သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် တွေ့ဆုံခြင်းသည် ပြည့်စုံသော အစီရင်ခံစာကို ရေးသားရန် အထောက်အကူပြုစေနိုင်ဟုဆို

သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် တွေ့ဆုံခြင်းသည် ပြည့်စုံသော အစီရင်ခံစာကို ရေးသားရန် အထောက်အကူပြုစေနိုင်ဟုဆို

သက်ဆိုင်ရာအဖွဲ့အစည်းပေါင်းစုံနဲ့တွေ့ဆုံပြီး စကားသံများကိုနားထောင်ကာ ၎င်းတို့၏
အကြံဉာဏ်များကို အပြီးသတ်အစီရင်ခံစာတွင် ထည့်သွင်းဖော်ပြခြင်းအားဖြင့် ပြီးပြည့်စုံသော
အစီရင်ခံစာရေးသားရန် အထောက်အကူပြုစေနိုင်ကြောင်း ရခိုင်ပြည်နယ်ဆိုင်ရာ
အကြံပေးကော်မရှင်အဖွဲ့ဝင် ဦးဝင်းမြက မေလ ၉ ရက်နေ့တွင် ပြောသည်။

“ကြားဖြတ်အစီရင်ခံစာနဲ့ ပတ်သက်ပြီး ရခိုင်အဖွဲ့အစည်းတွေက လက်ခံတာတွေလဲ ရှိတယ်။
လက်မခံဘူးလို့ ငြင်းဆန်တာတွေလဲရှိတယ်။ ဒါပေမယ့် နိုင်ငံတော်ပိုင်းကတော့ ဒါကိုထောက်ခံတဲ့
အပြင် မြေပြင်အခြေအနေ ပေါ်မူတည်ပြီး အကောင်အထည်ဖော်ဆောင်ရွက်သွားမယ်လို့
ပြတ်ပြတ်သားသား သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်ပါတယ်။ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင်များနဲ့တွေ့ဆုံတဲ့
အခါလည်း အစီရင်ခံစာပါအကြံပြုချက်တွေကို စနစ်တကျ လုပ်ဆောင်နေတာကိုသိရလို့
အားရကျေနပ်မိပါတယ်။”ဟု ဦးဝင်းမြကဆိုသည်။

ကော်မရှင်အနေဖြင့် ကြားဖြတ်အစီရင်ခံစာတွင် အစိုးရအနေနှင့် အမြန်ဆုံး အကောင်အထည်ဖော်ရန်
လိုအပ်သည့် အချက်များကို အဓိကချပြသွားခြင်းဖြစ်ကြောင်း၊ ကော်မရှင်၏ သက်တမ်းမှာ တစ်နှစ်သာ
ရှိသည့်အတွက် အကြံပြုချက်များ အားလုံးကို အစိုးရမှ လုပ်မလုပ်ကို စောင့်ကြည့်ရန်၊ အဆိုပါ
အကြံပြုချက်များကို ပြန်လည် ဆန်းစစ်ရန် အချိန်ရှိမည် မဟုတ်ကြောင်း ကော်မရှင်အဖွဲ့ဝင်
Mr. Ghassan Salame ကပြောသည်။

“အပြီးသတ်အစီရင်ခံစာရေးဖို့အတွက် ရခိုင်ဘက်ကအဖွဲ့အစည်းတွေ၊ လွှတ်တော်နဲ့ရော
အဖွဲ့အစည်း အားလုံးကိုတွေ့မှ ဖြစ်မှာပါ။ ဒါကြောင့် စိတ်သဘောထားမတိုက်ဆိုင်တာရှိရင်၊
အကြံပြုချင်တာတွေရှိရင် ကျွန်တော်တို့ဘက်က ကြိုဆိုနေပါတယ်”ဟု Mr. Ghassan Salame က
ဆိုသည်။

ကော်မရှင်အဖွဲ့လာရောက်ရခြင်းမှာ မကြာသေးမီက ထုတ်ပြန်ခဲ့သည့် ကြားဖြတ်အစီရင်ခံစာနှင့်
ပတ်သက်၍ ဖြစ်ပေါ် တိုးတက်မှုများကို သိရှိနိုင်ရန်နှင့် သြဂုတ်လတွင် ထုတ်ပြန်သွားမည့် အပြီးသတ်
အစီရင်ခံစာအတွက် သက်ဆိုင်သူများထံမှ အကြံပြုချက်များ ရယူရန်အတွက် တွေ့ဆုံပွဲမှုများ
ပြုလုပ်ရန်လာရောက်ခြင်းဖြစ်ကြောင်း ကော်မရှင်အဖွဲ့ဝင် ဒေါ်စောခင်တင့်က ပြောသည်။

“ပြည်သူကိုကိုယ်စားပြုထားတဲ့ ရခိုင်လွှတ်တော်ကလဲ ဒီကော်မရှင်ရဲ့ ဖြစ်တည်မှုနဲ့
လုပ်ဆောင်ချက်များကို အသိအမှတ် မပြုဘူးလို့ အတည်ပြု ဆုံးဖြတ်ပြီးသားဖြစ်တယ်၊ ပြည်သူတွေ
အနေနဲ့လည်း ဒီကော်မရှင်ကို အလိုမရှိဘူးလို့ဆန္ဒထုတ်ဖော်ခဲ့ပြီးဖြစ်တယ်၊ ဒါကြောင့် ကျွန်တော်တို့
ပါတီအနေနဲ့ ပြည်သူတွေနဲ့လွှတ်တော်ရဲ့ သဘောထားကို လေးစားလိုက်နာတဲ့အနေနဲ့
ဒီကော်မရှင်ရဲ့ဖြစ်တည်မှုနဲ့ လုပ်ဆောင်မှုတွေကို အသိအမှတ်မပြုပါဘူး” ဟု ရခိုင်အမျိုးသားပါတီ
(စစ်တွေ)မှ အတွင်းရေးမှူး ဦးအောင်သန်းဝေက ပြောသည်။

အဆိုပါကော်မရှင်အဖွဲ့သည် စစ်တွေမြို့သို့ မေလ ၉ ရက် နံနက်ပိုင်းတွင် ရောက်ရှိခဲ့ပြီး
မွန်းလွဲပိုင်းတွင် ပြည်နယ်အစိုးရအဖွဲ့တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး နေ့လည်ပိုင်းတွင်
ရခိုင်ပြည်နယ်အတွင်းရှိ ဒေသခံမီဒီယာသမားများနှင့်တွေ့ဆုံကာ သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့သည်။

ညနေပိုင်းတွင် နှစ်ဘက်လူ့အဖွဲ့အစည်းမှ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံဆွေးနွေးသွားမည်
ဖြစ်ကာ နောက်နေ့မနက်ပိုင်းတွင် ကော်မရှင်နှင့်တွေ့ဆုံ လိုသည့် အဖွဲ့များရှိပါက လက်ခံတွေ့ဆုံ
သွားမည်ဖြစ်ကြောင်း၊ အပြီးသတ်အစီရင်ခံစာ မတင်မီ ရခိုင်ပြည်နယ်သို့ အနည်းဆုံးတစ်ခေါက်
လာရောက် မည်ဖြစ်ကာ အစီရင်ခံစာကို ဒေါ်အောင်ဆန်းစုကြည်ထံပေးပို့ပြီးသည်နှင့် အများပြည်သူ
သိရှိစေရန် တစ်ပြိုင်နက်တည်း ထုတ်ပြန်သွားမည်ဖြစ်ကြောင်း ကော်မရှင်အဖွဲ့ဝင် ဦးဝင်းမြက
ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး