မြန်မာနိုင်ငံဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေး အနှစ်၂၀ စီမံကိန်းသစ်ကို ၂၀၁၃ ခုနှစ်၊ နှစ်ဆန်းပိုင်းတွင်
ထုတ်ပြန်မည်ဟု အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး
ဒေါက်တာကံဇော်က ဒီဇင်ဘာလ ၅ ရက်တွင် ပြောသည်။
"မြန်မာ့ဘက်စုံ ဖွံ့ဖြိုးရေးစီမံကိန်း ၂၀၁၁ - ၂၀၃၁ ကို ရေးဆွဲနေပါတယ်။ ဒီစီမံကိန်းမှာ ငါးနှစ်စီမံကိန်း
လေးခုပါ ပါမယ်။ စီမံကိန်းက သူ့အချိန်တန်ရင် အားလုံးကို အသိပေးပြီးလုပ်မှာပါ။ ၂၀၁၃ အစပိုင်း
လောက်မှာ ထွက်မှာပါ" ဟု ဒီဇင်ဘာ ၅ နှင့် ၆ ရက်တွင် ရန်ကုန် မြို့၊ ဆီဒိုးနားဟိုတယ်၌ ကျင်းပ
သည့် ASEAN 100 Leadership Fourm တွင် မီဒီယာများသို့ ပြောသည်။
စီမံကိန်းသစ်တွင် အများပြည်သူ ဗဟိုပြု ဖွံ့ဖြိုးတိုးတက်မှု (People centered development)
လုပ်နည်းလုပ်ဟန်ကို အခြေခံသည်ဟု ၀န်ကြီးက ပြောသည်။
"ငါးနှစ်စီမံကိန်း တစ်ခုတစ်ခုရဲ့ သက်တမ်းအတွင်းမှာ သူ့ရဲ့ရည်မှန်း ချက်တွေထားပြီးတော့ အထူး
သဖြင့်တော့ ပြည်သူဗဟိုပြု ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်ကို အကောင်အထည်ဖော်မှာ ဖြစ်ပါတယ်"
ဟု ၎င်းက ပြောသည်။
အများပြည်သူ ဗဟိုပြုဖွံ့ဖြိုး တိုးတက်မှုမှာ စီးပွားဥစ္စာသက်သက် တိုးတက်စေမှုသည် လူသားဘဝ
ဖွံ့ဖြိုးရေးကို အကျိုးမပြုဟုလက်ခံလျက် လူမှုရေး၊ နိုင်ငံရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး
တန်ဖိုးထားမှုဆိုင်ရာနှင့် လုပ်နည်းလုပ်ဟန်ဟောင်းများကို ပြုပြင်ကာ ရပ်ရွာဒေသခံများ၏ မိမိဘာ
သာ အသက်မွေးဝမ်းကျောင်း ရပ်တည်နိုင်မှု၊ လူမှုရေးမျှတမှု၊ အဆုံးအဖြတ်များ ပါ၀င်ချမှတ်နိုင်မှုတို့
အပေါ် အဓိကထား ဆောင်ရွက်သည့် နိုင်ငံတကာဖွံ့ဖြိုး တိုးတက်ရေးဖော်ဆောင်မှု နောက်ဆုံးပေါ်
နည်းတစ်ရပ်ဖြစ်သည်။
မြန်မာဘက်စုံ ဖွံ့ဖြိုးရေးစီမံကိန်းသစ်ကို အဆိုပါ၀န်ကြီးဌာန၊ စီမံကိန်းရေးဆွဲရေးဦးစီးဌာနက တာဝန်
ယူရေးဆွဲလျက်ရှိပြီး Economic Research Institute for ASEAN and East Asia ၊ အာရှ ဖွံ့ဖြိုး
ရေးဘဏ်၊ ကုလသမဂ္ဂ စသည့် အဖွဲ့ အစည်းများမှ ပညာရှင်များက အကြံဉာဏ်ပံ့ပိုးသည်ဟု သိရ
သည်။
စီမံကိန်းသစ်သည် ချမှတ်ပြီးဖြစ်သည့် ဆင်းရဲမွဲတေမှုပပျောက်ရေး လမ်းပြ မြေပုံရှစ်ချက်နှင့် ချိတ်
ဆက်မည်ဟုလည်း ၀န်ကြီးက ပြောသည်။
"ဆင်းရဲမွဲတေမှုပပျောက်ရေး လမ်းပြ မြေပုံရှစ်ချက်က နေ့စဉ်အကောင်အထည်ဖော်နေတယ်။ လစဉ်
အကောင်အထည်ဖော်နေတယ်။ အဲဒါနဲ့ ဒီစီမံကိန်း နဲ့ ဒါအဓိကဆက်သွယ်တာပေါ့"ဟု ၎င်းက ပြော
သည်။















