ကလေးငယ်များ လက်လှမ်းမီစေရန် ကာကွယ်ဆေးထိုး စုရပ်နှင့် ဆေးခန်းများ တိုးချဲ့ဖွင့်လှစ်သွားမည်

ကလေးငယ်များ လက်လှမ်းမီစေရန် ကာကွယ်ဆေးထိုး စုရပ်နှင့် ဆေးခန်းများ တိုးချဲ့ဖွင့်လှစ်သွားမည်

ရွှေ့ပြောင်းကလေးငယ်များ အပါအဝင် အကြောင်းအမျိုးမျိုးကြောင့် ကာကွယ်ဆေး အပြည့်အဝ
မရရှိသည့် ကလေးငယ်များ ကာကွယ်ဆေး အားလုံးလက်လှမ်းမီရရှိစေရန် ကာကွယ်ဆေးထိုးနှံနိုင်မည့်
နေရာများ တိုးချဲ့ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး
ဒေါက်တာထားထားလင်းက ပြောသည်။

ကလေးများပုံမှန်ကာကွယ်ဆေးထိုး အစီအစဉ်ကို ဒေသန္တရနှင့် မြို့နယ်ကျန်းမာ ရေးဌာနများ၊
ကျေးလက်ကျန်းမာရေးဌာနများနှင့် အချို့သောဆေးရုံကြီးများတွင် ဆောင်ရွက်နေပြီး လူထုအနေဖြင့်
ပိုမို လက်လှမ်းမီစေရန် ယခုအခါ ခုတင် ၁၀၀ နှင့်အထက် ဆေးရုံကြီးများတွင်လည်း
ကာကွယ်ဆေးထိုးဆေးခန်းများကို တိုးချဲ့ဖွင့်လှစ်ခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

မေလမှ စတင်ကာ ဆေးရုံပေါင်း ၉၈ ရုံတွင် ကာကွယ်ဆေးထိုးဆေးခန်းများ ဖွင့်လှစ်ကာ ၀န်ဆောင်မှု
ပေးသွားမည်ဖြစ်ပြီး၊ လူထုအခြေပြု ဆေးခန်းများတွင်လည်း ကာကွယ်ဆေးထိုးစုရပ်များ
သီးခြားဖွင့်လှစ်နိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်သည်။

လာမည့်သုံးနှစ်အတွက် ကလေးများ ကာကွယ်ဆေးထိုးအစီအစဉ်တွင် ကာကွယ်ဆေးအသစ်
သုံးမျိုး ထည့်သွင်းနိုင်ရန် ကြိုးပမ်းနေပြီး ၂၀၁၈ ခုနှစ်တွင် ဂျပန်ဦးနှောက်ရောင်ရောဂါ၊ ၂၀၁၉ ခုနှစ်တွင်
ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်စေသည့် ရိုတာဗိုင်းရပ်စ် ကာကွယ်ဆေးနှင့် ၂၀၂၀ တွင်
သားအိမ်ခေါင်ကင်ဆာကာကွယ်ဆေးကို ထည့်သွင်းနိုင်ရန် စီစဉ်နေကြောင်း
ဒေါက်တာထားထားလင်းက ပြောသည်။

တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် ကာကွယ်ဆေးလွှမ်းခြံုနိုင်မှုမှာ ၈၀ ရာခိုင်နှုန်းမှ
၉၀ ရာခိုင်နှုန်းသာရှိသည့်အတွက် ကာကွယ်ဆေးအပြည့်အဝ မရရှိသည့် ကလေးပေါင်းမှာ
နှစ်စဉ် ၁၀ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းခန့်ရှိသည်ဟု ဆိုသည်။

လက်ရှိတွင် ကလေးတစ်ဦးအတွက် ကာကွယ်ဆေး ၁၀ မျိုး ထိုးနှံပေးနိုင်ရန် အမေရိကန်ဒေါ်လာ ၅၀ ခန့်
ကုန်ကျပြီး ၂၀၁၆-၁၇ ဘဏ္ဍာနှစ်က ကလေးတစ်ဦးအတွက် ၆ ဒသမ ရ ဒေါ်လာကို အစိုးရက
ကုန်ကျခံခဲ့ကာ နိုင်ငံတကာ အဖွဲ့အစည်းဖြစ်သည့် GAVI မှ ၄၃ ဒေါ်လာခန့် ကုန်ကျခံခဲ့သည်ဟု
၎င်းက ပြောသည်။

ကလေးများ ကာကွယ်ဆေးထိုးအစီအစဉ်တွင် မွေးကင်းစမှ အသက် ၁၈ လအထိ ကာကွယ်ဆေး
၁၀ မျိုး ထိုးနှံပေးနေပြီး ပြင်းထန် တီဘီရောဂါ၊ အသည်းရောင်အသားဝါဘီ၊ ငါးမျိုးစပ်ကာကွယ်ဆေး၊
ပိုလီယို၊ ပြင်းထန်အဆုတ်ရောင်၊ ဦးနှောက်အမြှေးရောင်၊ ၀က်သက်၊ ဂျိုက်သိုးစသည့်
ကာကွယ်ဆေးထိုးနှံပေးလျက်ရှိသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး