ရခိုင်ပြည်နယ်အတွင်း ဒုက္ခသည်စခန်းများ ပြန်လည်နေရာချထားရေး ငါးနှစ်အတွင်း အပြီးသတ် ဆောင်ရွက်မည်

ရခိုင်ပြည်နယ်အတွင်း ဒုက္ခသည်စခန်းများ ပြန်လည်နေရာချထားရေး ငါးနှစ်အတွင်း အပြီးသတ် ဆောင်ရွက်မည်

ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်စခန်းများ ပြန်လည် နေရာချထားရေး လုပ်ငန်းစဉ်ကို အစိုးရသက်တမ်း
ငါးနှစ်အတွင်း အပြီးသတ်ဆောင်ရွက်နိုင်ရန် ကြိုးစားသွားမည်ဖြစ်ကြောင်း လူမှုဝန်ထမ်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
ဒေါက်တာဝင်းမြတ်အေးက ယခုလ ရ ရက်တွင် မြန်မာတိုင်း(မ်)ကို ပြောသည်။

"နေရာချထားရေးကိစ္စကို မလုပ်ခင် စခန်းတွေအတွင်းမှာ ရှိတဲ့လူတွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို
အရင်လုပ်ရတယ်။ သူတို့ကို အမြဲတမ်းကူညီ ထောက်ပံ့နေလို့မရဘူး။ သူတို့ကိုယ်တိုင်
အသက်မွေးဝမ်းကျောင်းပညာ တတ်သွားရမယ်။ ဒါမှသာ ပြန်လည်နေရာချထားတဲ့ အချိန်မှာ
သူတို့တွေကို အလုပ်အကိုင် အခွင့်အလမ်းတွေ ဖော်ဆောင်ပေးလိုက်မယ်ဆိုရင် အခြေကျ
နေထိုင်လာနိုင်မယ်" ဟု ၎င်းက ပြောသည်။

ဒုက္ခသည်စခန်းများ ပြန်လည်နေရာ ချထားရေးလုပ်ငန်းများ အောင်မြင်ရေးတွင် ပြည်သူများ
လက်တွဲပါ၀င်ကူညီရန် လိုအပ်ပြီး ပြန်လည်နေရာချထားရေးလုပ်ငန်းများအတွက် ဒေသခံများနှင့်
ဆွေးနွေးပြီး အဆင်ပြေသည့် စခန်းများသို့ ရွှေ့ပြောင်းပေးလျက် ရှိကြောင်း ဒေါက်တာဝင်းမြတ်အေးက
ပြောသည်။

"နောက်ထပ်ကျန်တဲ့ စခန်းတွေကိုလည်း တဖြည်းဖြည်းနဲ့ ပိတ်သိမ်းသွားမှာပါ။ စစ်တွေမှာရှိတဲ့
စခန်းတွေကိုလည်း တဖြည်းဖြည်း ရွှေ့ပြောင်းသွားမှာပါ။ စခန်းတွေ ရွှေ့ဖို့အတွက် ဒေသခံတွေ၊
အဖွဲ့အစည်းတွေနဲ့ ဆွေးနွေးပြီးတော့ အဆင်ပြေတဲ့ နေရာတွေကို အရင်ရွှေ့နေတာဖြစ်ပါတယ်" ဟု
၎င်းက ပြောသည်။

ရခိုင်ပြည်နယ်တွင် ၂၀၁၂ ခုနှစ်အတွင်းက ဖြစ်ပွားခဲ့သော ပဋိပက္ခများကြောင့် နေအိမ်မြောက်မြားစွာ
မီးလောင်ပျက်စီးခဲ့ပြီး လူတစ်သိန်းနီးပါး နေအိမ်စွန့်ခွာ ထွက်ပြေးခဲ့ကြရပြီး ဒုက္ခသည်စခန်းများ၌
ရွှေ့ပြောင်း နေထိုင်ခဲ့ရခြင်းဖြစ်သည်။

ရခိုင်ပြည်နယ် အစိုးရအဖွဲ့က ထုတ်ပြန်ထားသည့် စာရင်းများအရ ၂၀၁၂ ခုနှစ်အတွင်းက
နေအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပြီး ဒုက္ခသည်စခန်းတွင် နေထိုင်နေကြရသူများအနက် ၂၀၁၇ ခုနှစ် အထိ
မိသားစု ရ,၀၀၀ ကျော်ကို ပြန်လည် နေရချထားပြီးဖြစ်သည်။

"တချို့ကို မူလနေရာပြန်လည်နေရာချ ထားပေးနိုင်ပေမဲ့ တချို့ကတော့ မူလနေရာမျိုး မဟုတ်ဘဲ
တစ်ရွာတည်းမှာစုပြီး ပြန်လည် နေရာချထားပေးထားတာဖြစ်ပါတယ်" ဟု ရခိုင်ပြည်နယ်အစိုးရအဖွဲ့
အတွင်းရေးမှူး ဦးတင်မောင်ဆွေက ပြောသည်။

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ဟောင်း မစ္စတာကိုဖီအာနန် ဦးဆောင်သော
ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်က ယခုနှစ်မတ်လအတွင်းက အကြံပြုချက် ၃၀ ပါ
ကြားဖြတ်အစီရင်ခံစာတစ်စောင်ကို ထုတ်ပြန်ခဲ့ပြီး ရခိုင်ပြည်နယ်အတွင်း ဖွင့်လှစ်ထားရှိသည့်
ဒုက္ခသည်စခန်းများကို အမြန်ဆုံး ပိတ်သိမ်းရန် ဆောင်ရွက်သင့်ကြောင့် အကြံပြုခဲ့သည်။

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်၏ အကြံပြုချက်အတိုင်း ကျောက်ဖြူ၊ ရမ်းဗြဲနှင့်
ပေါက်တောမြို့နယ်များရှိ ဘင်္ဂါလီ၊ ရခိုင်နှင့် ကမန်တိုင်းရင်းသား ဒုက္ခသည်စခန်းများကို ပိတ်သိမ်းရန်
စီစဉ်ဆောင်ရွက်လျက်ရှိရာ ကျောက်ဖြူမြို့နယ်ရှိ ရခိုင်ဒုက္ခသည်စခန်းများကို ဧပြီ ၂၇ ရက်က
စတင်ရွှေ့ပြောင်းလျက်ရှိကြောင်း ကျောက်ဖြူမြို့နယ် အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက
ပြောသည်။

အဆိုပါ ရခိုင်ဒုက္ခသည်စခန်းများရှိ ရခိုင်အိမ်ထောင်စု ၆၅ စုကို ကျောက်ဖြူမြို့နယ်အတွင်းရှိ
ပြင်ဖြူမော်ကျေးရွာသို့ ရွှေ့ပြောင်းပေးသွားမည်ဖြစ်ကြောင်း၊ ဘင်္ဂါလီဒုက္ခသည်စခန်းများကို
လတ်တလောတွင် ပိတ်သိမ်းရွှေ့ပြောင်းရန် မဆောင်ရွက်နိုင်သေးကြောင်း ၎င်းကပြောသည်။

ရခိုင်ပြည်နယ်မောင်တောခရိုင်ဒေသတွင်း ယမန်နှစ် အောက်တိုဘာ ၉ ရက်က ဖြစ်ပွားခဲ့သည့်
အကြမ်းဖက်မှုဖြစ်စဉ်များနှင့် နောက်ဆက်တွဲ ကိစ္စရပ်များကြောင့် ၂၀၁၂ ခုနှစ်က ဖြစ်ပွားခဲ့သည့်
ပဋိပက္ခဖြစ်စဉ်နောက်ပိုင်း ဆောင်ရွက်လျက်ရှိသော ပြန်လည်နေရာချထားရေး လုပ်ငန်းစဉ်များ
အပါအဝင် ဖွံ့ဖြိုးမှုအကောင်အထည်ဖော်ရေး လုပ်ငန်းစဉ်အချို့ ရပ်ဆိုင်းလုနီးပါး ဖြစ်ခဲ့ကြောင်း၊
ပြန်လည်နေရာချထားရေး လုပ်ငန်းများအပါအဝင် ကိုဖီအာနန် ကော်မရှင်၏ အကြံပြုချက်ပါ
အချက်များကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၏ လမ်းညွှန်ချက်နဲ့အညီ အလေးထားဆောင်ရွက်လျက်
ရှိကြောင်း ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးညီပုက ပြောသည်။

"ကျွန်တော်တို့ကတော့ ကော်မရှင်ရဲ့ ကြားဖြတ် အစီရင်ခံစာအပေါ် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့
သဘောထားအတိုင်းပါ။ ဖြစ်မြောက်အောင်တော့ ဆောင်ရွက်သွားဖို့ ရှိပါတယ်။ ပြည်ထောင်စုနဲ့
သက်ဆိုင်တဲ့ အချက်ကိုကျတော့ ကျွန်တော်တို့ကိုယ်တိုင် ဆောင်ရွက်နိုင်ခြင်းမရှိဘဲ ပြည်ထောင်စုနဲ့
ကော်မရှင်နဲ့ ပူးပေါင်းဆောင်ရွက်ခြင်း ဖြစ်ပါတယ်"ဟု ယခုလ ၉ ရက်က ရခိုင်ပြည်နယ်ဆိုင်ရာ
အကြံပေးကော်မရှင်အဖွဲ့ဝင်များနှင့် တွေ့ဆုံစဉ် ဦးညီပုက ပြောသည်။

