စစ်တွေမြို့၊ အောင်မင်္ဂလာရပ်ကွက်ရှိ ဒေါ်နူလီမာဟာ၏ နေအိမ်သည် မေလ ၃ ရက်နေ့
ည ၉ နာရီခန့်က မီးလောင်မှုဖြစ်ပွားခဲ့ရာ ဆိုလာပြားအပူလွန်ကဲရာမှ မီးလောင်ခြင်းဖြစ်ကြောင်း
နိုင်ငံတော် အတိုင်ပင်ခံရုံး သတင်းထုတ် ပြန်ရေးကော်မတီမှ ထုတ်ပြန်ထားသည်။
မီးလောင်မှုကြောင့် လူနှင့်တိရိစ္ဆာန်များ ထိခိုက်မှုမရှိခဲ့သော်လည်း မီးလာရောက်ငြှိမ်းသက်
သူများအား အိမ်ထဲမှ ခဲများဖြင့် ပစ်ပေါက်မှုကြောင့် ဦးခေါင်းထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း
မီးလာရောက်ငြှိမ်းသတ်သူ ဦးအောင်ဝင်းက ဆိုသည်။
“အိမ်ထဲကိုဝင်ဖို့မလွယ်တော့ အပြင်ကပဲဝိုင်းငြှိမ်းရတာပေါ့။ အဲ့မှာအထဲက ခဲနဲ့
လှမ်းပစ်တော့တာပဲ၊ ခဲနဲ့ပစ်တာလုံခြံုရေးတွေနားထိ ရောက်တယ်၊နောက်မှ အခြေအနေ
လာထိန်းတဲ့ နယ်လုံဝန်ကြီးက ဘာလို့ပစ်တာလဲ ဆိုပြီးထအော်တော့မှ သူတို့ကနောက်ဆုတ်
သွားတာ၊ အဲ့တော့မှ မီးသတ်ရတာပေါ့”ဟု ဦးအောင်ဝင်းက ဆိုသည်။
မီးလောင်မှုဖြစ်ပွားရာ အနီးတစ်ဝိုက်တွင် လူစုလူဝေးများဖြစ်ပေါ်ခဲ့သဖြင့် ရခိုင်ပြည်နယ်
ရဲတပ်ဖွဲ့မှ နယ်မြေလုံခြံုရေးရယူခဲ့ရကြောင်း၊ ခဲဖြင့်ပစ်ခတ်မှုရှိမရှိ ကိုတိုင်ကြားလာသူ
မရှိသေးသဖြင့်စုံစမ်းစစ်ဆေးခြင်းနှင့်အရေး ယူဆောင်ရွက်မည့် အစီအစဉ်မရှိသေးကြောင်း၊
မီးလောင်မှုအား အသေးစိတ်စစ်ဆေးပြီး ဥပဒေအရ အရေးယူဆောင်ရွက်လျက်
ရှိကြောင်း၊ လုံခြံုရေးအစီအမံများကိုမူ မူလအတိုင်းထားရှိကြောင်း စစ်တွေခရိုင် ရဲတပ်ဖွဲ့မှူး
ဒုတိယရဲမှူးကြီးဝင်းနောင်က ပြောသည်။
မီးလောင်မှုဖြစ်ပွားသည့် အောင်မင်္ဂလာရပ်ကွက်သည် ဘင်္ဂါလီလူမျိုးများနှင့် ကမန်လူမျိုးများ
အများဆုံး နေထိုင်ရာ တစ်ခုတည်းသော စစ်တွေမြို့ပေါ်ရပ်ကွက်တစ်ခုဖြစ်သည်။
















