ပြည်ပအလုပ်အကိုင် ရှာဖွေရေး အေဂျင်စီများ လုပ်ငန်းလိုင်စင်အတွက် အာမခံကြေး ကျပ်သိန်း ၅၀၀
ပေးသွင်းရန် ညွှန်ကြားထားမှုကို ပြန်လည်သုံးသပ် ညှိနှိုင်းလျက်ရှိကြောင်း အလုပ်သမား၊ လူဝင်မှု
ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန၊ ရွှေ့ပြောင်းအလုပ်သမားရေးရာဌာန ညွှန်ကြားရေးမှူး
ဦးသိန်းဝင်းက ပြောသည်။
"အမိန့်ညွှန်ကြားချက်ထုတ်ပြီး နောက်ပိုင်း အေဂျင်စီ တွေဘက်က စာတင်လာတဲ့ အပိုင်းတွေရှိတော့
ကျွန်တော်တို့ ပြန်လည်ညှိနှိုင်းနေဆဲပဲ။ ပြီးသွားရင်တော့ ဘယ်နေ့မှာ ဘယ်လောက်ကို
ဘယ်လိုပေးသွင်းရမယ်ဆိုတာ အေဂျင်စီတွေကို အသေးစိတ် ပြန်လည်အကြောင်းကြားပေးပါမယ်"ဟု
၎င်းက ပြောသည်။
ပြည်ပအလုပ်အကိုင် ရှာဖွေရေးအေဂျင်စီ လုပ်ငန်းလိုင်စင်အတွက် အာမခံကြေးကို ကျပ်သိန်း ၅၀ မှ
ကျပ်သိန်း ၅၀၀ အထိ ပေးသွင်းရန် အလုပ်သမားဝန်ကြီးဌာနက ယခုနှစ် မတ်လအတွင်းက
သတ်မှတ်ခဲ့ခြင်းဖြစ်ပြီး အဆိုပါ အာမခံကြေးနှုန်းထားသည် များပြားလွန်းသဖြင့် လျှော့ပေါ့ပေးရန်
အေဂျင်စီများ က တောင်းဆိုခဲ့သည်။
အဆိုပါ အာမခံကြေးနှုန်းထားကို တိုးမြှင့်သတ်မှတ်ပြီး နောက် သုံးလအတွင်း ပေးသွင်းရန်
အလုပ်သမားဝန်ကြီးဌာနက သတ်မှတ်ခဲ့ ခြင်းဖြစ်ပြီး ထိုကိစ္စရပ်အပေါ် အေဂျင်စီများက
ပြည်ထောင်စုလွှတ်တော် ဥပဒေများနှင့် အထူးကိစ္စရပ်များလေ့လာဆန်းစစ်ရေးကော်မရှင်ကို
ကြားဝင်ညှိနှိုင်းပေးရန် တင်ပြတောင်းဆိုခဲ့ရာ ကော်မရှင်ဥက္ကဋ္ဌ သူရဦးရွှေမန်းက သက်ဆိုင်ရာ
၀န်ကြီးဌာနများ အပါအဝင်၊ အေဂျင်စီများကို ဖိတ်ကြားပြီး ကြားဝင်အကြံပြု ညှိနှိုင်းအစည်းအဝေးကို
မတ် ၂၁ ရက်တွင် ပြုလုပ်ခဲ့သည်။
"အာမခံကြေး ကျပ်သိန်း ၅၀၀ အထိ တိုးမြှင့်ခြင်းသည် မူလဥပဒေမဟုတ်ဘဲ အမိန့်ကြေညာစာကို
ထုတ်ပြန်ခြင်းဖြစ်သည့်အတွက် ရှေ့နောက် ညီညွတ်ခြင်း ရှိ၊မရှိနှင့် ဘေးထွက် ဆိုးကျိုးများ ရှိ၊ မရှိကို
စဉ်းစားရန် လိုအပ်ပြီး အပြစ်ကျူးလွန်သည့် အေဂျင်စီအချို့အတွက် စည်းကမ်းလိုက်နာသည့်
အေဂျင်စီများအပေါ် စည်းကမ်းတင်းကျပ်ခြင်းသည် ကြိုတင် ကာကွယ်ရာမရောက်သည့်အတွက်
အေဂျင်စီများကို ၀န်ထုပ်ဝန်ပိုး မဖြစ်စေသင့်ကြောင်း" ဟု သူရဦးရွှေမန်းက ထိုအစည်းအဝေးတွင်
ပြောကြားခဲ့သည်။