ဒုက္ခသည် စခန်းများပြောင်းရွှေ့ရေးကို နေပြည်တော်နှင့် ရခိုင်ပြည်နယ် နယ်စပ်ရေးရာနှင့် လုံခြံုရေး
၀န်ကြီးက တိုက်ရိုက်ကိုင်တွယ် ခြင်းဖြစ်ပြီး ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် လုပ်ငန်းဆောင်ရွက်မှု
အသေးစိတ်ကို မသိရှိရကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။

"ရွှေ့ပြောင်းရေး အသေးစိတ် အချက်အလက်တွေကိုတော့ ကျွန်တော်တို့ အစိုးရအဖွဲ့အနေနဲ့
မသိပါဘူး။ သိရသလောက်ကတော့ ပြန်လည်နေရာချထားဖို့အတွက် အိမ်တွေဆောက်နေတယ်လို့
သိရပါတယ်" ဟု ရခိုင်ပြည်နယ် စည်ပင်သာယာရေးဝန်ကြီး ဦးမင်းအောင်က ပြောသည်။

မြေပြင်လက်တွေ့ အခြေအနေတချို့ကြောင့် ရမ်းဗြဲနှင့် ပေါက်တောမြို့နယ်အတွင်းရှိ
ဒုက္ခသည်စခန်းများကို လတ်တလောတွင် ရွှေ့ပြောင်းနိုင်ခြင်း မရှိသေးကြောင်း ရခိုင်ပြည်နယ်
အစိုးရအဖွဲ့ အဆင့်မြင့်တာဝန်ရှိသူတစ်ဦးက ပြောသည်။

"ရခိုင်ပြည်နယ်အတွင်းမှာရှိတဲ့ စခန်းအကုန်လုံးကို ဖျက်သိမ်းနိုင်အောင် ကြိုးစားလုပ်ဆောင်နေပါတယ်။
ဒါပေမဲ့ အဆင်မပြေနိုင်တဲ့ နေရာတွေ ရှိနေသေးတယ်။ ဒါတွေကိုတော့ မဖျက်သိမ်းသေးဘူး။
အဆင်ပြေတဲ့ နေရာတွေကိုပဲ ဖျက်သိမ်းနေတာဖြစ်ပါတယ်" ဟု ဦးတင်မောင်ဆွေက ပြောသည်။

၂၀၁၂ ခုနှစ် ဖြစ်ပွားခဲ့သည့် ပဋိပက္ခကြောင့် ဒုက္ခသည်စခန်းများ၌ နေထိုင်နေရပြီး လက်ရှိအချိန်အထိ
ပြန်လည်နေရာချ ထားနိုင်ခြင်းမရှိသေးသော စစ်တွေမြို့ပေါ်ရှိ ဒုက္ခသည်စခန်းများတွင်
နေထိုင်နေကြရသူများအနေဖြင့် မောင်တောအကြမ်းဖက်မှုဖြစ်စဉ်ကြောင့် ပြန်လည်နေရာချထားရေး
မျှော်လင့်ချက်မှာ ပိုမိုဝေးကွာသွားခဲ့ကြောင်း၊ အမြန်ဆုံးပြန်လည်နေရာချထားပေးနိုင်မည်ဟု
မျှော်လင့်ကြောင်း စစ်တွေမြို့ဘောဒူဘ ဒုက္ခသည်စခန်းရှိ အသက် ၅၇ နှစ်အရွယ် မာမွတ်ဆော်လိန်က
ပြောသည်။

"အကြမ်းဖက်မှုကို ကျွန်တော်တို့လည်း မထောက်ခံပါဘူး။ ဒါပေမဲ့ ဒါကကျွန်တော်တို့ အပေါ်မှာလည်း
ရိုက်ခတ်ခံရတာပါပဲ။ ပြန်လည်နေရာချထားပေးမယ်လို့တော့ မျှော်လင့်မိတာပါပဲ။ ဒီမိုကရေစီအစိုးရ
ဆိုတော့ ကျွန်တော်တို့ကို ကြည့်မယ်ထင်တာပါပဲ" ဟု ၎င်းကပြောသည်။

ကျောက်ဖြူ၊ ရမ်းဗြဲနှင့် ပေါက်တောမြို့နယ်တို့ရှိ စခန်းသုံးခုကို ဦးစွာဆောင်ရွက်လျက်ရှိပြီး
ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ထွက်ပြေး တိမ်းရှောင်သွားသူများအနက် ပြန်လာသူများကို
စာရင်းကောက်ယူလျက်ရှိကြောင်း၊ မီးလောင်ပြင်နေရာများတွင် ပြန်လည်နေရာချထားပေးနိုင်ရေး
အတွက် အဆောက်အအုံများ ဆောက်လုပ်ရန် ခန့်မှန်းငွေ တွက်ချက်လျက်ရှိပြီး တချို့နေရာများတွင်
ငွေချထားပေးပြီးဖြစ်ကြောင်း ဒေါက်တာ ၀င်းမြတ်အေးက ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး