါ။ သားသမီးနှစ်ယောက် ရှိပါတယ်။ သွေးချို
ရောဂါရှိမှန်း လွန်ခဲ့တဲ့ ခြောက်လလောက်က စသိတာပါ။ အပြင်ဆေးခန်းမှာ ပြနေရင်းက ပုံမှန်
သောက်ရမယ့်ဆေးဖိုး မတတ်နိုင်တော့လို့ သုခဆေးခန်းကို လာပြရတာပါ။ ကျွန်မ ပုံမှန်သောက်ရ
တဲ့ဆေးက တစ်လ ကို ၃၀,၀၀၀ လောက်ကျပါတယ်။ ကျွန်မ တို့လို သာမန်ဝန်ထမ်းတွေအနေနဲ့
ဆေး စရိတ်မတတ်နိုင်ပါဘူး"ဟု ပြည်မြို့ ဆည် မြောင်းဝန်ထမ်းအိမ်ရာနေ အသက် ၄၀ အရွယ်ရှိ
ဒေါ်သီက ပြောသည်။

လေ့လာချက်အရ ကျန်းမာရေး အသုံးစရိတ်အလုံးစုံ၏ ၈၇ ရာနှုန်းကို အိမ် ထောင်စုများက အိတ်
စိုက်သုံးစွဲနေကြရပြီး ရောဂါကုသရေးအတွက် ကုန်ကျ စရိတ်များပြီး ကာကွယ်ရေးလုပ်ငန်းများကို
အလေးထားမှု နည်းပါးလျက်ရှိသည် ကို တွေ့ရှိရသည်။

ရန်ကုန်နှင့် မန္တလေးမြို့ကြီးများတွင် အရည်အသွေးမြင့် ကျန်းမာရေးစောင့် ရှောက်မှုပေးသည့် ပုဂ္ဂလိ
ကဆေးရုံအချို့ ရှိနေသော်လည်း သာမန်လူတန်းစား အများစုအတွက် လက်လှမ်းမမီသည့် အခြေ
အနေတွင် ရှိနေသည်။

မြန်မာလူထုအများစုသည် ထိုပုဂ္ဂလိကဆေးရုံဆေးခန်းများသို့ သွားရောက် ကုသမှုခံယူရန် ငွေကြေး
မတတ်နိုင်ကြဟု လူမှုရေးလုပ်ငန်းများကို ၁၂ နှစ်ကျော် လုပ်ကိုင်လာခဲ့သည် နာရေးကူညီမှုအသင်း
(ရန်ကုန်)မှ ဥက္ကဋ္ဌ ဦးကျော်သူက ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး