စိတ်ကျန်းမာရေးဆေးရုံများတွင် ပြင်းထန်လူနာများကို ဦးနှောက်အတွင်း လျှပ်စစ်လှိုင်းလွှတ်သည့် နည်းဖြင့် ကုသပေးနေ

စိတ်ကျန်းမာရေးဆေးရုံများတွင် ပြင်းထန်လူနာများကို ဦးနှောက်အတွင်း လျှပ်စစ်လှိုင်းလွှတ်သည့် နည်းဖြင့် ကုသပေးနေ

ရန်ကုန်စိတ်ကျန်းမာရေးဆေးရုံကြီး (ရွာသာကြီး)၊ မန္တလေးစိတ်ကျန်းမာရေးဆေးရုံကြီးနှင့် တပ်မတော်
စစ်ဆေးရုံများတွင် စိတ်ရောဂါ ဝေဒနာပြင်းထန်သည့် လူနာများအတွက် Brain Stimulation Unit
အမည်ရှိ ဌာနသစ်များ ဖွင့်လှစ်ထားပြီး ဦးနှောက်အတွင်း လျှပ်စစ်လှိုင်းလွှတ်သည့် နည်းဖြင့်
ကုသပေးနေကြောင်း တပ်မတော်ဆေးတက္ကသိုလ်၊ စိတ်ကျန်းမာပညာဌာနမှ ပါမောက္ခ/ဌာနမှူး
ဒေါက်တာဉာဏ်ဝင်းကျော်က ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း ပြောသည်။

"လျှပ်စစ်လှိုင်းနဲ့ ဦးနှောက်ကို လှုံ့ဆွပြီးကုပေးတဲ့နည်း ဖြစ်ပါတယ်။ မေ့ဆေးနဲ့တွဲပြီး စနစ်တကျ
လျှပ်စစ်လှိုင်းလွှတ်ပေးရတယ်။ ရောဂါအလိုက် ကုပေးရတာ မတူဘူး။ လိုအပ်တဲ့ လူနာကိုပဲ
ကုသပေးတာဖြစ်ပါတယ်။ စိတ်ကုထုံးနဲ့ရော၊ ဆေးဝါးအထောက်အကူနဲ့ပါ ကုသလို့ အဆင်မပြေတဲ့
လူနာတွေအတွက် မြန်မြန်ပျောက်ဖို့လိုတဲ့ လူနာတွေဆိုရင် ဘုတ်အဖွဲ့ ဆုံးဖြတ်ချက်နဲ့
ကုသပေးနေပါတယ်" ဟု ၎င်းက ပြောသည်။

အဆိုပါ ဦးနှောက်အတွင်း လျှပ်စစ်လှိုင်းလွှတ်သည့် နည်းဖြင့် ကုသရာတွင် ရောဂါအခြေအနေအပေါ်
မူတည်၍ အနည်းဆုံး သုံးကြိမ်၊ သို့မဟုတ်၊ ခြောက်ကြိမ်မှ ၁၂ ကြိမ်အထိ ကုသမှုခံယူရန်
လိုအပ်သည်ဟု ဒေါက်တာ ဉာဏ်ဝင်းကျော်က ပြောသည်။

"ဒီကုသနည်းက မေ့ဆေးဆရာဝန်နဲ့ စိတ်ရောဂါဆရာဝန်တွေ ဘုတ်အဖွဲ့တိုင်ပင်ပြီး လိုအပ်မှ
ကုသပေးတာ ဖြစ်ပါတယ်"ဟု ၎င်းက ပြောသည်။

ရန်ကုန်ရှိ တပ်မတော်ဆေးရုံတွင် အဆိုပါ ဌာနကို ပြီးခဲ့သည့် ဇန်နဝါရီလက စတင် ဖွင့်လှစ်ခဲ့ပြီး
တစ်ပတ်လျှင် နှစ်ရက်ခန့် ဖွင့်လှစ်ထားကာ လူနာ ၁၀ ဦး ၀န်းကျင်ခန့် ကုသပေးလျက်ရှိသည်။
စိတ်ရောဂါဝေဒနာ ပြင်းပြင်းထန်ထန်ခံစားနေရသည့် လူနာများ ကို အဆိုပါခေတ်မီစက်ဖြင့်
ကုသပေးနေပြီး သက်ကြီးရွယ်အိုများ၊ ကိုယ်ဝန်ဆောင်နှင့် အခြားသော ဆေးဒဏ်မခံနိုင်သည့်
လူနာများကို ကုသပေးခြင်းဖြစ်သည်ဟု ဆေးတက္ကသိုလ် (၁) ရန်ကုန်၊ စိတ်ကျန်းမာပညာဌာနမှ
ပါမောက္ခ/ဌာနမှူး ဒေါက်တာတင်ဦးက ပြောသည်။

"စိတ်ကျရောဂါဖြစ်နေတဲ့ သူတစ်ယောက်က ကိုယ်ကိုယ်ကိုယ် အဆုံးစီရင်ချင်နေတာ မျိုး၊ ဆေးနဲ့
ကုသလို့လည်း မရတော့ဘူးဆိုရင် ဒီနည်းနဲ့ဆိုရင် မြန်မြန်သက်သာတယ်ပေါ့။ အတွေ့အကြံုအရ
သူက စိတ်ကျနေတဲ့ သူဆိုရင် ဒီစက်နဲ့ နှစ်ကြိမ်၊ သုံးကြိမ်ကုပြီးရင် ကောင်းသွားတယ်။ ဆေးဆိုရင်
ဆေးအာနိ သင်ပြဖို့အတွက် စောင့်ရတာမျိုးရှိတယ်။ ဆေး ဒဏ်ကြောင့် ကိုယ်ဝန်ဆောင်တွေ မိခင်ရော
သန္ဓေသားထိခိုက်မှာ၊ သက်ကြီးရွယ်အိုတွေ၊ မြန်မြန်သေချင်နေတဲ့သူ စောင့်ရှောက်ဖို့ ခက်တဲ့သူတွေ
ဆိုရင် ဒီနည်းနဲ့ကုသလို့ရတယ်"ဟု ၎င်းက ပြောသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတွင် လေးဦးလျှင် တစ်ဦးခန့် စိတ်ကျန်းမာရေး
ပြဿနာ၊  သို့မဟုတ် ဦးနှောက် နှင့် အာရုံကြောဆိုင်ရာ ပြဿနာတစ်ခုခုကို ခံစားနေရပြီး စိတ်ကျန်းမာရေး
ပြဿနာခံစားသူများ၏ သုံးပုံနှစ်ပုံသည် စနစ်တကျ ကုသမှုခံယူခြင်း မရှိဟု ဆိုသည်။

မြန်မာနိုင်ငံတွင် စိတ်ကျန်းမာရေးဆရာဝန်ပေါင်း ၂၃၀ ခန့်ရှိပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန
လက်အောက်တွင် ရ၅ ဦးခန့်သာရှိပြီး၊ ကျန်အရေအတွက်မှာ စစ်ဆေးရုံနှင့် ပြင်ပတွင်
လုပ်ကိုင်နေသူများ ဖြစ်သည်ဟု ဒေါက်တာတင်ဦးက ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး