HEINEKEN Myanmar က ယာဉ်နှင့် လမ်းအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ အထောက်အကူပြု ပစ္စည်းများ လှူဒါန်း

HEINEKEN Myanmar က ယာဉ်နှင့် လမ်းအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ အထောက်အကူပြု ပစ္စည်းများ လှူဒါန်း

နယ်သာလန်အခြေစိုက် ဘီယာထုတ်လုပ်သည့် ကုမ္ပဏီကြီးတစ်ခုဖြစ်သည့် HEINEKEN ၏
မြန်မာနိုင်ငံရှိ HEINEKEN Myanmar က ယာဉ်အန္တရာယ်နှင့် လမ်းအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ
အထောက်အကူပြု ပစ္စည်းများကို ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနသို့
ပေးအပ်လှူဒါန်းခဲ့သည်။

အဆိုပါလှူဒါန်းခြင်းအခမ်းအနားကို မေလ ၅ ရက်နေ့က ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန
(ကညန) တွင် ပြု လုပ်ခဲ့ခြင်းဖြစ်ပြီး အရက်မူးတိုင်းကိရိယာ ၁၀၀ ခုနှင့် ပညာပေးစတေကာ ၂၇၀၀၀ ခု
တို့ကို HEINEKEN Myanmar ၏ Corporate Affairs Directorဖြစ်သူ မစ္စ Holly Bostock က
လှူဒါန်းခဲ့ရာ ကညန၊ ညွှန်ကြားရေးမှူးချုပ် ဦးဇော်မင်းဦးက လက်ခံရယူခဲ့သည်။

“၂၀၁၅ ခုနှစ်က စကတည်းက ကျွန်မတို့က ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်အသိပညာပေးတဲ့
အချက် ခုနစ်ချက်ကို ရွေးထုတ်ပြီးတော့ အသိပညာပေးခဲ့ပါတယ်၊ အဲဒီအချက်တွေထဲကနေ
တစ်ချက်ဖြစ်တဲ့ အရက်သေစာသောက်စားပြီး ကားမမောင်းရဘူးဆိုတဲ့ အချက်ကို ပိုပြီးအလေးထား
ဆောင်ရွက်ဖို့ ရည်ရွယ်ထားပါတယ်၊ အဲဒီအကြောင်းအချက်နဲ့ပဲ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်
ကင်းရှင်းရေးကောင်စီကို အခုလို အထောက်အကူ ပြုပစ္စည်းတွေကို လှူဒါန်းခြင်းဖြစ်ပါတယ်” ဟု
မစ္စ Holly Bostock က မြန်မာတိုင်း(မ်)ကို ပြောသည်။

ယာဉ်နှင့် လမ်းအန္တရာယ်ကင်းရှင်းစေရန် ပြည်သူများကို အသိပညာပေးခြင်းသည် အရေးပါသကဲ့သို့
အစိုးရ ဘက်ကလည်း ကြီးကြပ်၊ ကွပ်ကဲ၊ တားဆီး၊ အရေးယူမှုများ လိုအပ်ကြောင်း ၄င်းက ဆိုသည်။

“ဒါကြောင့်မို့ ကျွန်မတို့က အစိုးရကို တစ်ဘက်တစ်လမ်းကနေ ဒီပစ္စည်းတွေ ထောက်ပံ့ခြင်းအားဖြင့်
မြန်မာနိုင်ငံမှာရှိတဲ့ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်တွေကနေ လျှော့ချသွားဖို့
ရည်ရွယ်ထားပါတယ်” ဟု မစ္စ Holly Bostock က ပြောသည်။

ယခုလှူဒါန်းထားသည့် အရက်မူးတိုင်းကိရိယာ အခု ၁၀၀ အနက် ၉၀ ခုကို မြန်မာနိုင်ငံရဲတပ်ဖွဲ့
လက်အောက်ရှိ ယာဉ်ထိန်းရဲတပ်ဖွဲ့ကို ခွဲဝေပေးသွားမည်ဖြစ်ပြီး ကျန်ရှိသည့် ဆယ်ခုကိုမူ
ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦး စီးဌာနက ခွဲဝေရယူထားမည်ဖြစ်ကြောင်း ညွှန်ကြားရေးမှူး
ဦးလျန်ကျင့်မန်က ဆိုသည်။