အေဂျင်စီများသည် တိုင်းပြည်၏ အလုပ်အကိုင်အခွင့်အလမ်း ရှားပါးမှုကို ဖြေရှင်းပေးနေသည်ဟု
ရှုမြင်ပြီး အာမခံကြေး ကျပ်သိန်း ၅၀၀ အစား အေဂျင်စီများ အဆိုပြုထားသည့် အာမခံကြေး
ကျပ်သိန်း ၁၅၀ မှာ ကျိုးကြောင်း ဆီလျော်သည့် တင်ပြချက်ဖြစ်သည့်အတွက်
လက်ခံစဉ်းစားသင့်ကြောင်း ၎င်းက ပြောသည်။
"သူရဦးရွှေမန်းက နိုင်ငံတော်အစိုးရရုံးက ညွှန်ချုပ်ဆီကို စာပို့ပေးထားတယ်။ အဲဒီစာ ထွက်ပြီး
နောက်ပိုင်းကတည်းက ကျွန်တော်တို့ဆီကို ဘာမှ အကြောင်းကြားစာ မလာသေးဘူး"ဟု
မြန်မာပြည်ပအလုပ်အကိုင် ၀န်ဆောင်မှုများအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးကျော်ထင်ကျော်က
ပြီးခဲ့သည့်ရက်သတ္တပတ်အတွင်း ပြောသည်။
လုပ်ငန်းလည်ပတ်ရန် အခက်အခဲရှိနေသည့်အတွက် အာမခံကြေး ကျပ်သိန်း ၁၅၀ သတ်မှတ်ပေးရန်နှင့်
ခြောက်လအတွင်း အရစ်ကျဖြင့် ပေးသွင်းခွင့်ပြုရန်၊ စည်းကမ်းမလိုက်နာသည့် အေဂျင်စီများကို
ဥပဒေ၊ စည်းမျဉ်းများဖြင့်သာ ကြပ်မတ်ခြင်းသည် သင့်လျော်ကြောင်း၊ အေဂျင်စီများအပေါ်တွင်
အဆမတန်သည့် ငွေကြေးဖြင့် မထိန်းချုပ်သင့်ကြောင်း အေဂျင်စီများက တောင်းဆိုထားသည်။
အာမခံကြေး ကျပ်သိန်း ၅၀၀ တိုးမြှင့်ကောက်ခံမည့်ကိစ္စကို ၂၀၁၄ ခုနှစ်ကတည်းက အသိပေး
ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ထားပြီး အာမခံကြေးတိုးမြှင့်ရခြင်းသည် အေဂျင်စီများ၏
စည်းကမ်းချိုးဖောက်ခြင်းခံရမည့် အလုပ်သမားများကို ကာကွယ်ပေးလိုက်ခြင်းဖြစ်ကြောင်း
အလုပ်သမားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်က ပြောသည်။
အာမခံကြေးသိန်း ၅၀၀ ကို ယခုနှစ် မတ်လ မှ မေလအတွင်းပေးသွင်းရန် အလုပ်သမားဝန်ကြီးဌာနက
မတ်လအတွင်း ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်ပြီး အမိန့်ညွှန်ကြားချက်အရ အာမခံကြေးပေးသွင်းနိုင်ခြင်း
မရှိသည့် အေဂျင်စီများ လုပ်ငန်းအလိုအလျောက် ရပ်ဆိုင်းရမည်ဖြစ်သည်။
မြန်မာပြည်ပအလုပ်အကိုင် ၀န်ဆောင်မှုများအဖွဲ့ချုပ်၏ စာရင်းများအရ လက်ရှိတွင်
တရားဝင် ပြည်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီပေါင်း ၂၄၇ ခုရှိပြီး ၁၄ ခုကို ၀န်ကြီးဌာနက
ယာယီပိတ်သိမ်းထားသည်။















