လာမည့် ဩဂုတ်လကုန်ပိုင်းတွင် အပြီးသတ် တင်သွင်းရမည့် အစီရင်ခံစာအတွက်
ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်အဖွဲ့ဝင်များသည် ရဟန်းသံဃာနှင့်
အစ္စလာမ်ခေါင်းဆောင်များကို ရန်ကုန်မြို့တွင် တိတ်တဆိတ် တွေ့ဆုံခဲ့ပြီး၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့
အပါအဝင် ရခိုင်လူမှု အဖွဲ့အစည်းများနှင့်လည်း ယခုရက်သတ္တပတ်အတွင်း တွေ့ဆုံခဲ့သည်။
သက်ဆိုင်ရာ အဖွဲ့အစည်းပေါင်းစုံနှင့် တွေ့ဆုံပြီး ၎င်းတို့၏ အကြံဉာဏ်များကို အပြီးသတ်
အစီရင်ခံစာတွင် ထည့်သွင်းဖော်ပြခြင်းဖြင့် ပိုမိုပြီးပြည့်စုံသော အစီရင်ခံစာ ရေးသားရန်
အထောက်အကူပြုစေနိုင်ခြင်းကြောင့် ယခုလိုတွေ့ဆုံခဲ့ခြင်းဖြစ်ကြောင်း ရခိုင်ပြည်နယ်ဆိုင်ရာ
အကြံပေးကော်မရှင် အဖွဲ့ဝင်များက ပြောသည်။
"အပြီးသတ်အစီရင်ခံစာရေးဖို့အတွက် ရခိုင်ဘက်က အဖွဲ့အစည်းတွေ၊ လွှတ်တော်နဲ့ရော
အဖွဲ့အစည်း အားလုံးကို တွေ့မှဖြစ်မှာပါ။ ဒါကြောင့် စိတ်သဘောထား မတိုက်ဆိုင်တာရှိရင်၊
အကြံပြုချင်တာတွေရှိရင် ကျွန်တော်တို့ဘက်က ကြိုဆိုနေပါတယ်" ဟု အကြံပေးကော်မရှင်အဖွဲ့ဝင်
မစ္စတာဂါရစ် ဆန်ဆာလားမိက ပြောသည်။
မကြာသေးမီက ထုတ်ပြန်ခဲ့သည့် ကြားဖြတ်အစီရင်ခံစာနှင့် ပတ်သက်၍ ဖြစ်ပေါ်တိုးတက်မှုများကို
သိရှိနိုင်ရန်နှင့် ဩဂုတ်လတွင် ထုတ်ပြန်သွားမည့် အပြီးသတ် အစီရင်ခံစာအတွက်
သက်ဆိုင်သူများထံမှ အကြံပြုချက်များ ရယူရန် တွေ့ဆုံမှုများပြုလုပ်ခြင်းဖြစ်ကြောင်း ကော်မရှင်အဖွဲ့ဝင်
ဒေါ်စောခင်တင့်က ပြောသည်။
ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်၏ ကြားဖြတ်အစီရင်ခံစာအပေါ် လက်ခံသည့်
ရခိုင်အဖွဲ့အစည်းများရှိသလို လက်မခံသည့် အဖွဲ့အစည်းများလည်း ရှိကြောင်း၊ သို့သော် အစိုးရက
ထောက်ခံသည့်အပြင် မြေပြင်လက်တွေ့အခြေအနေများပေါ် မူတည်ပြီး အကောင်အထည်ဖော်
ဆောင်ရွက်သွားမည်ဟု ပြတ်ပြတ်သားသား သတင်းထုတ်ပြန်ခဲ့ခြင်းကြောင့် ကျေနပ်မိကြောင်း
ကော်မရှင်အဖွဲ့ဝင် တစ်ဦးဖြစ်သူ ဦးဝင်းမြက ပြောသည်။
"ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင်တွေနဲ့ တွေ့ဆုံတဲ့အခါလည်း အစီရင်ခံစာပါ အကြံပြုချက်တွေကို
စနစ်တကျ လုပ်ဆောင်နေတာ သိရလို့ အားရကျေနပ်မိပါတယ်" ဟု ဦးဝင်းမြက ဆိုသည်။
ကော်မရှင်အဖွဲ့ဝင်များသည် ယခုလ ၉ ရက်က စစ်တွေမြို့သို့ သွားရောက်ခဲ့ပြီး ရခိုင်ပြည်နယ်
အစိုးရအဖွဲ့တာဝန်ရှိသူများ၊ သက်ဆိုင်ရာ ဘာသာရေးခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့သည်။
ကော်မရှင်အဖွဲ့ကို တွေ့ဆုံလိုသည့် အဖွဲ့အစည်းများရှိပါက တွေ့ဆုံသွားမည်ဟု ကော်မရှင်က
ကြေညာခဲ့သော်လည်း မည်သည့်အဖွဲ့အစည်းကမျှ တွေ့ဆုံခဲ့ခြင်း မရှိပေ။
"အရင်ကတည်းက ဒီကော်မရှင်ကို ကျွန်တော်တို့ ရခိုင်အဖွဲ့အစည်းတွေက မတွေ့ဘူးလို့
ဆုံးဖြတ်ထားတာက တစ်ကြောင်း၊ နောက်တစ်ခုကတော့ သူတို့ရောက်တဲ့အခါလည်း ကျွန်တော်တို့ကို
တွေ့ဖို့အတွက် ဖိတ်ခေါ်တာမျိုး ကမ်းလှမ်းတာမျိုးလည်း မရှိပါဘူး။ ဒါကြောင့် မတွေ့ဖြစ်ခဲ့တာ
ဖြစ်ပါတယ်"ဟု ရခိုင်လူမှုအဖွဲ့အစည်းများ ကော်မတီနာယက ဦးသန်းထွန်းက ဆိုသည်။
အကြံပေးကော်မရှင်သည် အပြီးသတ် အစီရင်ခံစာတင်သွင်းမှု မတိုင်မီ ရခိုင်ပြည်နယ်သို့
ထပ်မံလာရောက်ဦးမည်ဖြစ်ကာ အစီရင်ခံစာကို ဒေါ်အောင်ဆန်းစုကြည် ထံ ပေးပို့ပြီးသည်နှင့်
အများပြည်သူ သိရှိစေရန် ထုတ်ပြန်သွားမည်ဟု ကော်မရှင်အဖွဲ့ဝင် ဦးဝင်းမြက ပြောသည်။
