ပညာပေးစတေကာများကိုလည်း မေလ ၈ ရက်မှ ၁၄ ရက်နေ့အထိ ပြုလုပ်မည့် ယာဉ်အန္တရာယ်၊
လမ်းအန္တရာယ် ကင်းရှင်းရေးဆိုင်ရာ လှုပ်ရှားမှုတွင် ဖြန့်ဝေပေးသွားမည်ဟု ၄င်းက ပြောသည်။

“အဓိကကတော့ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းဖို့ဆိုတာ တစ်ဦးတစ်ယောက်တည်း
လုပ်လို့မရပါဘူး၊ အားလုံးဝိုင်းပြီးတော့ လုပ်ရမှာဖြစ်ပါတယ်၊ တစ်ဦးချင်း ကိုယ်တိုင်ကစပြီး လုပ်ရမှာပါ၊
အဲ့ဒါမှ ကျွန်တော်တို့နိုင်ငံမှာ ယာဉ်တိုက်မှုတွေ လျော့ကျသွားမှာ ဖြစ်ပါတယ်” ဟု ဦးလျန်ကျင့်မန်က
ဆိုသည်။

ယာဉ်ထိန်းရဲတပ်ဖွဲ့၏ စာရင်းအချက်အလက်များအရ ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်က ယာဉ်တိုက်မှုပေါင်း
၁၆၅၆၈ မှု ဖြစ်ပေါ်ခဲ့ရာ ထိခိုက်မှုပေါင်း ၂၆၃၇၅ ခု ရှိခဲ့ပြီး သေဆုံးသူဦးရေ စုစုပေါင်း ၄၆၈၈ ဦး
ရှိခဲ့သည်။

“၂၀၁၃ခုနှစ်တုန်းက ယာဉ်တိုက်ခိုက်မှုကြောင့် သေဆုံးတာက အခြေခံနှစ်ဖြစ်တယ်၊ သေဆုံးသူ
လေးထောင်လောက်ရှိတဲ့ဟာကို ၂၀၂၀ ခုနှစ်မှာ သေဆုံးသူ တစ်ထောင်လောက်လျော့ကျဖို့
ခန့်မှန်းထားပါတယ်” ဟု ညွှန်ကြားရေးမှူးက ပြောသည်။

မြန်မာနိုင်ငံ၏ ယာဉ်တိုက်မှုကြောင့် သေဆုံးသူ၏ ထက်ဝက်ကျော်မှာ ဆိုင်ကယ်စီးဦးထုပ်မဆောင်းဘဲ
မောင်းနှင်ကြသူများ ဖြစ်သည်။

ထို့အပြင် မော်တော်ယာဉ်မောင်းနှင်သူနှင့် စီးနင်းလိုက်ပါသူများအနေဖြင့်လည်း အသက်ကယ်
ထိုင်ခုံခါးပတ် ပတ်ကြပါက အသက်အန္တရာယ်မှ ကင်းဝေးနိုင်မည်ဖြစ်ကြောင်းလည်း ၄င်းက
သတိပေး ပြောကြားခဲ့သည်။

“ဆိုင်ကယ်စီးဦးထုပ် ဆောင်းကြပါ၊ အသက်ကယ်ထိုင်ခုံခါးပတ် ပတ်ကြပါ၊ အဲ့ဒီလိုဆိုရင်
ယာဉ်မတော်တစ်ဆ ဖြစ်ခဲ့ရင်တောင် အသက်အန္တရာယ်ထိခိုက်မှုကို လျော့နည်းစေမှာ
ဖြစ်ပါတယ်” ဟု ဦးလျန်ကျင့်မန်က ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး