ရခိုင်ပြည်နယ်အတွင်းရှိ ဒုက္ခသည်စခန်းများအား ဒေသတွင်း ပြန်လည်နေရာချထားရေး လုပ်ငန်းများကို
ငါးနှစ်အတွင်း အပြီးသတ် လုပ်ဆောင်နိုင်ရန် ကြိုးစားသွားမည်ဖြစ်ကြောင်း၊ ပြည်သူများလက်တွဲ
ပါဝင်ပါက အောင်မြင်နိုင်မည်ဖြစ်ကြောင်း လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး
ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက မေလ ရ ရက်နေ့က
မြန်မာတိုင်း(မ်)သို့ပြောသည်။
“နေရာချထားရေးကိစ္စကို မလုပ်ခင် စခန်းတွေအတွင်းမှာရှိတဲ့ လူတွေရဲ့ဖွံ့ဖြိုးတိုးတက်မှုဆိုတာကို
အရင်လုပ်ရတယ်။ သူတို့ကိုအမြဲတမ်းကူညီထောက်ပံ့နေလို့မရဘူး၊ သူတို့ကိုယ်တိုင်
အသက်မွေးဝမ်းကျောင်း ပညာတတ်သွားရမယ်။ ဒါမှသာ စခန်းတွေကနေ ပြန်လည်နေရာချထားတဲ့
အချိန်မှာ သူတို့တွေကို အလုပ်အကိုင်အခွင့်အလမ်းတွေ ဖော်ဆောင်ပေးလိုက်မယ်ဆိုရင်
အခြေကျနေထိုင်လာနိုင်မယ်” ဟု ဒေါက်တာဝင်းမြတ်အေး ကဆိုသည်။
ပြည်နယ်အတွင်းရှိ စခန်းများအနက် ကျောက်ဖြူ၊ ရမ်းဗြဲနှင့် ပေါက်တောမြို့နယ်တို့ရှိ စခန်း သုံးခုကို
ဦးစွာဆောင်ရွက်နေပြီး ကျောက်ဖြူမြို့နယ်ရှိ ရခိုင်ဒုက္ခသည်စခန်းတစ်ခုအား ဧပြီလတွင်းက
ရွှေ့ပြောင်းပြီးဖြစ်ကြောင်း၊ ထို့ပြင် ရမ်းဗြဲရှိ ကမန်ကင့်နှင့် ပေါက်တောမြို့နယ်ရှိ ကင့်တို့အား
ရွှေ့ပြောင်းရန် အဆိုပါနေရာနှင့် အနီးပတ်ဝန်းကျင်တွင် လုံးချင်းအိမ်များ ဆောက်လုပ်ပေးလျက်
ရှိကြောင်း၊ ပေါက်တောမြို့နယ်ရှိ ကင့်မှာ ကမန်နှင့် ဘင်္ဂါလီရောနေသဖြင့် စနစ်တကျစိစစ်ပြီး
စနစ်တကျနေရာချထားနိုင်ရန် စတင်လုပ်ဆောင်နေကြောင်း ဒေါက်တာဝင်းမြတ်အေး၏
ပြောပြချက်အရသိရသည်။
“နောက်ထပ်ကျန်တဲ့ ကင့်တွေကိုလည်း တဖြည်းဖြည်းနဲ့ ပိတ်သိမ်းသွားမှာပါ။ စစ်တွေမှာရှိတဲ့
ကင့်တွေကိုလည်း တဖြည်းဖြည်းရွှေ့ပြောင်းသွားမှာပါ။ ကင့်တွေ ရွှေ့ဖို့အတွက် ဒေသခံတွေ၊
အဖွဲ့အစည်းတွေနဲ့ ဆွေးနွေးပြီးတော့ အဆင်ပြေတဲ့နေရာတွေကို အရင်ရွှေ့နေတာဖြစ်ပါတယ်” ဟု
ဒေါက်တာဝင်းမြတ်အေးက ဆိုသည်။
ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ပဋိပက္ခဖြစ်ပွားသောနေရာများမှ မီးလောင်ပြင်များတွင် နေထိုင်သူများတွင်
အချို့ကဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးတိမ်းရှောင်သွားသူများရှိကြောင်း၊ ပြန်လာသူများကိုလည်း
စာရင်းကောက်ယူလျက်ရှိကြောင်း၊ ထွက်ပြေးတိမ်းရှောင်သူများ ပြန်လာသည့်အခါ မီးလောင်ပြင်
နေရာများတွင် ပြန်လည်နေရာချထားပေးနိုင်ရေးအတွက် အဆောက်အဦးများဆောက်လုပ်ရန်
ခန့်မှန်းငွေတွက်ချက်နေပြီး တချို့နေရာများတွင် ငွေချထားပေးပြီးဖြစ်ကြောင်း ၎င်းကဆိုသည်။
ထို့ပြင် မိုးမကျမီ ပြန်လည်ပြုပြင်ရန် လိုအပ်သော ကင့်များအား ပြုပြင်သွားမည်ဖြစ်ကြောင်း၊
အသစ်ဆောက်လုပ်သည့် လုပ်ငန်းများအားလည်း အင်တိုက်အားတိုက် လုပ်ဆောင်နေသကဲ့သို့
ပြုပြင်ရမည့်အပိုင်းများကိုလည်း လုပ်ဆောင်သွားမည်ဖြစ်ကြောင်းလည်း ၎င်းကပြောသည်။















